ပြန်ပြင်လို့မရတဲ့ နောင်တဆိုတာ…

0
893

ကျွန်တော့် အထက်တန်းကျာင်းသား (၉) တန်း ဘဝမှာပေါ့ ။ English စာသင်ခန်းထဲမှာ ကျွန်တော်နဲ့ ကပ်လျှက်မှာ ထိုင်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူမက ကျွန်တော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။

ကျွန်တော်က သူမရဲ့ ပျော့ပျောင်း နူးညံ့တဲ့ ဆံကေသာလေးတွေကို တိတ်တခိုး စွဲလမ်းခဲ့ရသူပါ။ သူမကတော့ သတိထားမိမှာတောင် မဟုတ်ပါဘူး။ တခါတလေ အတန်းပြီးတဲ့အခါ သူမ မမှီလိုက်တဲ့ စာတွေအတွက် ကျွန်တော့ဆီကို စာအုပ်တွေ လာငှားလေ့ရှိတယ်။ ကျွန်တော်ပေးလိုက်တဲ့အခါ ကျွန်တော့် ပခုံးလေးကို ဖက်ပြီး နှုတ်ဆက်တတ်တယ်။

အဲဒီ အချိန်မှာ ကျွန်တော် အပြောချင်ဆုံးစကားက ” ငါနင့်ကို သူငယ်ချင်း သံယောဇဉ်ထက် ပိုနေမိပြီ။ ငါနင့်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ငါပြောမထွက်ခဲ့ဘူး။ ဘာလို့လည်းတော့ ငါမသိဘူး။ ငါအရမ်းရှက်နေတာပဲ သိတယ်။ ” ဆိုတာပါပဲ။

ကျွန်တော် (၁ဝ) တန်းရောက်တဲ့ နှစ် မှာပါ။ မနက်အစောကြီး သူမ ဖုန်း ဆက်လာခဲ့တယ်။ အဲဒီအချိန် သူမ ဝမ်းနည်း ပက်လက် ငိုကြွေးနေခဲ့တယ်။ သူ့ကောင်လေးကြောင့် သူကြေကွဲ ခံစားနေရတယ်တဲ့။ ကျွန်တော့ကို သူ့ဆီလာခဲ့ဖို့ တောင်းဆိုတယ်။ သူတစ်ယောက်ထဲ အရမ်းအထီးကျန်နေလို့ တဲ့လေ။ ကျွန်တော်လည်း သူမရှိတဲ့ဆီ ချက်ချင်း လိုက်သွားလိုက်တယ်။ ပြီးတော့ သူငိုနေတာ နှစ်သိမ့်ပေးရင်း သူမသာ ကျွန်တော့ ချစ်သူဖြစ်လိုက်ရင် ဘယ်လောက် ကောင်းမလဲဆို တွေးနေမိတယ်။ သူမ ကျွန်တော့ကို မျက်ရည်တွေ ကြားက ပြုံးပြရင်း ကျေးဇူးတင်ကြောင်းပြောတယ်။ ပြီးကျွန်တော့ ပါးလေးကိုတစ်ချက်နမ်းတယ်။

အဲ ဒီအချိန်မှာ ကျွန်တော်အပြောချင်ဆုံးစကားက ” နင်အခုလိုမျိုး နာကျင်ကြေကွဲနေချိန်တွေ အတွက် နင့်နားမှာ တစ်သက်လုံး ရှိနေပေးချင်လိုက်တာ။ ငါ နင့်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ငါပြောမထွက်ခဲ့ဘူး။ ဘာလို့လည်းတော့ ငါမသိဘူး။ ” ဆိုတာပါပဲ။

ပထမနှစ်ရောက်တဲ့အချိန်မှာ အဲဒီနေ့က ကျွန်တော်တို့ကျောင်း မောင်မယ်သစ်လွင် ကြိုဆိုပွဲနေ့ပါ။ သူမ ကျွန်တော့ဆီ ရောက်လာခဲ့တယ်။ “ငါ့ကောင်လေးက ဒီနေ့ နေမကောင်းဖြစ်နေတယ်။ သူလာနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငါတို့ အတူတူ သွားကြမယ်လေ ” ဆို ကမ်းလှမ်းလာခဲ့ပါတယ်။ ကျွန်တော်တို့ ကတိရှိခဲ့ကြဖူးတယ်။ အကယ်၍ ဒီလိုအခြေအနေမျိုးတွေ ကြုံလာခဲ့ရင် တစ်ယောက်အတွက် တစ်ယောက် အဆင်သင့်ရှိပေးရမယ် ဆိုပြီးတော့ပေါ့။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် အဲဒီညက ပွဲကို အတူတူ တက်ဖြစ်ကြတယ်။ ပြန်လာကြတော့ သူ့ကိုလိုက်ပို့ရင်း သူမ အိမ်တံခါးဝမှာ ကျွန်တော်သူ့ကို ပြုံးပြီး ငေးကြည့်နေမိတယ်။ သူမကလည်း မျက်လုံးရွဲကြီးတွေနဲ့ ကျွန်တော့ကို ပြန်ကြည့်နေတယ်။ ပြီးတော့ သူမ ” ငါ ဒီည အရမ်းပျော်ခဲ့ရတယ်။ ရှိနေပေးတာ ကျေးဇူးပါ ” ဆိုပြီး ကျွန်တော့ ပါးလေးကို တစ်ချက် နမ်းသွားခဲ့တယ်။

အဲဒီအချိန်မှာ ကျွန်တော်အပြောချင်ဆုံးစကားက ” ငါနင်နဲ့ ဒီလိုပွဲမျိုးတွေကို အမြဲ ဆင်နွှဲသွားချင်တာပါဟာ။ ငါနင့်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ငါပြောမထွက်ခဲ့ဘူး။ ဘာလို့လည်းတော့ ငါမသိဘူး။ ” ဆိုတာပါပဲ။ ဘွဲ့ယူတဲ့နေ့မှာ။ တစ်ယောက်နဲ့ တစ်ယောက် အချိန်တွေ အကြာကြီးနေမှ ပြန်ဆုံဖြစ်ကြတယ်။ သူမ ရဲ့ ယုံကြည်မှုအပြည့်နဲ့ ဘွဲ့ယူနေတဲ့ ပုံလေးဟာ နတ်သမီးလေး တစ်ပါး နတ်သက်ကြွေလာသလား အောက်မေ့ ရပါတယ်။ ကျွန်တော်များ သူမကို ပိုင်ဆိုင်ခွင့် ရခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲဆို တွေးနေမိတယ်။ သူမကတော့ ကျွန်တော်သူမကို ချစ်နေတာ သတိတောင် ထားမိမှာ မဟုတ်ပါဘူး။ အားလုံး အိမ်ပြန်ခါနီး နှုတ်ဆက်ကြတော့ သူမ ကျွန်တော့ဆီ ရောက်လာတယ်။ ပြီးတော့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် သိုင်းဖက်ပြီး နှုတ်ဆက်ကြတယ်။ မျက်ရည်တွေလည်း ဝဲလို့ပေါ့။ သူမ ကျွန်တော့ ရင်ခွင်ထဲကနေ မော့ကြည့်ရင်းပြောတယ်။ ” နင်ဟာ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါ။ အရာအားလုံးအတွက် နင့်ကိုကျေးဇူး တင်ပါတယ်။” တဲ့။

ကျွန်တော် ပြောပြချင်လိုက်တာ ” ငါ နင့်ဘေးနားမှာ ထာဝရ အဖော်မွန် အဖြစ် တစ်သက်လုံး ရှိသွားချင်တာပါဟာ။ ငါနင့်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ငါပြောမထွက်ဘူး။ ခုချိန်ထိ။ ဘာလို့လည်းတော့ ငါမသိဘူး။ ” ဆိုပြီးတော့ပေါ့။

ဒီနေ့က သူမ မင်္ဂလာဆောင်တဲ့နေ့ပါ။ သူမက ကျွန်တော်မဟုတ်တဲ့ အခြား တစ်ယောက်နဲပ ဘဝသစ်တစ်ခုကို ထူထောင်တော့မယ်။ ကျွန်တော် အဲဒီသတို့သားနေရာမှာ ဖြစ်ရရင် ဘယ်လောက်ကောင်းမလဲ လို့တွေးနေမိတယ်။ ခဏနေတော့ သူမ ကျွန်တော့ဆီ ရောက်လာတယ်။ သူမဝမ်းသာအားရနဲ့ ” နင်ရောက်လာသေးတယ်နော်။ ကျေးဇူးပါဟာ ” ဆို ပြောပြီး ကျွန်တော့ပါးကို တစ်ချက်နမ်းပြီး နှုတ်ဆက်ပြန်တယ်။

ကျွန်တော် သူမကို ကျွန်တော့ ခံစားချက်တွေ အားလုံး ဖွင့်ချပြချင်လိုက်တာဗျာ။ ” ငါ အခုနင့်ကို ဆုံးရှုံးရတော့မယ်။ ငါနင့်နဲ့ အတူ ဘဝတစ်ခု ထူထောင်ဖို့ စိတ်ကူးယဉ်ခဲ့သူပါ။ ငါနင့်ကို အရမ်းချစ်တယ်။ ဒါပေမယ့် ငါပြောမထွက်ဘူး ခုချိန်ထိ။ ဘာလို့လည်းတော့ ငါမသိဘူး။ ” ဆိုပြီးတော့ပေါ့။

ဒီနေ့ကတော့ သူမရဲ့ ဈာပနနေ့လေးပါ။ နှစ်တွေ အတော်ကြာခဲ့ပြီလေ။ သူမ ရုပ်အလောင်းထည့်ထားတဲ့ အခေါင်းလေးကို ကြည့်ပြီး ကျွန်တော် ဝမ်းနည်းနေခဲ့တယ်။ အဲဒီအချိန်မှာပဲ လူတစ်ယောက်က သူမကျောင်းသား ဘဝက ရေးထားတဲ့ ဒိုင်ယာရီကို ဖွင့်ပြီး ဖတ်တယ်။ “ကျွန်မ သူ့ကို တစ်ချိန်လုံး ငေးကြည့်နေမိခဲ့တယ်။ သူကတော့ သတိတောင် ထားမိမှာ မဟုတ်ပါဘူး။ ကျွန်မသူ့ကို သိစေချင်လိုက်တာ သူ့ကို ကျွန်မ သူငယ်ချင်းသံယောဇဉ်ထက် ပိုနေမိပြီ ဆိုတာကိုလေ။ ပြီးတော့ ကျွန်မသူ့ကို အရမ်းချစ်နေတယ် ဆိုတာကိုပေါ့။ သူကျွန်မကို ချစ်တယ်လို့ ပြောလာရင် သိပ်ကောင်းမှာပဲ ” တဲ့။

ကျွန်တော် စိတ်ထဲကနေ ” ငါလည်း နင့်လိုပါပဲ။” ဆိုပြီး ဝမ်းနည်း ပက်လက် ပြောလိုက်မိတယ်။ အဲဒီနောက်မှာတော့ လုံးဝထိန်းလို့ မရတော့ဘဲ ကျွန်တော် ရှိုက်ကြီးတငင် ငိုမိတယ်။ အရမ်းကို ကြေကွဲစရာကောင်းတဲ့ အဖြစ်အပျက်လေးပါ။ ကဲ ဂန္ထဝင်ပရိသတ်ကြီးရေ တစ်ယောက်ကိုတစ်ယောက်က ချစ်မြတ်နိုးတယ် ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ ဒါကြောင့် တစ်စုံတစ်ယောက်ကို တကယ်ချစ်မြတ်နိုးနေပြီဆို ဖွင့်ပြောဖို့ ရှက်ရွံ့မနေပါနဲ့။ ကိုယ်မပြောဖြစ်လိုက်တဲ့ စကားတွေအတွက် အခုလိုမျိုး ပြန်ပြင်လို့ မရတော့တဲ့ အမှားတွေ ကျူးလွန်မိရင် ဘဝတစ်လျှောက်လုံး နောင်တတွေနဲ့ပဲ အဖော်ပြုသွားရနိုင်ပါတယ်။ ချစ်ခြင်းတွေနဲ့ သာယာလှပတဲ့ ကမ္ဘာတစ်ခု ဖြစ်စေဖို့ ဆန္ဒပြုလျှက် ဂန္ထဝင်မှ တင်ဆက်သည်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။