အသည်းကွဲဝေဒနာကို ကုစားနိုင်ဖို့ အချိန်ဘယ်လောက်လိုအပ်လဲ

blank
couple holding broken heart

အသည်းကွဲရောဂါဆိုတာ ကင်ဆာထက်ဆိုးတဲ့ ဝေဒနာတစ်ခုပါ။ စိတ်နှလုံးကို တွေဝေမှုတွေ၊ ဒေါသတွေ၊ နာကျည်းမှုတွေ၊ နှမြောတသမှုတွေအဖြစ် တစ်စစီဖြစ်သွားစေနိုင်တာ အသည်းကွဲခြင်းပဲပေါ့။ အဆိုးမြင်အတွေးတွေအပြည့်နဲ့ လောကကြီးကိုတောင် အလိုလိုမုန်းနေတဲ့ခံစားချက်တွေဆိုတာ အသည်းကွဲနေသူတစ်ယောက်ရဲ့ ခံစားချက်တွေပေါ့။ ပြိုကျတော့မလို မိုးတိမ်မည်းထုကြီးကို ခေါင်းပေါ်ရွက်ထားရသလို ခံစားနေရတတ်တယ်။ ဒါပေမဲ့ အသည်းကွဲဝေဒနာဆိုတာ မပျောက်ကင်းနိုင်တဲ့ရောဂါဝေဒနာတစ်ခုတော့ မဟုတ်ပါဘူး။

ဒါဆိုရင် အသည်းကွဲဝေဒနာပျောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ။ လေ့လာချက်တွေအရတော့ အသည်းကွဲဝေဒနာကို ပျောက်ဖို့ ပျမ်းမျှအချိန် ၁၁ ပတ်ကြာတတ်ပါတယ်တဲ့။ ဒါပေမဲ့ ဝေဒနာအတိမ်အနက်ကို လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြာချိန်မတူကြဘူးပေါ့။ အသည်းကွဲဝေဒနာကို ကုသပျောက်ကင်းလိုက်နိုင်ပြီဆိုတာနဲ့ ရှေ့ဆက်ဖို့ အနာဂတ်အတွက် အားသစ်တွေ၊ အတွေးသစ်တွေ ရလာတတ်ပါတယ်။

အသည်းကွဲတယ်ဆိုတာ တကယ်တော့ ဥမင်လှိုဏ်ခေါင်းထဲမှာ လမ်းလျှောက်ရသလိုပါပဲ။ တစ်ဖက်က အလင်းရောင်ကို လှမ်းမြင်နေရတယ်။ အဲဒီအလင်းရောင်ဆီလည်း သွားနေတာပဲ။ လှိုဏ်ခေါင်းရှည်ရင် ရှည်သလို ကြာကြာလျှောက်ရမယ်၊ တိုရင်တိုသလို ခဏလေးလျှောက်ရမယ်။ ဒါပေမဲ့ ထွက်ပေါက်ဆီကို ရောက်ကို ရောက်မှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အသည်းကွဲဝေဒနာကို ကုစားချိန်က ချစ်သက်တမ်း ကြာရှည်လား၊ တိုတောင်းလား ဆိုတဲ့အပေါ်မှာ မူတည်နေသလို ကာယကံရှင်ရဲ့ စိတ်နေသဘောထားပေါ်မှာလည်း မူတည်နေပါတယ်။ အမြဲတမ်း အဆိုးမြင်အတွေးတွေပဲတွေးပြီး ငိုနေမယ်၊ ဝမ်းနည်းနေမယ်ဆိုရင် အသည်းကွဲဝေဒနာ ပျောက်ဖို့ ကြာပါတယ်။ အသည်းကွဲတာကို ဝမ်းနည်းမနေဘဲ အကောင်းမြင်ပြီး ကိုယ့်ဘဝအတွက် ကြိုးစားနိုင်သူတွေအတွက်ကတော့ ဒီအသည်းကွဲဝေဒနာကို ခဏလေးနဲ့ ကုစားနိုင်ပါလိမ့်မယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေရဲ့ အားပေးနှစ်သိမ့်မှုကလည်း အသည်းကွဲဝေဒနာအတွက် ဆေးကောင်းတစ်ခွက်ဖြစ်ပါတယ်။

ဒါကြောင့် အသည်းကွဲဝေဒနာကို ပျောက်ဖို့ သေသေချာချာ အချိန်ယူပြီး ကုစားပါ။ အလျှင်စလို လုပ်ဖို့မလိုပါဘူး။ အချိန်တန်ရင် ပျောက်သွားမှာပါ။ အသည်းကွဲတာလောက်နဲ့ ကိုယ့်ဘဝကို အဆုံးစီရင်ပစ်ဖို့လည်း မလိုပါဘူး။ ပြီးတော့ အသည်းကွဲတိုင်း အသည်းအစားထိုးဖို့၊ တစ်နည်းအားဖြင့်ပြောရရင် ချစ်သူအသစ်နဲ့ အစားထိုးဖို့လည်း မလိုပါဘူး။ အချစ်သင်ခန်းစာယူပြီး ပျော်ပျော်နေနိုင်အောင် ကြိုးစားလိုက်ပါ။

အသည်းကွဲနေတဲ့ သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။