ကျွန်မရည်းစားကို ဖြတ်ခုတ်ဖို့ ကြိုးစားနေတဲ့ ကောင်မလေးသို့ ပန်ကြားလွှာ

ကောင်မလေးရေ…။

သူငယ်ချင်းတွေရဲ့ မိတ်ဆက်ပေးမှုနဲ့ မင်းဟာ တို့တွေနဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ တည်ငြိမ်တဲ့ အပြုံးနဲ့ ပြုံးတတ်တဲ့မင်းဟာ တို့ချစ်သူအကောင့်ကိုမှ ရွေးပြီးအပ်ခဲ့တယ်နော်။ အားနာတတ်ပြီး၊ ကူညီတတ်တဲ့ တို့ချစ်သူဟာ မင်းအဆောင်ရှေ့အထိ မင်းမှာတဲ့မုန့်ကို သွားပေးခဲ့တယ်။ အဲ့ဒီအကြောင်းကို တို့ကိုမခြွင်းမချန်ပြောပြခဲ့ပါတယ်။ တို့ချစ်သူကိုတော့ တို့ယုံပါတယ်။ တို့နှစ်ယောက် ချည်နှောင်ထားတဲ့ ကြိုးဟာခိုင်ခံ့တယ်ဆိုတာကိုလည်း ယုံကြည်တယ်။

ကောင်မလေးရေ…။

မင်းကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မပြောချင်ဘူး။ ရိုင်းရိုင်းပြပြလည်း မဆက်ဆံချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တို့ဟာမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပဲ။ မိန်းကလေးတစ်ယောက်ဟာ အခြားမိန်းကလေးတစ်ယောက်ကို ချိုးချိုးဖဲ့ဖဲ့နစ်နစ်နာနာမပြောသင့်ဘူးဆိုတာကို တို့စောင့်ထိန်းသလို မိန်းကလေးတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကွဲကြေမယ့် ကိစ္စကို ရှောင်သင့်တယ်ဆိုတာကို မင်းကိုသိစေချင်လိုက်တာ။

ကောင်မလေးရေ…။

အခြားလူတွေရဲ့ လေးစားမှုကို ရဖို့ ကိုယ့်ကိုယ်ကိုယ်လေးစားဖို့လည်း လိုတယ်နော်။ ကိုယ့်ကိုယ်ကိုယ်လေးစားတဲ့ လူတစ်ယောက်ဟာ အခြားသူရဲ့ ချစ်သူနဲ့ ပရောပရီမလုပ်သလို အခြားလူတစ်ယောက်နာကျင်စေမယ့်အဖြစ်ကို သိသိကြီးနဲ့ မလုပ်ဘူးနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကောင်မလေးရေ….။

လောကမှာ မင်းရဲ့ချစ်ခြင်းတွေနဲ့ ထိုက်တန်တဲ့ ကောင်လေးတစ်ယောက်၊ မင်းနှလုံးသားကို အကာအကွယ်ပေးမယ့်ကောင်လေးတစ်ယောက်၊ မင်းကိုတန်ဖိုးထားမြတ်နိုးမယ့် ကောင်လေးတစ်ယောက်နဲ့ မင်းသေချာပေါက်ဆုံတွေ့မှာပါ။ မင်းလက်ကို ကြင်နာစွာ ဆုပ်ကိုင်မယ့် သူကိုစောင့်နေတဲ့ ကာလမှာ အခြားသူတွေတွဲထားလက်တွေကို ဖြုတ်မချမိပါစေနဲ့။ လှပပြီး ထက်မြက်တဲ့ မင်းအနေနဲ့ အရည်အချင်းတွေကို ဘဝတည်ဆောက်ရေးမှာ အသုံးချပါ။ ပိုင်ရှင်ရှိ ကောင်လေးတစ်ယောက်ကို ဖျားယောင်းသွေးဆောင်ဖို့ မာယာအဖြစ် အသုံးမပြုပါနဲ့။

ကောင်မလေးရေ…။

မိန်းကလေးတစ်ယောက်အတွက် လောကကြီးကို ရင်ဆိုင်တဲ့အခါမှာ အခက်အခဲ၊ အတားအဆီးတွေက များလှပါတယ်။ မိန်းကလေးတစ်ယောက်အပေါ် ကျရောက်လာနိုင်တဲ့ အခြားအန္တရာယ်တွေများနေတဲ့အချိန်မှာ တို့မိန်းကလေးတွေက တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီပေးရမယ်။ ဘဝတွေကို မြှင့်တင်ပေးရမယ်။ အဲ့ဒီအစား တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာအနာတရတွေ ရအောင်လုပ်နေရင် တို့မိန်းကလေးတွေ အရှေ့ကိုဘယ်ရောက်ပါ့မလဲ။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝကိုအခြားမိန်းကလေးတစ်ယောက်က တိုးတက်လာအောင် ကူညီပေးနိုင်သလို၊ မိန်းကလေးတစ်ယောက်ကို ဒုက္ခရောက်အောင် လုပ်နိုင်တာကလည်း အခြားမိန်းကလေးတစ်ယောက်ပါပဲ။

မင်းနဲ့ထိုက်တန်တဲ့ အချစ်တစ်ခုနဲ့ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို လျှောက်လှမ်းနိုင်ပါစေ။