သင်က ချစ်ရမှာကြောက်နေသူလား။ ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ။

blank

လူအမျိုးမျိုးစိတ်အထွေထွေမို့ စာချစ်သူတို့ရဲ့ပတ်ဝန်းကျင်မှာလည်း အချစ်ကိုမယုံကြည်တဲ့၊ ချစ်ရမှာကြောက်တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေကို တွေ့ဖူးကြမှာပါ။ သူတို့တွေဟာ အချစ်ကို ရှောင်ကြတယ်။ ချစ်ရမှာကို ကြောက်လန့်နေကြပြီး သူတို့ကိုယ်သူတို့ အချစ်နဲ့ပတ်သက်တဲ့အဆိုးမြင် အတွေးတွေနဲ့ရစ်ပတ်ခံထားကြပါတယ်။

သူတို့ဘာကြောင့် အဲ့ဒီလို ကြောက်လန့်နေကြတာလဲ၊ အချစ်က သူတို့ထင်သလို တကယ်ပဲ ကြောက်စရာကောင်းနေသလားဆိုတာ အဖြေရှာကြည့်ရအောင်နော်။

၁။ အချစ်ဆိုတာဘာလဲ။

အချစ်ဆိုတာ နွေးထွေးခြင်း၊ ဂရုစိုက်ခြင်းနဲ့ တွယ်ငြိနေမိခြင်းတွေပါဝင်တဲ့ အလေးနက်ဆုံးခံစား မှုတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်၊ ဘာသာတရား၊ အသားအရောင်၊ လူမျိုး၊ နိုင်ငံမရွေး အချစ်ကို ခံ စားနိုင်ပါတယ်။ အချစ်က ရုပ်ရှင်တွေထဲမှာကြည့်ရသလို လိပ်ပြာလေးတွေ၊ လေပြေလေညင်းလေး တွေ၊ ငှက်ကလေးတွေရဲ့တေးသံတွေကို ယူဆောင်လာမပေးနိုင်ပေမဲ့ အချစ်ရှိနေတဲ့ လူတစ်ယောက် အတွက်တော့ လေပြေလေညင်းလေးတွေကလည်း ကြည်နူးစရာပါ။ လိပ်ပြာလေးတွေ ကြည့်ရတာ လည်း ပျော်ရွှင်စရာပါ။ ငှက်လေးတွေ တီတီတျာတျာအသံကလည်း နားဝင်ချိုစရာတေးသံလေးတွေလို ခံစားမိစေပါတယ်။ ဒါဟာ အချစ်ကြောင့် ဖြစ်ပေါ်လာရတဲ့ အလှတရားတွေပါပဲ။ စကားလုံးလေးတွေနဲ့ ဖော်ပြလို့တောင် မပြည့်စုံနိုင်တဲ့ခံစားမှုလည်းဖြစ်ပါတယ်။

ဒါဆိုရင် လူတွေက အချစ်ကိုဘာကြောင့်ကြောက်ကြတာလဲ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အချစ်က တကယ်ပဲကြောက်စရာကောင်းလား။

တကယ်တော့ အချစ်က ကြောက်စရာမကောင်းပါဘူး။ အချစ်နောက်မှာ ကြုံတွေ့ရတဲ့အတွေ့ အကြုံတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေအပေါ် ခံနိုင်ရည်မရှိခြင်းကသာ ကြောက်စရာဖြစ်စေတာပါ။ လူအတော်များများဟာ အချစ်ကိုတွေ့ရှိချိန်မှာ စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲ ခြေစုံပစ်ဝင် ပျော်ရွှင်မိ တတ်ကြတယ်။ အစစ်အမှန်နဲ့ဝေးကွာတဲ့အထိ မျှော်လင့်ချက်တွေအကြီးကြီး ထားရှိလိုက်ကြပါတယ်။ ဒါကြောင့် အချစ်ရေးမှာ မျှော်လင့်မထားတဲ့အဆိုးတွေနဲ့ကြုံတွေ့လိုက်ရတဲ့အခါ အဲ့ဒီအပြောင်းအလဲ ကို ရင်ဆိုင်နိုင်ဖို့ ခွန်အားမရှိတော့ဘဲ ပြိုလဲသွားတတ်ကြပါတယ်။ အမှန်တော့ အချစ်က နာကျင်စေ တာမဟုတ်ဘဲ အချစ်အပေါ် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေထားရှိခြင်းကသာ လူတွေကို ပြိုလဲစေတာ ဖြစ်ပါတယ်။ ဒါ ကြောင့် အချစ်နဲ့ပတ်သက်ပြီး နာကျင်ရမှာကြောက်ရင် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေနဲ့ ဘဝတစ်ခုလုံး ပုံအပ်ပြီး မချစ်ပစ်မိဖို့ ကိုယ့်ကိုယ်ကို သတိချပ်သင့်ပါတယ်။

၃။ အချစ်နဲ့ပတ်သက်တဲ့အတွေးခါးခါးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။

စီးဆင်းနေတဲ့ရေကတော့ အမြဲလတ်ဆတ်နေမှာပါပဲ။ ရပ်တန့်နေတဲ့ရေကတော့ ကြာလာတာ နဲ့အမျှ အနံ့အသက်တွေနဲ့ လတ်ဆတ်မှုရှိတော့မှာမဟုတ်ပါဘူး။ သဘာဝတရားက လူတွေကို ဘာပဲ ဖြစ်နေနေအမြဲဆက်လက်ရွေ့လျားနေဖို့ ဥပမာပေးနေပါတယ်။ ဒါကြောင့် သင်ကလည်း အချစ်ကြောင့် နာကျင်ခဲ့ဖူးပြီး အချစ်ကိုကြောက်နေတဲ့သူဆိုရင် အဲ့ဒီအတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ ဘဝရဲ့ အ လှတရားတွေကို မြင်အောင်ကြည့်ပါ။ စစ်မှန်တဲ့ချစ်ခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားပါ။ ခြောက်သွေ့နေတဲ့ သင့်ဘဝလေးထဲ အချစ်ရဲ့ရောင်ခြည်အလင်းလေးကျရောက်လာမှာကို ခွင့်ပြုလိုက်ပါ။

  • နှလုံးသားတံခါးဆိုတာ ပိတ်ထားရင် နာကျင်စရာတွေမကျရောက်နိုင်တော့တာ မှန်ပေမဲ့ နှလုံး သားကို အမှောင်ချထားတာနဲ့လည်း အတူတူပါပဲ။
  • သင့်အိမ်တံခါးနဲ့ပြတင်းပေါက်တွေကို ပိတ်ထားတာ သင့်အိမ်ကို လုံခြုံစေတာမှန်ပေမဲ့ သင့် ကိုယ်သင် လတ်ဆတ်တဲ့လေနုအေးနဲ့ နေရောင်ခြည်တွေ ဝင်လာလို့မရအောင် အကျဉ်းချခံ ထားတာနဲ့အတူတူပါပဲ။

ဒါကြောင့် အချစ်စစ်ကိုတွေ့ခဲ့ရင် သင့်နှလုံးသားတံခါးလေးကို ယုံကြည်စွာဖွင့်ဟထားဖို့ မမေ့ပါနဲ့ နော်။

ဒီအကြောင်းလေးပြောပြချင်မိတဲ့သူတစ်ဦးဦးများ သင့်မှာရှိခဲ့မယ်ဆိုရင် သင့် wall ပေါ် SHARE လိုက်ပါဦးလို့။