အဆင်သင့်မဖြစ်သေးဘဲ စောစောစီးစီးလက်ထပ်လိုက်တဲ့ ချစ်သူစုံတွဲတွေ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်လဲ။

blank

စာချစ်သူတို့ရေ….

လူအများစုဟာ ချစ်သူနဲ့စောစောလက်ထပ်ခြင်းအားဖြင့် အချစ်ရေးကို ပိုမိုသာယာပျော်ရွှင်စေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဘယ်လောက်ပဲချစ်ချစ် အိမ်ထောင်ရေးတစ်ခုအတွက် အဆင်သင့်မဖြစ်သေးခင်မှာ စောစောစီးစီးလက်ထပ်ခြင်းဟာ အခက်အခဲများစွာကို ကြုံတွေ့ရနိုင်ပါတယ်။

၁။ ခိုင်မာတဲ့ အလုပ်အကိုင်မရှိသေးဘဲ အလျဉ်စလိုလက်ထပ်လိုက်တဲ့အခါ  ပထမဦးဆုံးကြုံတွေ့ရမယ့် ပြဿနာကတော့ ငွေကြေးပြဿနာပါ။ ဝင်ငွေရနိုင်တဲ့အလုပ်အကိုင်မရှိဘဲ စောစီးစွာ လက်တွဲလိုက်တဲ့အတွက် ငွေကြေးပြဿနာတွေနဲ့ လုံးချာရိုက်ရင်း ချစ်ခြင်းတွေလည်း ဆိတ်သုန်းသွားတတ်ပါတယ်။

ဒါကြောင့်အိုးအိမ်တစ်ခုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ငွေအင်အားရရှိနိုင်မယ့် အသက်မွေးဝမ်းကျောင်းပညာတစ်ခုကို တတ်ကျွမ်းထားပြီ၊ ခိုင်မာသေချာတဲ့ ဝင်ငွေရနိုင်တဲ့ အလုပ်တစ်ခုရရှိထားပြီဆိုမှ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ အဆင်သင့်မဖြစ်သေးခင် စောစောစီးစီး လက်ထပ်လိုက်တဲ့အခါ အိမ်ထောင်တစ်ခုရဲ့ တာဝန်ဝတ္တရားတွေ၊ အိမ်တွင်းမှုတွေကိုလည်း သေချာနားမလည်သေးပါဘူး။  မိဘအိမ်မှာကလေးလိုနေခဲ့ရာကနေ အိမ်ထောင်ရှင်ကြီးဖြစ်သွားတဲ့အတွက် အိမ်ထောင့်တာဝန်တွေကို ထမ်းဆောင်ရင်း ပင်ပန်းလာပါတော့တယ်။

မနိုင်ဝန်ကို ထမ်းရင်း စိတ်မောလူမောဖြစ်နေတဲ့အခါ လက်မထပ်ခင်က ကြည်နူးခြင်းတွေ ပျောက်ဆုံးသွားပြီး တစ်ယောက်ကိုတစ်ယောက် အချိန်မပေးနိုင်တာ၊ အိမ်ထောင်ရေးသုခမပေးနိုင်တော့တာမျိုးတွေဖြစ်တတ်ကြပါတယ်။

၃။ ငယ်ရွယ်တဲ့သူတွေဟာ အတောင်တဖြတ်ဖြတ်နဲ့ ပျံသန်းစပြုလာတဲ့ ငှက်ကလေးတွေနဲ့ တူပါတယ်။ လွတ်လွတ်လပ်လပ်နေရမယ့် အရွယ်မှာ စောစောစီးစီးလက်ထက်လိုက်ခြင်းဟာ စိတ်ကျဉ်းကြပ်မှုတွေ စိတ်ပပျော်ရွှင်မှုတွေကို ခံစားရစေပါတယ်။ အဲဒီအခါမျိုးမှာ ဇနီးမောင်နှံကြားမှာ ကတောက်ကဆတွေများလာတော့မှာဖြစ်ပါတယ်။

ဒါကြောင့်အိမ်ထောင့်တာဝန်တွေကို ထမ်းဆောင်ဖို့ရင့်ကျက်မှုတွေကို တည်ဆောက်ထားပြီးချိန်မှ လက်ထပ်ဖို့ စဉ်းစားသင့်ပါတယ်။

၎။ မိမိချစ်သူနဲ့ သူ့ရဲ့မိသားစုအသိုင်းအဝိုင်းရဲ့ နားလည်မှုကောင်းကောင်းမတည်ဆောက်သေးခင်မှာ အလျဉ်စလိုလက်ထပ်လိုက်တဲ့အခါ ယောက္ခမတွေနဲ့အဆင်မပြေတာ၊ ယောက်မတွေနဲ့ ကတောက်ကဆတွေဖြစ်တာ စတဲ့ အဆင်မပြေမှုတွေကို ကြုံတွေ့ရတတ်ပါတယ်။

မိမိလက်ထပ်မယ့်သူနဲ့ သူရဲ့မိသားစုအသိုင်းအဝိုင်းရဲ့ ဓလေ့စရိုက်တွေကို နားလည်လာတဲ့အခြေအနေတစ်ခုကို တည်ဆောက်ပြီးမှသာ လက်ထပ်သင့်ပါတယ်။

၅။ ချစ်သူစုံတွဲအများစုဟာ ကလေးယူမယ့်အစီအစဉ်တွေအကြောင်း လက်မထပ်ခင်မှာ ပြောဆိုဆွေးနွေးဖို့ တွန့်ဆုတ်တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း ကလေးယူဖို့အစီအစဉ်တွေကို သေချာချမှတ်နိုင်ခြင်းမရှိသေးဘဲ လက်ထပ်ပြီးတဲ့နောက်မှာ ကတောက်ကဆတွေဖြစ်တတ်ပါတယ်။ ကလေးရပြန်တော့လည်း ရင်သွေးရဲ့ တာဝန်တွေကို မနိုင်မနင်းထမ်းဆောင်ရင်း ဇနီးမောင်နှံကြားမှာ စိတ်သဘောထားတွေ ကွဲလွဲလာပါတော့တယ်။

ဒါကြောင့်လက်မထပ်ခင်မှာကတည်းက ကလေးအရေအတွက်၊ ကလေးတွေရဲ့ အသက်အရွယ်အပိုင်းအခြားတွေကို ကြိုတင်ဆွေးနွေးထားသင့်ပါတယ်။

၆။ နားလည်မှုတွေမတည်ဆောက်ရသေးခင်မှာ အလျဉ်စလို လက်ထပ်လိုက်တဲ့သူတွေဟာ အိမ်ထောင့်တာဝန်၊ ဇနီးမယားတာဝန်၊ ခင်ပွန်းတာဝန်တွေကို ကောင်းစွာမခွဲဝေတတ်သေးပါဘူး။ အိမ်ထောင့်တာဝန်တွေကို ခွဲဝေမှုမမျှတတဲ့အခါ အချိန်တိုအတွင်း တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးဟာ ယိုင်နဲ့လာပါတော့တယ်။

အဲဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အိမ်ထောင့်တာဝန်တွေကို နှစ်ယောက်သားဘယ်လိုခွဲဝေလုပ်ဆောင်ကြမလဲဆိုတာကို ကြိုကြိုတင်တင်ဆွေးနွေးတိုင်ပင်ထားခြင်းပါပဲ။

၇။ ချစ်သူသက်တမ်းနုနယ်တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်မခွာနိုင်တွေဖြစ်ပြီး ဘာကိုမှမပြင်ဆင်ရသေးဘဲ စောစောစီးစီးလက်ထပ်လိုက်တဲ့အခါ ပျားရည်ဆမ်းကာလမှာတော့ သိပ်ကိုအဆင်ပြေချောမွေ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးဆိုတဲ့ ကြိုးဝိုင်းကြီးမှာ နဖူးတွေ့ဒူးတွေ့ယှဉ်ပြိုင်လာရတဲ့အခါမှာတော့ အတ္တတွေ၊ မာနတွေကို ချိုးနှိမ်တဲ့ အတတ်ပညာကို မတတ်မြောက်သေးတဲ့အတွက် အိမ်ထောင်ရေးမှာ ကသီကလင်တွေဖြစ်ပြီး ရှုပ်ထွေးမှုတွေ ကြုံတွေ့ရတော့တယ်။

ဒါကြောင့်တစ်ဦးအပေါ်တစ်ဦး ပေးဆပ်နိုင်ပြီလား၊ အားနည်းချက်တွေကို ခွင့်လွှတ်နိုင်ပြီလား၊ တစ်ယောက်ကိုတစ်ယောက်အပြည့်အဝနားလည်ပြီလားဆိုတာကို စဉ်းစားပြင်ဆင်ပြီးမှ လက်ထပ်သင့်ပါတယ်။

လက်ထပ်ပြီးတဲ့နောက်မှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်ပြင်ဆင်ထားနိုင်မှ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဂန္ထဝင် ပရိသတ်ချစ်သူစုံတွဲတွေအားလုံး အိမ်ထောင်ရေးဘဝအတွက် လိုအပ်မယ့် ရိက္ခာတွေအားလုံးကို ကြိုတင်ပြင်ဆင်ရင်း အချစ်တွေနဲ့ တည်ဆောက်ထားတဲ့အိမ်လေးကို တစ်ဘဝလုံးလှပစွာ ဖြတ်ကျော်နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်…။