မိဘတွေကကော သားသမီးတွေကို လေးစားဖို့လိုလား။

blank

ကျွန်မတို့ လူမှုအသိုင်းအဝိုင်းကြီးက ငယ်ရွယ်သူတွေက ကြီးသူကို လေးစားရမယ်ဆိုပြီး ဆုံးမခဲ့ကြတယ်။ တကယ်တော့ လူတိုင်းလူတိုင်းဟာ ထိုက်သင့်တဲ့ လေးစားမှုတွေရရှိသင့်ပါတယ်။ သားသမီးတွေက မိဘတွေကို လေးစားဖို့လိုသလို၊ မိဘတွေအနေနဲ့လည်း သားသမီးတွေကို ချစ်ခင်လေးစားဖို့လိုပါတယ်။ လေးစားတယ်ဆိုတာက ကလေးတွေကို အရိုအသေပေးနေဖို့၊ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံနေဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်တွေ၊ ကိုယ်ပိုင်ဘဝလေးကို တန်ဖိုးထားဖို့ ပြောချင်တာပါ။ ကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ များသောအားဖြင့် လူကြီးမိဘတွေက  သားသမီးတွေရဲ့ လေးစားမှုကို ရရှိသင့်တဲ့လူတွေလို့ တရားသေသတ်မှတ်ထားတတ်ကြပါတယ်။

ကလေးတွေဟာ ငယ်ရွယ်စဉ်ကတည်းက လူကြီးမိဘတွေရဲ့ အပြုအမူတွေကနေ တဆင့်သင်ယူလာကြတဲ့ သူတွေဖြစ်တာကြောင့် သူတို့ရရှိတဲ့လေးစားတန်ဖိုးထားမှုတွေကိုပဲ လူကြီးမိဘတွေဆီကို ရောင်ပြန်ဟပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘနဲ့ သားသမီးအကြားအပြန်အလှန်လေးစားမှုတွေ ရှိခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးလေးတွေကို ရရှိနိုင်သလဲဆိုတာကို ဒီစာစောင်လေးမှာ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

မိဘတွေအနေနဲ့ သားသမီးတွေကို ပြောဆိုဆက်ဆံတဲ့နေရာမှာ စကားတွေမှန်ကန်တည်ကြည်ဖို့ လိုပါတယ်။ မျှတမှန်ကန်တဲ့ စကားတွေပြောတာ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချပေးတာဟာ သင့်ကလေးငယ်ကို လေးစားကြောင်း ပြနေတဲ့အရာတွေပါပဲ။ တလေးတစားဆက်ဆံခံရတဲ့ ကလေးလေးတွေဟာ မိမိပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို လေးစားတတ်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုရှိတတ်ပါတယ်။

ကျွန်မတို့ဆီမှာ အဖြစ်များတာက ကလေးလေးတွေပြောတဲ့ စကားတွေကို အလေးမထားတတ်တာပါပဲ။ လူကြီးတွေ စကားပြောတယ်ဆိုရင် ကလေးတွေဘေးဖယ်နေ၊ ကလေးဝင်မပြောနဲ့ စတာတွေဟာ  ကလေးတွေကို ဖယ်ကြဉ်ထားတဲ့ အပြုအမူတွေပါ။ ကလေးတွေပြောတာတွေကို နားထောင်ပေးတာ၊ အခြားလူတွေလိုပဲ မျှတစွာ ဆက်ဆံပေးတာဟာ ကလေးငယ်တွေကို ဆက်ဆံရေးကောင်းမွန်စေဖို့နဲ့ အကောင်းမြင်တတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ ကလေးငယ်တွေကို သူတို့အသက်အရွယ်နဲ့ သင့်တော်တဲ့ အလုပ်လေးတွေကို လုပ်စေတာ၊ သူတို့ဆီက အကူအညီယူတာတွေကလည်း ကလေးတွေက အရေးကြီးကြောင်း၊ တန်ဖိုးရှိကြောင်း ပြသတဲ့အမူအရာလေးတွေပါ။ ဒါပေမဲ့ မိဘမို့လို့ မိဘပြောတဲ့အတိုင်းလုပ် ဆိုတဲ့ မှားယွင်းတဲ့ အယူအဆလေးတွေလည်း ရှိနေဆဲပါပဲ။ ကလေးတွေကို ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ ရှင်းပြချက်လေးတွေနဲ့ အကူအညီတောင်းခံလာတဲ့အခါ ကလေးတွေဟာ အလုပ်တိုင်းကို စိတ်ဝင်စားမှုရှိပြီး ပေါက်မြောက်အောင် လုပ်တတ်တဲ့ စိတ်လေးတွေဖြစ်စေတတ်ပါတယ်။

တချို့မိဘတွေက ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုပြီးတော့ ကလေးတွေကို ဆုံးမပဲ့ပြင်ကြတာ တွေ့ရပါတယ်။ ကလေးဆိုတာက ကျွန်မတို့ပြောတဲ့ စကားတွေထက် ကျွန်မတို့ရဲ့ အပြုအမူတွေကို ကြည့်ပြီး သင်ယူနေတဲ့ သူတွေဖြစ်တာကြောင့် ကလေးတွေကို တစ်ဖက်သတ်ဆုံးမတာထက် စံပြအဖြစ် ရှေ့ဆောင်ဦးဆောင်သင့်ပါတယ်။ မိမိကိုယ်တိုင်က အပြုအမူကောင်းတွေကျင့်ကြံနေမှသာ ကလေးတွေကို အပြုအမူကောင်းတွေ သင်ပေးလို့ရမှာဖြစ်ပါတယ်။

ပရိသတ်တို့ရေ…

လေးစားတန်ဖိုးထားမှုနဲ့ ကြီးထွားလာတဲ့ ကလေးတွေဟာ ကိုယ့်ကိုယ်ကိုလေးစားတတ်ပြီး၊ လူကြီးမိဘတွေကို လေးစားတတ်တဲ့သူတွေ၊ ပတ်ဝန်းကျင်ကလူတွေကိုလည်း လေးလေးစားစားဆက်ဆံတတ်တဲ့သူတွေဖြစ်လာတတ်ပါတယ်။

ဒါ့ကြောင့်လေးစားမှုဆိုတာ ကလေးတွေကပဲ မိဘတွေကို ထားရှိအပ်တဲ့အရာ မဟုတ်ဘဲ၊ မိဘနဲ့ သားသမီးအပြန်အလှန်ထားရှိအပ်တဲ့ အရာဆိုတာကို မမေ့ပါနဲ့။ ဆူပူကြိမ်းမောင်းတာ၊  အော်ငေါက်တာတွေအမြဲလုပ်ပြီး မိမိကိုလေသံအေးအေးနဲ့ စကားပြောတဲ့ သားသမီးတွေကို မျှော်လင့်နေလို့မရပါဘူး။

မိဘနဲ့သားသမီးအကြား အပြန်အလှန်လေးစားမှုတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝတွေကို တည်ဆောက်နိုင်ကြစေနော်။