မင်းသားကြီး ဝီလ်စမစ်သ်ရဲ့ အိမ်ထောင်သက် နှစ် ၂ဝ ပြည့် အမှတ်တရ စကားလက်ဆောင်များ

ကမ္ဘာကျော် ရုပ်ရှင်မင်းသားကြီး ဝီလ် စမစ်သ် (Will Smith) ဆိုရင် တော်တော်များများ သိကြမှာပါ။ အက်ရှင်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ လူမည်းမင်းသားကြီးပေါ့။ မင်းသားကြီး ဝီလ်ဟာ ဇနီးဖြစ်သူ ဂျာဒါ ပင်ကတ် စမစ်သ် (Jada Pinkett Smith) နဲ့ လက်ထပ်ခဲ့တာ အခုဆိုရင် အိမ်ထောင်သက် ၂၁ နှစ်ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့က ၂ဝနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်ဖြစ်တာကြောင့် ဝီလ်ဟာ သူရဲ့ Instagram မှာ အမှာစကားလေးတွေ တင်ခဲ့ပါတယ်။

သူတို့မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေးကိုတင်ပြီး “လွန်ခဲ့တဲ့ နှစ် ၂ဝတုန်းက ဒီလိုနေ့မှာပေါ့… ကျွန်တော်တို့တွေ လက်တွဲပြီး ဒီမင်္ဂလာလျှောက်လမ်းပေါ်မှာ လျှောက်ခဲ့ကြတယ်” လို့ ရေးခဲ့ပါတယ်။

ဂျာဒါကို လက်ထပ်ခဲ့ခြင်းက သူ့အတွက်တော့ သင်ယူစရာတွေ အများကြီးရခဲ့ပါတယ်။

“အချစ်ဆိုတာ ပန်းပင်စိုက်ရတာနဲ့တူတယ်၊ အချစ်ဆိုတာ နားထောင်ခြင်း၊ ပေးဆပ်ခြင်းနဲ့ လွတ်လပ်မှုပါပဲ၊ ကိုယ့်အတ္တတွေက ဖြစ်စေချင်တာတွေအတိုင်းဖြစ်လာဖို့ အမိန့်ပေးမယ့်အစား မင်းပွင့်စေချင်တဲ့ပန်းလေးတွေ ပွင့်အောင် ကူညီပေးဖို့ ပိုပြီးအာရုံစိုက်ရမယ်ဆိုတာကို သိခဲ့ရတယ်။

ကိုယ့်ဆန္ဒတွေ၊ လိုအင်တောင့်တမှုတွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းနေမယ့်အစား မင်းရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးရတာက ပိုပြီး စိတ်ကျေနပ်ဖို့ကောင်းတယ်ဆိုတာကို သိခဲ့ရတယ်” လို့လည်း ၄၉ နှစ်အရွယ် မင်းသားကြီးဝီလ်က ပြောခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် မင်းသမီးဟောင်း ဂျာဒါကလည်း တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လေ့လာနေခြင်းက အိမ်ထောင်ရေးသာယာဖို့အတွက် သော့ချက်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“၁၅ နှစ်လောက် ပေါင်းသင်းလာတဲ့ လူတစ်ယောက်အကြောင်းကို ထဲထဲဝင်ဝင်သိလောက်ပြီလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ တကယ်အမှန်မဟုတ်ပါဘူး။  ကျွန်မတောင် အခုထက်ထိ သူနဲ့ပတ်သက်တာတွေကို လေ့လာနေရတုန်းပဲ။ သူလည်း ဒီအတိုင်းပါပဲ။ အတူတူ သင်ယူပြီး အတူတူရင့်ကျက်လာကြတာပေါ့” လို့ ဂျာဒါက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

ဝီလ်နဲ့ ဂျာဒါဟာ ကမ္ဘာပေါ်က အကျော်ကြားဆုံးစုံတွဲတွေထဲမှာ အပါအဝင်ဖြစ်ပြီး ဂျေဒန် (Jaden) နဲ့ ဝီလို (Willow) ဆိုတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။ ပြီးတော့ ဝီလ်မှာ အရင်အိမ်ထောင်နဲ့ရတဲ့ ထရေး (Trey) ဆိုတဲ့ သားတစ်ယောက်လည်း ရှိပါတယ်။

ဝီလ်ရဲ့ အချစ်ရေးအမှာစာလေးကို လက်ဆင့်ကမ်း SHARE ရင်း ချစ်ခြင်းတွေ ဝေမျှလိုက်ရအောင်နော်။