သမီးလေးအတွက် – မိတ်ဆွေကောင်း ရရှိဖို့ အကြံပေးဆုံးမစာ

blank

ဒီနေ့ခေတ်ကြီးထဲမှာ မိတ်ဆွေဖွဲ့တယ်ဆိုတာက ပြောသလောက် မလွယ်ကူတော့ပါဘူး သမီးရယ်။ ဒါပေမယ့်သမီး မိတ်ဆွေဖွဲ့ဖို့နဲ့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ဖို့က အရေးကြီးပါတယ်။ တခါတရံမှာ မေမေတို့အားလုံးက အကူအညီလိုအပ်ကြတယ် မဟုတ်လား။ တခါတလေကျတော့လည်း သူတစ်ပါ့းကမေမေတို့အကူအညီကို လိုအပ်ကြပါတယ်။ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ဖို့ဘယ်လိုနေထိုင်ရမယ် ဆိုတာကို သိနားလည်တယ်ဆိုတာက မိတ်ဆွေကောင်းတွေ ရရှိဖို့အကောင်းဆုံးနည်းလမ်းပါပဲ။

၁။သူငယ်ချင်းအတွက် အမြဲအချိန်ပေးပါ။

သမီးလေး စစ်မှန်တဲ့ အပေါင်းအသင်းမိတ်ဆွေဆိုတာ အရေအတွက်မဟုတ်ပါဘူး၊ တန်ဖိုးတစ်ခုဆိုတာ အမြဲအမှတ်ရပါ။ ဒါကြောင့် အပေါ်ယံပေါင်းတဲ့ အပေါင်းအသင်း (၃၀)လောက်ကို စက္ကန့် (၂၀)စီလောက် အချိန်ပေးနေမယ့်အစား သမီးအတွက်လည်း အချိန်ပေးနိုင်မယ့် သူငယ်ချင်းတွေကို ရွေးချယ်ပြီး သူတို့အတွက် အချိန်ပေးဖို့ ကြိုးစားပါ။ တွေ့ဆုံကြဖို့အတွက် ကြိုတင်စီစဉ်ပါ။ သမီးမှာ အချိန်အကျပ်အတည်းရှိတဲ့အခါ သူငယ်ချင်းတွေကို မက်ဆေ့ခ်ျလေးပို့ပြီး သတိရကြောင်း အသိပေးရမှာပေါ့။ ဒီလိုသတိရစာလေးတွေကို သမီးလက်ခံရရှိတယ်ဆိုရင် သမီးရဲ့စိတ်ဖိစီးနေရတဲ့ တစ်နေတာကိုတောင် တောက်ပသွားစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။စိတ်ထဲမှာ မှတ်ထားတာတွေ မလုပ်ပါနဲ့။

စစ်မှန်တဲ့ မိတ်ဆွေတွေဆိုတာက အသွားအပြန်ရှိရမယ်။ သမီးဘက်ကပဲ အမြဲရယူနေတာမျိုး မဖြစ်စေပါနဲ့။ သူငယ်ချင်းဆီက တစ်ခုခုအလိုရှိမှ ဆက်သွယ်တာမျိုးလည်း မလုပ်ပါနဲ့။ ဒီလိုအပြုအမူလေးတွေက သူငယ်ချင်းသံယောဇဉ်ကို ထိခိုက်စေနိုင်ပါတယ်။ သူငယ်ချင်းက အကူအညီမတောင်းခင်၊ သူငယ်ချင်းက စတင်ပြောမလာခင် သူ့အတွက် သမီးက အမြဲတမ်းပေးဆပ်မယ့်သူ၊ သူငယ်ချင်းကိုဦးစားပေးတဲ့သူ ဖြစ်ရမှာပေါ့။ အမှန်တကယ်ပေးဆပ်ခြင်းက ရယူခြင်းထက် ပိုပြီးစိတ်အေးချမ်းပါတယ်။

၃။လက်ရှိအချိန်လေးမှာ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်နေရမယ်။

သူငယ်ချင်းနဲ့ သမီးတူတူရှိနေတဲ့အခါ တူတူရှိနေတဲ့ အချိန်လေးကို တန်ဖိုးထားပါ။ တူတူညစာစားနေတဲ့အခါ သမီးဖုန်းကိုပဲ (၅)မိနစ်တစ်ခါ ထုတ်ကြည့်နေတာမျိုးတွေ သူငယ်ချင်းစကားကို နားမထောင်တတ်တဲ့အကျင့်လေးတွေ မဖြစ်စေပါနဲ့။ သမီးခံစားချက်တွေကိုလည်း သူငယ်ချင်းမသိအောင် ဖုံးကွယ်မထားပါနဲ့။ မိတ်ဆွေစစ်ရဲ့ အကျိုးရလဒ်တစ်ခုက ခံစားချက်တွေကို အချင်းချင်း မျှဝေနိုင်ပြီး တစ်ယောက်ခံစားချက်ကို တစ်ယောက်က ထိန်းသိမ်းပေးထားတယ်လေ။

၎။သမီးလေးရဲ့ အတ္တက သမီးကိုထိန်းချုပ်နေတာမျိုး အဖြစ်မခံပါနဲ့။

အတ္တဆိုတာက အရမ်းအစွမ်းထက်တယ် သမီး။ ဒါကိုသမီး မျှမျှတတကိုင်တွယ်နိုင်အောင် ကြိုးစားရမယ်။ သမီးခံစားချက်၊ သမီးအပြုအမူ၊ သမီးစိတ်ဓာတ်တွေကို ထိန်းသိမ်းစောင့်ရှောက်မှ တခြားလူတွေလည်း ဒါတွေကိုထိန်းသိမ်းနိုင်အောင် သမီးကူညီနိုင်မှာပေါ့။ မိတ်ဆွေစစ်နဲ့ ခရီးလမ်းတစ်လျှောက်မှာ အရာရာ သမီးကိစ္စတွေပဲ မဖြစ်စေပါနဲ့။

၅။သမီးသူငယ်ချင်းရဲ့ အခြေအနေကို မထောက်ခံရင်တောင် သူငယ်ချင်းကိုတော့ အားပေးထောက်ခံပါ။

မေမေပြောပြတဲ့ အကြောင်းအရာတွေထဲမှာ ဒီအချက်က တန်ဖိုးရှိပြီး အသုံးဝင်တဲ့ အချက်တစ်ချက်ပါပဲ သမီး။ သမီးသူငယ်ချင်း ရွေးချယ်မှုတွေထဲမှာ သမီးသဘောမတူညီတာတွေ အများကြီးရှိမှာပါ။ ဥပမာ- သူငယ်ချင်းရဲ့ အချစ်ရေး သို့မဟုတ် ဘဝအခြေအနေတစ်ခုခုပေါ့။ သူငယ်ချင်းကို ထောက်ခံအားပေးတယ်ဆိုတာက သူငယ်ချင်းရွေးချယ်မှုတွေအားလုံးကို သဘောတူဖို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူငယ်ချင်းအပေါ်ထားတဲ့ သံယောဇဉ်ကတော့ အရင်အတိုင်း ရှိနေရမယ် သမီး၊ ကိုယ့်သူငယ်ချင်းကို အရင်လိုပဲဆက်ခင်ရမှာပေါ့။ သူငယ်ချင်းရွေးချယ်မှုကို မနှစ်သက်ပေမယ့် သူငယ်ချင်းအတွက် အရင်လိုပဲထောက်ခံနေပါတယ်၊ ခင်တွယ်နေပါတယ် ဆိုတာမျိုး ဖြစ်နေရမယ်သမီး။ သူငယ်ချင်းက ခက်ခဲတဲ့လမ်းကို ရွေးချယ်ခဲ့ပြီးတဲ့အခါမှာ သူငယ်ချင်းကို ဖိအားသွားပေးတာက သူငယ်ချင်းကို ကူညီရာမရောက်ဘူး သမီး။ ဒါကြောင့် “ငါပြောခဲ့သားပဲ” ဆိုတဲ့စကားမျိုးကို ရှောင်ရမယ်နော်။

၆။ဘဝခရီးလမ်း ကြမ်းတမ်းတဲ့အခါ သူငယ်ချင်းကို မပစ်ပယ်ပါနဲ့။

လူတိုင်းလူတိုင်း ဘဝမှာ အခက်အခဲတွေဆိုတာ ကြုံတွေ့ရတာပါပဲ သမီး။ သမီးမှာ အခုချိန်ထိ တော်တော်ကြီး ခက်ခဲတဲ့ နှစ်တစ်နှစ်ကို မကြုံတွေ့ခဲ့သေးဘူးဆိုရင်လည်း အရာရာကို ကြိုတင်စီစဉ်မထားနိုင်ပါဘူး။ စစ်မှန်တဲ့မိတ်ဆွေတစ်ယောက် ဘေးမှာရှိနေတာက ခံနိုင်ရည်စမ်းသပ်တဲ့ လောကကြီးမှာ အခက်အခဲတွေအားလုံးကို သမီးကျော်လွှားစေနိုင်ပါတယ်။ ဒီလိုပါပဲ သမီးသူငယ်ချင်းလည်း တူတူပဲပေါ့။ သမီးသူငယ်ချင်းရဲ့ အခက်အခဲတွေအားလုံးကို တစ်ယောက်တည်းကျော်လွှားရတာမဟုတ်ဘဲ သမီးကလည်း ဘေးကကူညီပေးရမှာပေါ့။

၇။အရှိအတိုင်းအားလုံးကို လက်ခံပါ။

လုံးဝပြီးပြည့်စုံတဲ့လူမှ မရှိတာ သမီး၊ ဒါကြောင့် မဖြစ်နိုင်တဲ့ ပြီးပြည့်စုံခြင်းတွေကို သမီးမမျှော်လင့်ပါနဲ့။ သမီးသူငယ်ချင်းလည်း အပြစ်အနာအဆာဆိုတာ ရှိမှာပဲလေ။ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ သူငယ်ချင်းရဲ့ အရှိကိုအရှိအတိုင်း လက်ခံလိုက်ပါ။ သမီးအရှိအတိုင်းကိုလည်း သူငယ်ချင်းကို မြင်ခွင့်ပေးပါ။ ဒါမှ သမီးတို့အချင်းချင်း အမှန်တရားကို ပိုင်ဆိုင်နိုင်မှာပေါ့။ တစ်ယောက်အကြောင်းတစ်ယောက် သိမယ်၊ တစ်ယောက်ကိုတစ်ယောက် မြတ်နိုးမယ်၊ စစ်မှန်တဲ့မိတ်ဆွေသံယောဇဉ်ကို ပွင့်လင်းရိုးသားစွာ ခံစားတန်ဖိုးထားနိုင်မှာပေါ့။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။