သင့်ဘဝကို မထိုက်တန်သူတွေလက်ထဲ မပုံအပ်လိုက်ပါနဲ့။

blank

“အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်စုတ်ထိုး… ဤသုံးမျိုးချက်မပိုင်ရင် နောင်ပြင်ရန်ခက်သည့်အမျိုး” တဲ့ ရှေးလူကြီးတွေက ဒီစကားကို အလကားထားခဲ့တာမဟုတ်ပါဘူး။ အိမ်ထောင်ပြုတာ၊ ဘုရားတည်တာနဲ့ ဆေးမင်ထိုးတာတွေက လွဲမှားသွားရင် ပြန်ပြင်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဘဝနဲ့ဆိုင်တဲ့ အိမ်ထောင်ရေး၊ အချစ်ရေးမှာပေါ့။ အချစ်ကဘဝမဟုတ်ပေမဲ့ အချစ်မှားရင် ဘဝအတွက် ထိခိုက်နိုင်တယ်လေ။

ဘယ်လိုပဲ စကားလုံးအလှတွေနဲ့တင်စားပါစေ၊ အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်ရဲ့နှလုံးသားနဲ့ ဘဝကို တစ်ယောက်အပေါ်ပုံအပ်ပြီး ဘဝသစ်တစ်ခုကို အတူဖန်တီးခြင်းပါပဲ။ တစ်ဘဝလုံးအတွက်ရည်ရွယ်ပြီး ပုံအပ်လိုက်ကာမှ ကိုယ့်နှလုံးသားကိုရော ဘဝကိုပါချနင်းပစ်မယ့်သူဖြစ်နေရင် အခက်သားမဟုတ်လား။

တချို့မိန်းကလေးတွေဟာ “လက်ရှိချစ်သူက အခုအချိန်မှာ ကိုယ့်ကိုစိတ်ဆင်းရဲအောင် လုပ်နေပေမဲ့ လက်ထပ်ပြီးသွားရင် အချိုးတွေပြောင်းသွားမှာပါ” ဆိုပြီးတော့ တွေးတတ်ကြပါတယ်။ တကယ်တမ်းက လူတစ်ယောက်ရဲ့ မကောင်းတဲ့အကျင့်တွေကို ကာယကံရှင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှပြင်မပေးနိုင်ပါဘူး။ ချစ်ခြင်းရဲ့ တွန်းအားတွေနဲ့ ကိုယ်တိုင်ပြုပြင်လိုစိတ်ရှိမှသာလျှင် ပြောင်းလဲနိုင်မှာပါ။

တချို့မိန်းကလေးတွေကတော့ ချစ်သူကကိုယ့်အပေါ်ကောင်းကောင်း၊ မကောင်းကောင်း “ဒီချစ်သူကသာ လက်တွဲဖော်ဖူးစာရှင်” လို့ မှတ်ယူထားတတ်ကြပါတယ်။ အဲဒီလိုမှတ်ယူထားတဲ့အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေပေါင်းလိုက်တော့ သေသေချာချာမစဉ်းစားတော့ဘဲ လက်ထပ်လိုက်တာတွေရှိပါတယ်။ ပတ်ဝန်းကျင်ဆိုတာကလည်း ချစ်သူနှစ်ယောက် တွဲတာကြာလာရင် “မယူသေးဘူးလား၊ တွဲသွားတွဲလာလုပ်နေတာ ကြာရင်မကောင်းဘူး” ဆိုတဲ့စကားတွေနဲ့ ဖိအားပေးတတ်ကြတယ်လေ။ ဘယ်သူတွေဘယ်လိုပဲ ဖိအားပေးပေးပါ… အိမ်ထောင်ပြုတယ်ဆိုတာ တစ်ဘဝလုံးအတွက်ဖြစ်တာကြောင့် ကိုယ့်ဘဝအတွက်၊ ကိုယ့်နှလုံးသားအတွက် ထိုက်တန်တဲ့သူမဟုတ်ရင် ဘာအကြောင်းကြောင့်မှ လက်မထပ်သင့်ပါဘူး။

ပျိုမေတို့ရေ…

မျက်ရည်တွေနဲ့ အိပ်ရာဝင်စေတဲ့ချစ်သူဟာ ပျိုမေတို့ရဲ့ ဘဝအတွက် မထိုက်တန်ပါဘူး။

စကားလုံးကြမ်းကြမ်းတွေနဲ့ ပြောဆိုဆက်ဆံတတ်သူဟာ ပျိုမေတို့ရဲ့ ပျော်ရွှင်မှုအတွက် မထိုက်တန်ပါဘူး။

လေးစားမှုတစ်စက်မှမရှိဘဲ ကိုယ်ထိလက်ရောက်စော်ကားတတ်သူဟာ ပျိုမေတို့ရဲ့ နှလုံးသားအတွက် မထိုက်တန်ပါဘူး။

အတိတ်တွေကို ပြန်ပြန်ဆွပြီး အပြစ်ရှာတတ်တဲ့သူဟာ ပျိုမေတို့ရဲ့ အနာဂတ်အတွက် မထိုက်တန်ပါဘူး။

ချစ်ခြင်းမေတ္တာတွေကို အသိအမှတ်မပြုတတ်တဲ့သူဟာ ပျိုမေတို့ရဲ့ အချစ်တွေအတွက် မထိုက်တန်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မထိုက်တန်တဲ့သူတစ်ယောက်ကို ဘဝထဲကနေ စွန့်လွှတ်လိုက်တာဟာ ထိုက်တန်သူတစ်ယောက်အတွက် နေရာဖယ်ပေးလိုက်ခြင်းပါပဲ။ သင့်ရဲ့ အနာဂတ်နေ့ရက်တွေမှာ သင့်ကို လေးစားမြတ်နိုးပြီးချစ်ခင်မယ့် ဖူးစာရှင်အစစ် ရှိနေပါလိမ့်မယ်။ သင့်ရဲ့ ဖူးစာရှင် အစစ်အမှန်ဆိုရင် မျက်နှာတောင်မသစ်ရသေးတဲ့ အိပ်ရာထကာစအလှလေးကို သူမြတ်နိုးလိမ့်မယ်၊ သင့်ရဲ့ အတိတ်ဆိုးတွေကို မေ့ပျောက်နိုင်ဖို့ ကူညီပေးလိမ့်မယ်။ အနာဂတ်မှာ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းပေးလိမ့်မယ်။ ပြီးတော့ သင့်ဘဝတိုးတက်ဖို့ စိတ်ဓာတ်ခွန်အားတွေပေးလိမ့်မယ်။ သင့်အပြုံးကိုမြင်ရဖို့ ဘာမဆိုပေးဆပ်ဖို့ အသင့်ရှိနေတဲ့သူ၊ ချစ်သူတစ်ယောက်လိုသာမက သူငယ်ချင်းတစ်ယောက်လိုပါ ချစ်တဲ့သူ၊ အချစ်ရေးမှာတင်မဟုတ် ဘဝအတွက်ပါ အားကိုးရတဲ့သူလိုပေါ့။

ဒီလိုပြောတဲ့အချိန်မှာ ပျိုမေတို့အနေနဲ့ “အဲဒီလို လူမျိုး တကယ်ရောရှိရဲ့လား” လို့ တွေးချင်တွေးမိနေလိမ့်မယ်။ အဲဒီလိုလူမျိုး တကယ်ရှိတာပေါ့။ ဒါပေမဲ့ မျက်စိထဲဝင်နေတဲ့အမှိုက်ကိုဖယ်လိုက်မှ မြင်ကွင်းကောင်းကောင်းမြင်နိုင်သလိုပဲ၊ ဘဝထဲမှာရှိနေတဲ့ မထိုက်တန်သူကို ဖယ်ရှားလိုက်မှ ထိုက်တန်သူကို မြင်နိုင်မှာပါ။ လူတိုင်းအတွက် တကယ်ထိုက်တန်တဲ့ ဖူးစာရှင်ဆိုတာရှိပါတယ်။ ဘဝထဲကို ရောက်မလာသေးတာပဲရှိတာပါ။ ဒီတော့ တကယ်ထိုက်တန်တဲ့ဖူးစာရှင်မတွေ့မချင်း နှလုံးသားလေးကို မထိုက်တန်တဲ့သူဆီ မပေးလိုက်ဘဲ လုံခြုံစွာ သိမ်းထားလိုက်ပါ။ သင့်အတွက် တကယ်ထိုက်တန်တဲ့ ယောက်ျားကောင်းတစ်ယောက်ရှိနေတယ်ဆိုတာ ယုံထားလိုက်ပါ။