ပုခက်လွှဲတဲ့လက်ပိုင်ရှင် မိခင်များအတွက် စာလွှာတစ်စောင်

blank
ပုခက်လွှဲတဲ့လက်ပိုင်ရှင် မေမေရေ…

စိတ်ပင်ပန်းပြီး မွန်းကြပ်လွန်းလို့ ချောင်ထဲမှာ တစ်ယောက်တည်း ငိုနေရပြီလား…

အနားယူပြီး လှဲလျောင်းချိန်မရှိလောက်အောင်ကို အလုပ်တွေများလွန်းလို့ ညည်းညူနေမိပြီလား…

ပြောမရဆိုမရ ဆော့လွန်းတဲ့ သားသားမီးမီးလေးတွေကို အော်ဟစ်ငေါက်ငမ်းပြီးတော့မှ ကိုယ့်ကိုယ်ကို အပြစ်ရှိသူတစ်ယောက်လို ခံစားနေမိပြီလား…

လှပဖို့ထက် သက်တောင့်သက်သာရှိတဲ့ အင်္ကျီပွပွကြီးတွေဝတ်ပြီး အလှအပကို ဦးစားမပေးနိုင်ဖြစ်နေပြီလား…

အိမ်ကို နောက်ဆံတင်းနေလို့ သွားချင်တဲ့နေရာမသွားရ၊ သွားပြန်တော့လည်း စိတ်ကမပါတာမျိုး ဖြစ်ဖူးပြီလား…

သားသမီးတွေနဲ့ ခင်ပွန်းသည်ရှိနေတာတောင် ကိုယ့်ဘဝကိုယ် အထီးကျန်သလိုကြီး ခံစားနေရပြီလား…

မေမေရေ…

မိခင်ဘဝက တကယ်ကို ပင်ပန်းပါတယ်။ တစ်ခါတလေ ကိုယ်ကြိုးစားသမျှ အရာထင်မလာတဲ့အခါ၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ ကြိုးစားမှုတွေက လုံလောက်တာထက်ကို ပိုနေပါပြီ။ ပြီးတော့ သင်ဟာ သင့်မိသားစုအတွက် အရေးကြီးဆုံးသူတစ်ယောက်ပါ။ သင့်ရဲ့မေတ္တာကို ရရှိနေသူတွေအတွက်တော့ သင်ဟာ တကယ်ကို အဖိုးတန်တဲ့ မိန်းမသားတစ်ယောက်ပါ။

ဒီလို အချိန်တွေဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ တကယ့်ကို ခက်ခဲပြီး စိန်ခေါ်မှုတွေပြည့်နေတဲ့ ဘဝရဲ့ အပိုင်းအခြားတစ်ခုပေါ့။ ဒီလို အခက်အခဲဖြစ်ရတာဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ မိခင်တိုင်း ဒီလိုတွေ ကြုံရပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ကိုငေးမောကြည့်နေတဲ့ သားသမီးတွေရဲ့ မျက်လုံးထဲမှာတော့ သင်ဟာ သူများတွေထက်ပိုပြီး မိခင်တာဝန်ကျေတဲ့၊ ပြီးပြည့်စုံတဲ့ မေမေတစ်ယောက်ပါ။

သင့်ကို ဆုပ်ကိုင်ထားတဲ့ သားသမီးတွေရဲ့ လက်ကလေးတွေအတွက်တာ့ သင်ဟာ လောကရဲ့ အသန်မာဆုံးသူတစ်ယောက်၊ လောကကြီးရဲ့ အောင်နိုင်သူတစ်ယောက်ပါ။

သင်ထမင်းခွံ့ကျွေးနေကျ သားသမီးတွေရဲ့ နှုတ်ခမ်းလေးတွေအတွက်တော့ သင်ဟာ သူတို့ကို ဗိုက်ပြည့်စေတဲ့ အကောင်းဆုံးစေတနာမေတ္တာရှင်၊ ကျေးဇူးရှင်ကြီးပါ။

သင်နဲ့ ဆက်နွှယ်နေတဲ့ သားသမီးတွေရဲ့ နှလုံးသားလေးတွေအတွက်တော့ သင်ဟာ နှစ်လိုဖွယ်အကောင်းဆုံးနဲ့ အလိုအပ်ဆုံးသူတစ်ယောက်ပါ။

မေမေရေ…

နာကျင်ပင်ပန်းမှုတွေကို အံတု၊ သေမင်းနဲ့စိန်ခေါ်ပြီး လူသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်ဆိုကတည်းက သင်ဟာတကယ့်ကို အံ့မခန်းတဲ့ သတ္တိခဲတစ်ယောက်ပါ။ အနာဂတ်ရဲ့ ရတနာလေးတွေကို မွေးထုတ်ပေးပြီး ပြုစုပျိုးထောင်ရဲ့အတွက် သင့်ကိုယ်သင် ဂုဏ်ယူလိုက်စမ်းပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE ပေးလိုက်ပါနော်။