သင့် နှလုံးသား အပူမီးရှောင်လို့ အအေးဓာတ်လွှမ်းနိုင်စေဖို့ (ဒေါသ ထိမ်းချုပ်လိုသူများအတွက် အထူး)

0
1023

တစ်ခါတုန်းက ပင်ကိုယ် အရည်အသွေးတွေ၊ ဖန်တီးမှုတွေ နဲ့ ဥာဏ်ကောင်းပြီး ချောမောတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။ သဘာဝက ပေးထားတဲ့ ခေါင်းဆောင်လေး တစ်ယောက်ပေါ့။ ကလေး အတော်များများကလည်း သူခေါင်းဆောင်ပြီ ဆိုတာနဲ့ နောက်ကလိုက်ဖို့ အဆင်သင့် ဖြစ်နေကြတယ်။ ဒါပေမယ့် ကောင်လေးမှာ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး စိတ်ဆတ်တဲ့ အကျင့်ဆိုးတစ်ခုတော့ ရှိနေပါတယ်။ သူစိတ်တိုပြီ ဆိုတာနဲ့ သူ့အနားက လူတွေကို မာန်မဲမယ်၊ ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲမယ်။ ဒါတွေက သူလုပ်နေကျတွေပေါ့။ တစ်ကယ်တမ်း သူမြင်တာက သူ့အနားက အရာတွေက သူ့ကို စိတ်ရှုပ်စေတယ်ပေါ့။ အဲ့ဒီအချိန်မျိုးမှာ သူငယ်ချင်းတွေ၊ ဘာတွေ သူမသိတော့ပါဘူး။ ဒီတော့ တဖြည်းဖြည်းနဲ့ သူ့မှာ သူငယ်ချင်း မရှိသလောက် ရှားတာက အဆန်းမဟုတ်တော့ဘူးလေ။ ပြီးတော့ ပြောတတ်သေးတယ် “လူတော်တော်များများက အရူးတွေ” ဆိုပဲ။

သူကြီးပြင်းလာတဲ့အခါ သူ့မိဘတွေက သူ့အမူအကျင့်တွေနဲ့ ပတ်သတ်ပြီး စိုးရိမ်လာကြတော့တယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတာလဲ တွေးရခက် နေကြတော့တာပေါ့။ နောက်ဆုံးမှာ အဖေဖြစ်သူက အကြံတစ်ခု ရသွားတော့တယ်။ ပြီးတော့   သူ့သားနဲ့ အပေးအယူ လုပ်လိုက်တယ်။ သူက သားဖြစ်သူကို သံမှိုတွေထည့်ထားတဲ့ လွယ်အိတ်တစ်လုံးနဲ့ တူအကြီးကြီး တစ်ချောင်ပေးပြီး ပြောလိုက်တာက “ရော့ ဒါတွေ ယူထား။ မင်းစိတ်တိုတိုင်း စိတ်ကြိုက်ဖွင့်ထုတ်ဖို့ ဘာလုပ်ရမလဲသိလား၊ စိတ်တိုပြီ ဆိုတာနဲ့ သံတစ်ချောင်းကိုယူ၊ ပြီးရင် တူနဲ့ ခြံစည်းရိုးက ဝက်သစ်ချသား ပျဉ်ချပ်တွေ ထဲကို စိတ်ရှိလက်ရှိသာ ရိုက်ထည့်ပစ်ကွာ” တဲ့။

တစ်ကယ်တော့ အဲ့ဒီဝက်သစ်ချသား ပျဉ်ချပ်တွေက အနှစ်နှစ် အလလ ရာသီဥတုဒဏ် ကြံ့ကြံ့ခံထားတာဆိုတော့ သံလိုကို မာကျောနေပြီလေ။ ပြီးတော့ တူကလည်း အရမ်းလေးသေး။ ဒီတော့ တစ်ချက်ပြီး တစ်ချက်ရိုက်ရင်း ကြာလေ ရိုက်ရခက်လေ ဖြစ်လာတော့တာပေါ့။ ဒါပေမယ့်လည်း ပထမတစ်ရက် အကုန်မှာ ကောင်လေးက ခြံစည်းရိုးမှာ သံ ၃၇ ချောင်းရိုက်လိုက်တယ်။ စိတ်တိုတတ်တဲ့ ကောင်လေး တစ်ယောက်တည်းမို့ တော်တော့တာပေါ့။ ဒီအတိုင်းပဲ လုပ်သွားရင်း တစ်ပတ်လောက်ကြာလာတဲ့ အခါမှာတော့ တစ်ဖြည်းဖြည်းနဲ့ အရေအတွက်တွေ လျော့လာပါတော့တယ်။ စိတ်တိုတတ်တဲ့ စိတ်ကို ထိန်းရတာထက် အသားအမာကြီးထဲ သံဝင်အောင် တူအလေးကြီးနဲ့ ရိုက်ထည့်ရတာက ပိုပြီး ခက်ခဲတယ် ဆိုတာ သူသဘောပေါက်လာတယ် နေမှာပေါ့။ နောက်ဆုံးမှာတော့ ကောင်းလေးဟာ သူ့စိတ်ကို လုံးဝထိန်းနိုင်တဲ့ တစ်ရက် ရောက်လာပါတော့တယ်။ သူဟာ သူ့ကိုယ်သူ ဂုဏ်ယူပြီး သူ့အဖေကို ဒီအောင်မြင်မှုနဲ့ ပတ်သတ်လို့ အားရဝမ်းသာ ပြောပြတော့တာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူ့အဖေက “သားရဲ့ အောင်မြင်မှု သင်္ကေတ အဖြစ် သံတစ်ချောင်းချင်းစီ ပြန်နှုတ်တော့ကွာ။ ဒါပေမယ့် ဘယ်လိုအခါမှာ နှုတ်ရမလဲ ဆိုတော့ တစ်နေကုန် လုံးဝ စိတ်မတိုမိတဲ့နေ့တိုင်း တစ်ချောင်းစီ နှုတ်သွားရုံပဲ” ဆိုပြီး ထပ်ခိုင်းလိုက်ပါတယ်။

ဒ်ီလိုနဲ့ အချိန်အတော်ကြာတဲ့အခါမှာ ကောင်လေးက သူ့အဖေကို သံတွေအားလုံး နှုတ်ပြီး သွားပြီ ဆိုတာ သူ့ကိုယ်သူ ဂုဏ်ယူစွာနဲ့ ပြောပါတော့တယ်။ အလဲ့… သူတောင် တစ်နေကုန် စိတ်မတိုတဲ့ နေ့တွေ များလာပြီပေါ့။

အဲ့ဒီအချိန်မှာ အဖေဖြစ်သူက ခြံစည်းရိုးကို သေချာသွားကြည့်ကြမယ် ဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ သူပြောလိုက်တာက “မင်း အကောင်းဆုံးလုပ်နိုင်ခဲ့ပြီ ငါ့သား၊ ဒါပေမယ့် အဖေငါ့သားကို သိစေချင်တာက သံတွေ မရှိတော့ပေမယ့် ဒီခြံစည်းရိုးမှာ အပေါက်လေးတွေ ကျန်ခဲ့တယ် ဆိုတာပဲ။ အခုဘာတွေပဲ ဖြစ်ပါစေ ခြံစည်းရိုးကတော့ အရင်တိုင်း ပြန်မဖြစ်နိုင်တော့ဘူးလေ။ လူတွေမှာလည်း အဲ့ဒီလိုပဲပေါ့ကွာ။ ငါ့သားက စိတ်တိုတုန်း ဒေါသတွေ သူတို့အပေါ် ပုံချလိုက်ရော။ ပြီးမှ ဘယ်လောက်ပဲ တောင်းပန်ပါစေ အမာရွတ်တော့ ကျန်ခဲ့မှာပဲလေ။ ပြီးတော့ စိတ်ကို ဒဏ်ရာပေးတာက ခန္ဓာကိုယ်ကို ထိခိုက်စေတာထက် ပိုဆိုးတယ်။ လူ့တန်ဖိုးဆိုတာကလည်း ဒီခြံစည်းရိုးဟောင်းနဲ့ တစ်ခြားဆီပဲလေ။ လူတွေဆိုတာက တို့ကို ပြုံးပျော်အောင် လုပ်ပေးတယ်၊ အောင်မြင်မှုတွေရဖို့ ထောက်ပံ့ပေးတယ်။ တစ်ချို့ဆိုရင် သူငယ်ချင်း၊ မိတ်ဆွေ အရင်းအချာတွေ ဖြစ်လာပြီး အကောင်းအဆိုး တွေကိုတောင် မျှဝေ ခံစားပေး တတ်တဲ့အပြင် တို့ကို ယုံကြည်ပြီ ဆိုတာနဲ့ သွေးသားရင်းလို ရင်းနှီး နွေးထွေးလာတတ်တယ်မဟုတ်လား။ ဒါတွေကို မြင်ပြီး တို့ကလည်း လူတိုင်းအပေါ် ချစ်ခြင်းမေတ္တာတွေ၊ လေးစားတန်ဖိုးထားမှုတွေ ရှိဖို့တော့ လိုတာပေါ့ကွာ။ ဒီတော့ အတတ်နိုင်ဆုံး သူတို့ စိတ်မှာ အမာရွတ်မထင်အောင် လုပ်နိုင်သလောက် လုပ်သွားရမှာပဲလေ၊ ဟုတ်တယ်မလား ငါ့သားရ “ ။

အထက်ပါ အဖြစ်အပျက်လေးက အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာလေးပဲ မဟုတ်ပါလား။ ပြီးတော့ အချိန်တိုင်း ကိုယ့်ကိုယ်ကို သတိပေးနေဖို့ရော မသင့်ဘူးလား။ လူတိုင်းတော့ အခြေအနေအရ စိတ်တိုတတ်တာပဲလေ။ အဓိကက ကိုယ်ဘယ်လို စိတ်ထားမလဲ ၊ ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ။

ဒီတော့ ဥာဏ်အမြော်အမြင် ရှိရှိနဲ့ လူ့ပတ်ဝန်းကျင်၊ လူ့အသိုင်းအဝိုင်းက ခင်မင်မှုမေတ္တာတွေကို ဒေါသတွေနဲ့ တားဆီးနေမယ့် အစား အကြင်နာ တံတားလေးတွေ ခင်းပြီး ပေါင်းကူးဆက်သွယ် လိုက်ကြရင် မကောင်းပေဘူးလား… ။ ပရိတ်သတ်ကြီးရော… ။

ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။