သားသမီးတွေရဲ့ အနာဂတ်ကောင်းမွန်လှပစေဖို့ မိဘတိုင်း တကယ်လုပ်ပေးသင့်တဲ့အရာ

blank

          “မိဘရဲ့ စောင့်ရှောက်မှုကနေရုန်းထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပြီဆိုတဲ့ သားသမီးအဖြစ် ပြုစုပျိုးထောင်နိုင်ပြီဆိုရင် အဲဒီမိဘဟာ မိဘဝတ္တရားကျေပွန်တဲ့ မိဘကောင်းလို့ သတ်မှတ်နိုင်ပါတယ်။ သားသမီးတွေဆိုတာ တစ်သက်လုံးပြုစုစောင့်ရှောက်ထားဖို့ မဟုတ်ပါဘူး။ ကိုယ့်အတောင်နဲ့ ကိုယ်တိုင်ပျံဝဲတတ်အောင် သင်ပေးဖို့ပါ”

ဒါဟာ အမည်မသိစာရေးဆရာတစ်ယောက်ရေးထားတဲ့ စာသားလေးပါ။

ကလေးတွေ ဖွံ့ဖြိုးတိုးတက်လာတာ၊ စူးစမ်းရှာဖွေတတ်လာတာ၊ ပြီးတော့ ကန့်သတ်ချက်တွေထက်ကျော်လွန်ပြီး ကြိုးစားတတ်လာတာတွေကို စောင့်ကြည့်ရတာက ကျွန်မအတွက် တကယ်မလွယ်ကူတဲ့အလုပ်ပါ။ ကလေးတွေ ပြုတ်ကျနိုင်တဲ့ ဝရံတာအစွန်းဘက်ရောက်သွားတဲ့အခါ၊ ကားထဲကနေခေါင်းထုတ်ပြီး အပြင်ကိုကြည့်တဲ့အခါမျိုးတွေမှာ ကျွန်မအနေနဲ့ “သတိထားဦးနော်” ဆိုတဲ့ သတိပေးစကားတွေပဲ ပြောဖြစ်ခဲ့တယ်။ တားတော့ မတားမိဘူးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ခါတလေ ကျွန်မစိတ်ထဲမှာ စိတ် (၂) မျိုးက အားပြိုင်နေတတ်တယ်။ “ကလေးတွေကို မှဲ့တစ်ပေါက်မစွန်းရအောင် စိုးရိမ်တကြီးနဲ့ ကာကွယ်ချင်တဲ့စိတ်” နဲ့ “သူတို့လေးတွေကို လောကကြီးအကြောင်းသိအောင် စွန့်စားပျံသန်းခိုင်းချင်တဲ့စိတ်”ဆိုပြီးတော့ပေါ့။ နောက်ဆုံးတော့ ကျွန်မအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုရခဲ့တယ်။ သူတို့လေးတွေကို လောကကြီးအကြောင်းသိအောင် စူးစမ်းလေ့လာပြီး စွန့်စားခိုင်းမယ်၊ ကျွန်မက ဘေးကနေ သူတို့ လမ်းလွဲမသွားအောင် ဖေးမရင်း ကူညီပေးမယ်။ ဒါမှ သူတို့လေးတွေ ဘဝစွမ်းရည်တွေပြည့်ပြီး လက်တွေ့ဘဝကို နားလည်မှာပေါ့။

အခုဆို ကျွန်မသားသမီးတွေ တောင်တွေတက်ဖူးပြီ၊ ချောင်းတွေ ဖြတ်ဖူးပြီ၊ သစ်ပင်တွေ တက်ဖူးပြီ၊ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်တတ်နေပြီ၊ ကောင်းခြင်းဆိုးခြင်းတွေကို ဝေခွဲတတ်နေပြီ။ ဒီလောက်ဆိုရင် ရှေ့ဆက်ကြုံလာမယ့် သူတို့လေးတွေရဲ့ အနာဂတ်မှာ ပြဿနာဖြေရှင်းတတ်တဲ့စွမ်းရည်တွေ၊ လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည်တွေ၊ လူကဲခတ်စွမ်းရည်တွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့စွမ်းရည်တွေနဲ့ ပြည့်ဝနေမှာပါ။ ဒီထက်ပိုရင်တော့ ကျွန်မတို့ရဲ့ အကူအညီမပါဘဲ သူတို့ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်ကြလိမ့်မယ်။ ဒါဟာ ဘာလို့လဲဆိုတော့ လောကကြီးမှာ ဘယ်အရာကိုယ်မဆို သူတို့လုပ်နိုင်တယ်၊ ဘာကိုမှကြောက်ဖို့မလိုဘူးဆိုတဲ့ ယုံကြည်ချက်ခိုင်မာသွားလို့ပေါ့။

ကျွန်မနဲ့ ခံယူချက်ချင်းတူတဲ့ မေမေတွေ SHARE သွားလိုက်ဦးနော်။ Comment မှာ ထင်မြင်ချက်လေးတွေကိုလည်း ဖလှယ်ခဲ့ပါဦး။