ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့အယူအဆများ

blank
၁။ Morning sickness က မနက်ခင်းတွေမှာပဲဖြစ်တတ်တယ်ဆိုတာ မှားပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခေါင်းမူးတာ၊ ပျို့အန်တာတွေဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တာကို morning sickness လို့ ခေါ်ပါတယ်။ ဒီလို morning sickness က မနက်ခင်းတွေမှာပဲဖြစ်တယ်ဆိုတာ မှားပါတယ်။ တချို့သူတွေက မနက်ခင်းမှာ ဖြစ်တတ်တယ်၊ တချို့တွေက ညဘက်မှ ဖြစ်တတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။

၂။ Morning sickness ကိုကြည့်ပြီး ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား ခွဲခြားနိုင်တယ်ဆိုတာ မှားပါတယ်။

Morning sickness ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားရရင် မိန်းကလေးမွေးတတ်ပြီး၊ morning sickness သိပ်မဖြစ်ရင် ယောက်ျားလေးမွေးတတ်တယ်လို့ ပြောကြပါတယ်။ အရပ်ထဲမှာ ပြောလေ့ရှိတယ်လေ… ယောက်ျားလေးမွေးမယ့်သူဆိုရင် သွက်လက်နေပြီး၊ မိန်းကလေးမွေးမယ့်သူဆိုရင် လေးလေးပင်ပင်နဲ့ ဗိုက်ကြီးနာစွဲနေတတ်တယ်ဆိုတာပေါ့။ တကယ်တမ်းပြောရရင် ဟော်မုန်းကြောင့် နည်းနည်းသက်ဆိုင်ပေမဲ့ အလုံးစုံမှန်တယ်လို့ ပြောလို့မရပါဘူး။ ယောက်ျားလေးမွေးမွေး၊ မိန်းကလေးမွေးမွေး morning sickness ဝေဒနာ ပြင်းတဲ့သူက ပြင်းမှာပါပဲ။    ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ တင်ပါးကြီးတဲ့သူတွေက ကလေးမွေးရလွယ်တယ်ဆိုတာ မှားပါတယ်။

ကလေးမွေးရလွယ်မလွယ်ဆိုတာ တင်ပါးကြီးတာ၊ မကြီးတာနဲ့မဆိုင်ပါဘူး။ တင်ပဆုံရိုးခွေ ကျယ်မကျယ်နဲ့ပဲ ဆိုင်တာပါ။ တင်ပါးကြီးလည်း တင်ပဆုံရိုးကျဉ်းရင် မွေးရခက်တာပါပဲ။

၎။ နှစ်ယောက်စာအတွက် ၂ဆပိုစားရမယ်ဆိုတာ မှားပါတယ်။

ကလေးအတွက်ဆိုပြီး နှစ်ယောက်စာ စားစရာမလိုပါဘူးနော်။ ကလေးအတွက်ဆိုပြီး ၂ဆပိုစား၊ ပြီးတော့ ကလေးလည်းမွေးပြီးရော အဆီတွေစုပြီး ဝသွားတာတွေဖြစ်တတ်ပါတယ်။ ၂ ဆပိုစားမယ့်အစား အာဟာရဓာတ်တွေသာ ပြည့်ဝစွာ စားသုံးပါ။ သန္ဓေသားက မိခင်ဆီကနေ အာဟာရဓာတ်တွေကိုပဲ ယူတာပါ။

၅။ ကော်ဖီလုံးဝမသောက်ရဘူးဆိုတာ မှားပါတယ်။

ကဖင်းဓာတ်များရင် သန္ဓေသားအတွက် မကောင်းပေမဲ့ လုံးဝရှောင်စရာတော့မလိုပါဘူး။ ကော်ဖီသောက်နေကျဆိုရင် တစ်နေ့ကို တစ်ခွက်လောက်တော့ သောက်နိုင်ပါတယ်။ တစ်ခွက်ထက် ပိုမသောက်ပါနဲ့။ ပြီးတော့ ကော်ဖီမစ်တွေ မသောက်ပါနဲ့။ သဘာဝကော်ဖီမှုန့်စစ်စစ်ကိုပဲ ဖျော်ပြီးသောက်ပါ။

၆။ ဗိုက်ပုံစံကို ကြည့်ပြီး ယောက်ျားလေး၊ မိန်းကလေးခွဲနိုင်တယ်ဆိုတာ မှားပါတယ်။

“ဗိုက်ချွန်တယ်၊ မိန်းကလေးမွေးမှာ”၊ “ဗိုက်ကမြင့်တယ်… ယောက်ျားလေးမွေးမှာထင်တယ်” ဒါတွေက အရပ်ထဲမှာ ပြောနေကျစကားတွေပါ။ မွေးလာမယ့်ကလေး ယောက်ျားလေး၊ မိန်းကလေးဖြစ်ခြင်း မဖြစ်ခြင်းက ဗိုက်ချွန်တာ၊ ဗိုက်လုံးတာ၊ ဗိုက်အောက်ရောက်တာနဲ့ လုံးဝမဆိုင်ပါဘူး။ ဗိုက်ပုံစံက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကြွက်သားနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ပဲ ဆိုင်တာပါ။

၇။ ကိုယ်ဝန်ဆောင်နေချိန်မှာ လေ့ကျင့်ခန်းမလုပ်ရဘူးဆိုတာ မှားပါတယ်။

ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်နိုင်ပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေအပြင် ရေတောင်ကူးလို့ရပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကိုယ်ဝန်ဆောင်ချိန်ခံစားရတဲ့ဝေဒနာတွေကို သက်သာစေပြီး မွေးရဖွားရလွယ်စေပါတယ်။

၈။ ရင်ပူတာ၊ ဗိုက်ယားတာက ကလေးဆံပင်ထူလို့ဆိုတာ မှားပါတယ်။

တကယ်တော့ ရင်ပူတာက အစားအသောက်တွေနဲ့ ဟော်မုန်းတွေကြောင့် ပျို့တက်ပြီး ရင်ပူသလိုဖြစ်တာပါ။ ဗိုက်ယားတာက အရေပြားကို ဆွဲတင်းထားသလိုဖြစ်တာကြောင့် ယားတာပါ။ ဆံပင်ထူခြင်းပါးခြင်းနဲ့ မဆိုင်ပါဘူး။

သင်သိထားတဲ့ အယူအဆအမှားလေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦး။