အလွမ်းမီးကြောင့် ဘဝခရီးမသွေ့ခြောက်ပါစေနဲ့ ညီမလေး

blank

မနက်မျက်လုံးမဖွင့်ရသေးခင်မှာ သူ့အတွေးက ညီမလေးရင်ထဲရောက်လာခဲ့တယ်။ ဟာနေတဲ့ ရင်ဘတ်ကို မနိုင်မနင်းသယ်ရင်း နေ့သစ်တစ်ခုကို ညီမလေး စခဲ့တယ်။ “သူအိပ်နေတုန်းလား။ အရင်လို ဖုန်းဆက်နှိုးမယ့်သူမရှိတော့ အလုပ်ကို ပုံမှန်ရောက်ပါ့မလား” လို့ ပူပေးရင်း ညီမလေးရဲ့ တစ်နေ့တာကို လေးဖင့်စွာ စတင်ခဲ့တယ်။ သိပ်ချစ်ခဲ့တဲ့ ညီမလေးရင်ထဲမှာ အလွမ်းတွေ ဖိစီးနေတယ်ဆိုတာ သိတာပေါ့ညီမလေးရယ်။ အဲ့ဒီအလွမ်းဟာ ညီမလေးနှလုံးသားကို ပူစေရုံသာမက ညီမလေးရဲ့ နာရီစက္ကန့်တိုင်းကို တမြေ့မြေ့လောင်တဲ့ ဖွဲမီးလို လောင်ကျွမ်းနေစေတယ်ညီမလေး။

ချစ်ခဲ့တဲ့ နေ့တွေမှာ ချစ်ခြင်းအစစ်တွေကို ညီမလေးပေးခဲ့တယ်။ ဂရုစိုက်ခြင်း အစစ်တွေပေးခဲ့တယ်။ ချစ်သူတစ်ယောက်ကလွဲ အခြားပုရိသတွေကို စိတ်ကလေးနဲ့တောင် မပစ်မှားခဲ့ဘူး။ ဒါဟာ ညီမလေးဖက်က ပေးနိုင်တာ အကုန်ပေးဆပ်ခဲ့တယ်ဆိုတယ်ဆိုတဲ့ သင်္ကေတစ်ခုပါ။ သွားနိုင်သူက ထားသွားနိုင်တဲ့အခါ နေခဲ့ရတဲ့ ညီမလေးဆီမှာ နောင်တဆိုတာ ကျန်နေစရာမလိုသလို အလွမ်းတွေကြောင့်လည်း လောင်ကျွမ်းနေစရာမလိုပါဘူး။

ညီမလေးတစ်ယောက် ညနက်တွေမှာ မျက်ရည်တွေနဲ့ အဖော်ပြုခဲ့တယ်။ အမှတ်တရတွေအကြောင်းတွေးရင်း ဝမ်းနည်းကြေကွဲနေခဲ့တယ်။ ပျော်ပျော်နေတတ်တဲ့ အပြုံးဆိုတာကို ရှာဖွေရင်း နေ့ရက်တွေကို ခါးသီးစွာကျော်ဖြတ်ခဲ့ရတယ်။ တစ်ခါတလေမှာ “လောကကြီးမှာ ဘာ့ကြောင့်အသက်ရှင်နေသေးတာလဲ” လို့ ပေါကြောင်ကြောင် တွေးမိကောင်းတွေးမိလိမ့်မယ်။ ဒါဟာ ညီမလေးတစ်ယောက်တည်း ခံစားရတဲ့ အရာမဟုတ်ပါဘူး။ အချစ်ဆိုတာ ပိုချစ်တဲ့သူက ပိုခံစားရမယ်ဆိုတဲ့ မမျှတတဲ့ ညီမျှခြင်းတစ်ခုပါ။ ခံစားချက်တွေကို များများရင်းတဲ့ သူက များများခံစားရမှာပဲ ညီမလေး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ညီမလေး ကျောခိုင်းထွက်ခွာသွားတဲ့သူကို “ဘာကြောင့်လုပ်ရက်တာလဲ” “ရက်စက်လိုက်တာ” စတဲ့ မကောင်းမြင်အတွေးတွေမတွေးပါနဲ့တော့ ညီမလေး။ လောကရဲ့သဘောအရ ညီမလေးနဲ့တကယ်ထိုက်တန်တဲ့အရာတွေကပဲ ညီမလေးဘေးနားမှာ ရှိနေမှာပါ။ တစ်သက်သာလုံးမှာ ညီမလေးဘေးမှာ မခွဲမခွာရှိနေပေးမယ့် ညီမလေးကိုယ်ညီမလေး အရင်ဆုံးချစ်ရမယ်ဆိုတာ မှတ်ထားပါ။

ညီမလေးရေ..။ လွဲဖယ်သွားတဲ့ သူကို လွမ်းဆွတ်ခြင်း ညီမလေးရဲ့ အနာဂတ်လမ်းကို မသွေ့ခြောက်ပါစေနဲ့။ တစ်စုံတစ်ယောက်က ညီမလေးရဲ့ လွမ်းနာတွေကို ကုသပေးဖို့ လာလိမ့်မယ်လို့လည်း မျှော်လင့်မနေပါနဲ့။ ညီမလေးကိုယ်ညီမလေးချစ်ပါ။ စိတ်ချမ်းသာအောင် ထားပါ။ ဖူးစာရှင်အမှန်က တန်ဖိုးထားမယ့် နှလုံးသားကို အနာတရတွေကင်းနေအောင် ဂရုစိုက်ပါ။ အကယ်၍ ဖူးစာရှင်ဆိုတာ ညီမလေးဘဝမှာရောက်မလာခဲ့ရင် ကိစ္စမရှိပါဘူး။ နှလုံးသားလှတဲ့ ညီမလေးဘေးမှာ ၅၂၈ ချစ်ခြင်းမေတ္တာနဲ့ ငြိမ်းချမ်းစွာမြတ်နိုးနေတဲ့သူတွေ ရှိတာပဲလေ။

အလွမ်းမီးကြောင့် ပူလောင်မနေပါနဲ့ ညီမလေး။ ညီမလေးအချစ်တွေကို မျှော်လင့်နေတဲ့ ကောင်မလေးတစ်ယောက် ညီမလေးရင်ထဲမှာရှိတယ်။