မင်္ဂလာမဆောင်ခင် တစ်ပတ်အလိုမှာ ရှောင်ရှားသင့်တဲ့ အချက် (၈)ချက်

blank

သင်လက်ထပ်မယ့်နေ့ ရောက်ဖို့ နီးလေလေ လုပ်စရာအလုပ်တွေ တော်တော် များလေပါပဲ။ အလုပ်များနေပေမယ့်လည်း လှချင်တဲ့ စိတ်ကြောင့် မျက်နှာပေါင်းတင်တာတို့၊ မင်္ဂလာဆောင်ကာနီး ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းကို အိပ်ရေးပျက်ခံ ကြည့်နေတာတွေဟာ မလုပ်သင့်တဲ့ အလုပ်တွေပါ။ ဒါ့ကြောင့် မင်္ဂလာမဆောင်ခင်မှာ ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို အားလုံးသိအောင် ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ဆံပင်အရောင်ပြောင်းခြင်း ရှောင်ကြဉ်ပါ။

ကိုယ့်ကို ဆေးဆိုးပေးမယ့်ဆရာက ဘယ်လောက်ကျွမ်းကျင်တဲ့သူပဲဖြစ်ဖြစ် မင်္ဂလာမဆောင်ခင် တစ်ပတ်အတွင်းမှာတော့ ဆံပင်ဆေးမဆိုးလိုက်ပါနဲ့။ ဆံသားနဲ့ ကိုယ်ရွေးချယ်တဲ့အရောင် ပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရောင်ပြောင်းလာမလဲဆိုတာ ကြိုပြောလို့မရသလို၊ ကိုယ့်အသားအရည်နဲ့ လိုက်မလိုက်ကလည်း သေချာသိတာ မဟုတ်တော့ ဒါမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ဆံပင်သိသိသာသာ ညှပ်လိုက်ခြင်း ရှောင်ကြဉ်ပါ။

ဆံပင်ညှပ်လိုက်တဲ့အခါ ဆံသားရော၊ ဆံပင်ပုံစံပါ ပြောင်းသွားတဲ့အပြင် တအားတိုသွားရင် မင်္ဂလာဝတ်စုံတွေ၊ လက်ဝတ်လက်စားတွေနဲ့ လိုက်ဖက်တော့မှာမဟုတ်ဘူးလေ။ ပျက်စီးနေတဲ့ ဆံနွယ်အဖျားတွေ တိချင်တယ်ဆိုရင်လည်း တစ်လက်လောက်ကြိုပြီး တိထားတာကောင်းပါတယ်။ ဆံပင်တိတာပဲလုပ်ပါ၊ ညှပ်တာကိုတော့ ရှောင်တာကောင်းပါတယ်။

၃။လေ့ကျင့်ခန်း အသစ်အဆန်းတွေ လုပ်ကြည့်ခြင်း ရှောင်ကြဉ်ပါ။

ကိုယ်လုပ်နေကျ လေ့ကျင့်ခန်းပဲ လုပ်ပါ။ အသစ်တစ်ခု စမ်းသပ်ရမယ့်အချိန် မဟုတ်ပါဘူး။ ကြွက်သားနာကျင်သွားရင် ပြန်သက်သာဖို့ တစ်ပတ်လောက်အချိန်ယူပါတယ်။ မင်္ဂလာပွဲမှာ အကြောတွေနာကျင်နေတာမျိုး ဖြစ်ချင်မှာ မဟုတ်ဘူးလေ။ ကိုယ်အလေးချိန်လေး ချချင်တယ်ဆိုရင် အဝတ်အစား fitting မချခင်ကတည်းက ကိုယ်အလေးချိန်ချထားတာ ကောင်းပါတယ်။ မင်္ဂလာပွဲရဲ့ဖိစီးမှုတွေ သက်သာအောင်လို့ လေ့ကျင့်ခန်းလုပ်ချင်တယ် ဆိုရင်လည်း သူငယ်ချင်းအချို့နဲ့ ပန်းခြံထဲမှာ ပြေးတာတို့၊ လမ်းလျှောက်တာတို့ လုပ်စေချင် ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူဆိုတော့ ပိုပြီး အကူအညီဖြစ်တာပေါ့။

၎။ပုံမှန် မိတ်ကပ်ပြောင်းသုံးခြင်း ရှောင်ကြဉ်ပါ။

သတို့သမီးတွေက မင်္ဂလာဆောင်မိတ်ကပ် လိမ်းခြယ်တဲ့အခါ ထူလွန်းနေတယ်၊ ပါးလွန်းနေတယ် ဆိုပြီး အလိုမကျဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ မင်္ဂလာမဆောင်ခင်မှာ မိတ်ကပ်စမ်းလိမ်းကြည့်ပါ။ စမ်းလိမ်းတဲ့အခါကျရင်လည်း အမျိုးမျိုးလိမ်းကြည့်ပေါ့။ ပြီးမှ ကိုယ့်စိတ်ကြိုက်ရွေးပြီး တကယ့်ပွဲနေ့ရောက်ရင် မိတ်ကပ်ဆရာကို ပြည့်ပြည့်ဝဝယုံကြည် စိတ်ချလိုက်ပါ။ မိတ်ကပ်ဆရာက  ကိုယ့်ရဲ့အသားအရည်အမျိုးအစား၊ အသက်အရွယ်၊ ဆံပင်ပုံစံ၊ ဝတ်စုံအရောင်၊ အချိန်နဲ့ နေရာဒေသတွေကို လိုက်ပြီး အကောင်းဆုံးပြင်ဆင်ပေးမှာပါ။

အခုခေတ်ပေါ် မိတ်ကပ်ကတော့ ကော်ဇောနီပေါ်က မိတ်ကပ်လိမ်းခြယ်နည်းလေးတွေနဲ့ ဆင်ပါတယ်။ အခုခေတ်မှာ မိတ်ကပ်လိမ်းခြယ်တဲ့အခါ HD ဗီဒီယို ကင်မရာတွေ၊ အရေအသွေးမြင့် ကင်မရာတွေ၊ ဖုန်းထဲက ကင်မရာတွေ၊ အလင်းထိုးတာတွေနဲ့ ကြာရှည်ခံအောင် လှပနေစေဖို့အတွက် အသားပေးလာကြပါတယ်။

၅။အချိုရည်များ သောက်သုံးခြင်း ရှောင်ကြဉ်ပါ။

အစားအစာဆိုတာ စွမ်းအင်ရဖို့၊ အားအင်ရှိဖို့ အတွက်ပါပဲ။ ကယ်လိုရီတွေက လူကိုနိုးကြားစေပြီး ပင်ပန်းတဲ့နေ့ရက်ရှည်တွေကို ကျော်လွှားဖို့ ကူညီပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အာဟာရဖြည့်ပေးနေတဲ့ အစားစာ စားတာတွေကို မရပ်တန့်သင့်ပေမဲ့ အချိုရည် လွန်ကဲစွာ သောက်သုံးတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။ 

၆။တံဆိပ် အသစ် အလှပြင်ပစ္စည်း ပြောင်းသုံးတာကို ရှောင်ကြဉ်ပါ

မင်္ဂလာမဆောင်ခင် တစ်ပတ်နှစ်ပတ်အတွင်း အလှပြင်ပစ္စည်း တံဆိပ်အသစ်တွေ ပြောင်းမသုံးပါနဲ့။ပြောင်းသုံးချင်ရင် တစ်လလောက်အလိုမှာ ပြောင်းသုံးပါ။ တံဆိပ်အသစ်ပြောင်းသုံးလို့ ဓာတ်မတည့်တာတွေ၊ အသားအရည်ခြောက်တာတွေ၊ အဆီပြန်တာတွေအပြင် တခြားဆိုးကျိုးတွေ ဖြစ်လာခဲ့မယ်ဆိုရင် နဂို မျက်နှာဖြစ်ဖို့ ပေးစရာအချိန်မရှိတော့တာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အဲလိုမျိုးဆို ကိုယ်ပဲ စိတ်ညစ်ရမှာပါ။

၇။ညမအိပ်ဘဲ မိုးလင်းပေါက် နေခြင်းကို ရှောင်ကြဉ်ပါ။

မင်္ဂလာပွဲ အစီစဉ်တွေ လုပ်နေရတာနဲ့ အိပ်ရေးပျက်တဲ့ ညတွေဆိုတာ ရှိလာတတ်ပါတယ်။ အဲလိုမျိုးတွေ မဖြစ်ရအောင် တာဝန်ယူပြီး လုပ်နိုင်မယ့် မိတ်ဆွေတွေနဲ့ မိသားစုတွေကို အစားထိုးလုပ်ခိုင်းပြီး စိတ်ချ လက်ချ အိပ်ရေး ဝအောင် အိပ်လိုက်ပါ။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ghrelin ဆိုတဲ့ ဟော်မုန်းကို ပိုထုတ်ပေးတယ်လေ။ ဒီဟော်မုန်းက က အစာစားချင်စိတ်ကို ပိုဖြစ်စေတယ်လေ။ ဒါ့အပြင် ဗိုက်ပြည့်စေတဲ့ဟော်မုန်း leptin ကို နည်းပါးစေတယ်လေ။ ဒီဟော်မုန်းအပြောင်းအလဲတွေကြောင့် သွားရေစာတွေစားဖြစ်မယ်ဆိုရင် ကိုယ်အလေးချိန်ကိုပါ ထိခိုက်လာစေပါတယ်။ အငံများတဲ့မုန့်တွေစားရင် လေပွလာတာတွေ ဖြစ်လာနိုင်ပါတယ်။ အာဟာရမရှိတဲ့ အစားစာတွေစားဖြစ်ရင် ဘာအကျိုးမှမရှိဘဲ ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ အိပ်ရေး မဝရင် မျက်ကွင်းညိုတာတွေ အပြင် မင်္ဂလာပွဲမှာ ပျော်ရွှင်ပြီး ကြည်လင်လန်းဆန်းတဲ့ သတို့သမီးလေး ဖြစ်လာနိုင်မှာ မဟုတ်တော့ပါဘူး။

၈။ကဖိန်းဓာတ် ပါတဲ့ အစားစာတွေကို ပိုမိုစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

အလုပ်တွေများနေတဲ့အတွက် ကိုယ်မလုပ်ရင် မပြီးဘူးဆိုတဲ့ စိတ်နဲ့ မအိပ်ချင်အောင် ကဖိန်းဓာတ်ပါတဲ့ အချိုရည်တွေ၊ အအေးတွေ သောက်တာက တကယ်တော့ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ကဖိန်းဓာတ်က အာရုံကြောစနစ်ကို လှုံ့ဆော်ပေးသလို အနှောက်အယှက်လည်း ပေးတယ်လေ။ စိုးရိမ်ပူပန်တာတွေ ဖြစ်လာစေပါတယ်။ သတို့သမီးအလှလေးကို ပျက်စီးတဲ့အထိပါ ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်က ရေဓာတ်ခမ်းခြောက်စေတဲ့အပြင် မျက်ကွင်းတွေပါ ညိုမည်းစေပါတယ်။

မင်္ဂလာပွဲနီးလေလေ စိတ်ဖိစီးမှုတွေ များလေလေပါပဲ။ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေရင်တောင် အထက်ဖော်ပြပါ အချက်တွေကို ပြုလုပ်ချင်နေမိတတ်ကြပါတယ်။

မင်္ဂလာဆောင်တော့မယ့် သတို့သမီးလောင်းလေးတွေအတွက် ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မင်္ဂလာပွဲလေးဖြစ်ပါစေလို့ ဂန္တဝင်မဂ္ဂဇင်းက ဆုတောင်းပေးလိုက်ပါတယ်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊