ပြည့်ဝသော မေတ္တာရှင်

0
419

ကျွန်မရဲ့ အဖေက ဆွံ့အနားမကြားတစ်ယောက်…။ ကျွန်မကို အမြဲ အရှက်ရစေတဲ့ ဆွံ့အနားမကြားတစ်ယောက်ပေါ့။ ကျောင်းလိုက်ပို့တိုင်း ကျောင်းပေါက်ဝမှာ ဝူးဝူးဝါးဝါးနဲ့ ခြေဟန်လက်ဟန်နဲ့ စကားပြောရင်း ကျွန်မကို စာကြိုးစားဖို့ မှာတတ်တယ်။ သူငယ်ချင်းတွေက ဝိုင်းအုံကြည့်ပြီး ဟာသလုပ်ကြတဲ့အခါ အဖေ့လိုလူကို ဖခင်အဖြစ် ပိုင်ဆိုင်ထားတဲ့အတွက် ကျွန်မသိပ်ကို ရှက်ရတယ်။

ကျွန်မအတွက် ထမင်းချက်ရင်း၊ ထမင်းစားစာပွဲကိုပြင်ဆင်ရင်း “အများကြီးစားနော်” ဆိုတဲ့ အမူအရာနဲ့စကားပြောတာကြီးကို ကျွန်မသိပ်မုန်းတာပဲ။ ရပ်ကွက်ထဲက လူတွေကလည်း ကျွန်မနဲ့အဖေဖြတ်သွားတိုင်း ဝူးဝူးဝါးဝါးနဲ့ စကားတွေပြောတတ်တဲ့ အဖေ့ကို ရယ်ကြတယ်။ အဖေကတော့ ဘယ်သိပါ့မလဲ။ သူ့ကိုလှောင်ရယ်ကြတဲ့ စကားတွေကို ကြားရတဲ့ကျွန်မသာ အဖေ့အစားရှက်မိတယ်။

ကျွန်မလေ..

ဝူးဝူးဝါးဝါးအော် ခြေကားယား လက်ကားယားစကားပြောတတ်တဲ့

  • ကျွန်မမွေးနေ့ရောက်တိုင်း ဟတ်ပီးဘတ်ဒေးသီချင်းကို “ဂါးဂါးဂူးဂူး ဂူးဂူး” ဆိုပြီး သီဆိုတတ်တဲ့
  • ကျောင်းရှေ့ရောက်တိုင်း အမှာစကားတသီသတန်းမှာနေတတ်တဲ့
  • လမ်းဘေးမှာ တိုလီမုတ်စတွေရောင်းပြီး သူ့သမီးအထက်တန်းကျောင်းသူကြီး စာတော်တဲ့အကြောင်း ဘဝတူလမ်းဘေးဈေးသည်တွေကို လက်ဟန်ခြေဟန်နဲ့ ကြွားတတ်တဲ့
  • အဝတ်အစား ကပိုကယိုဝတ်ထားပေမဲ့ ကျွန်မလက်ကိုကိုင်ဆွဲပြီး ဂုဏ်ယူဝံ့ကြွားစွာ ကျောင်းကိုလိုက်ပို့ပေးတတ်တဲ့ အဖေ့လို ဖခင်မျိုးကို ကျွန်မမလိုချင်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မလိုချင်တာက…

  • သူငယ်ချင်းတွေအားလုံးရှေ့မှာ ဂုဏ်ယူဝံ့ကြွားရတဲ့  ရုပ်ရည်သန့်သန့်ဖခင်တစ်ယောက်…
  • အနေအထိုင်အဆင့်မြင့်ပြီး စကားပြောကျွမ်းကျင်တဲ့ ဖခင်တစ်ယောက်…
  • ကျွန်မရဲ့ ရင်ထဲကစကားတွေကို နားထောင်ပေးနိုင်ပြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့ဖခင်တစ်ယောက်..

ကျွန်မလေ ကျွန်မကိုအမြဲ အရှက်ရစေတဲ့ အဖေနဲ့လက်တွဲပြီးကျောင်းထဲက ထွက်မလာချင်ဘူး။ ဒါကြောင့် တစ်နေ့မှာ ကျောင်းဆင်းချိန် အဖေလာမကြိုခင်မှာ ကျွန်မအပြေးအလွှားပြန်လာခဲ့တယ်။ ကျွန်မနောက်က အပြေးအလွှားလိုက်လာတဲ့ အဖေ့ကိုတွေ့ပြီး ကျွန်မခြေလှမ်းတွေကို သွက်နိုင်သမျှသွက်အောင် လျှောက်လာခဲ့မိတယ်။ အဖေမီလာမှာ စိုးရိမ်ပြီး တွေးပူနေခဲ့တဲ့ကျွန်မ အရှေ့မှာ အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားကိုတော့ မမြင်နိုင်ခဲ့ဘူး။

အဖေ့ကိုရှောင်ပြေးရင်းပြေးလာတဲ့ ကျွန်မ ဒုံးဆိုတဲ့ အသံရဲ့ နောက်မှာတော့ ဘာကိုမှ မသိတော့ဘူး။ ကျွန်မသတိရလာချိန်မှာတော့ ဆေးရုံတစ်ခုမှာ ဆေးပုလင်းတွေအများကြီး ချိတ်လျက်သားနဲ့ရောက်နေတာကို တွေ့လိုက်ရတယ်။  မကြာမီမှာပဲ ဆရာဝန်ကြီးရောက်လာပြီး ကျွန်မကို စစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီး…

“ကလေးမရေ… ကလေးမ သတိမေ့နေတဲ့အချိန်မှာ ကလေးမရဲ့ အဖေ ပြာယာခပ်နေတာပဲ။ သူ့ပြောတဲ့စကားတွေကို ဆရာတို့သေချာနားမလည်ပေမဲ့ မေတ္တာရဲ့ အတိုင်းအထွာကိုမြင်ပြီး ဆရာဝန်တွေ၊သူနာပြုတွေအားလုံး မျက်ရည်ဝဲရတယ်။ သွေးလိုတော့လည်း သူ့သွေးတွေအကုန်လုံးဖောက်ထုတ်ပြီး ကလေးမကိုပေးပါလို့ ဝူးဝူးဝါးဝါးနဲ့ ပြောနေရှာတာ။ သွေးသွင်းပြီးသွားလို့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူးလို့ပြောတာတောင် တစ်ချက်ကလေးတောင် မနားဘဲ ကုသခန်းရှေ့မှာ တစ်ညလုံးထိုင်နေခဲ့တယ်။ သမီးသတိမရသေးတာက လန့်သွားတဲ့အရှိန်ကြောင့်လို့ပြောတာလည်းမရဘူး သမီးရေ။ သမီးအဖေက သိပ်ကိုခေါင်းမာတဲ့သူတစ်ယောက်ပဲ။ အခုတော့ သွေးလှူထားတဲ့အရှိန်ရယ် ပင်ပန်းတဲ့အရှိန်ရယ်ပေါင်းပြီး မူးလဲသွားလို့ ဟိုဘက်အခန်းထဲမှာ ဆေးပုလင်းချိတ်ပြီး နားခိုင်းထားတယ်။ သမီးသတိရလာပြီဆိုတာသိရင်ပြေးလာမှာ မြင်ယောင်သေးတယ်။ သူဆေးကုန်သွားတာနဲ့ သမီးဆီလွှတ်လိုက်မယ်နော်” လို့ပြောပြီး ထွက်သွားတော့တယ်။

ကျွန်မလေ… ငယ်ငယ်ကကျွန်မဖျားတိုင်း ပြုစုပေးတတ်တဲ့အဖေ့ရဲ့ ပုံစံ၊ အမေဆုံးပြီးကတည်းက ကျွန်မကိုလိုအပ်ချက်တွေမရှိအောင် ဖြည့်စွမ်းပေးခဲ့တဲ့ အဖေ့ပုံစံကို မြင်ယောက်လာရင်း အဖေ့အပေါ်မတူမတန်သလို ဆက်ဆံခဲ့မိတာတွေကိုတွေးပြီး နောင်တမျက်ရည်တွေ ကျလာမိတော့တယ်။ တကယ်တော့လေ မိဘဆိုတာ အားနည်းချက်တွေရှိပေမဲ့ ကျွန်မတို့အပေါ်ခြွင်းချက်မဲ့ ချစ်တတ်တဲ့သူဆိုတာ ကျွန်မ သိလာခဲ့ပြီ။