အမျိုးသမီးနဲ့ အမျိုးသားဘယ်သူက အိမ်ထောင်ဖက်အပေါ်ပိုပြီး မှီခိုတာလဲ။

blank

အိမ်ထောင်ရှင်အမျိုးသမီးတို့ရေ…

“ကလေးတွေနဲ့အတူ ခင်ပွန်းသည်ကိုပါ ကလေးတစ်ယောက်လို ထိန်းနေရတာပဲ” လို့ ညည်းတွားဖူးလား။ လက်ထပ်ခြင်းဆိုတာ အမျိုးသမီးတွေအတွက် စိန်ခေါ်ဖို့များတဲ့ ဘဝရဲ့အချိုးအကွေ့တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့အမျိုးသမီးတွေက အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကလေးတွေကြောင့်စိတ်ဖိစီးမှုတွေ စိတ်ပူပန်မှုတွေများတယ်လို့ ထင်တတ်ကြပေမဲ့ အိမ်ထောင်ဖက်ကြောင့်ရတဲ့ စိတ်ဖိစီးတွေဟာ ရင်သွေးတွေကြောင့်ရတဲ့ စိတ်ပူပန်မှုတွေထက်ပိုတယ်ဆိုတာ သိရပါတယ်။ လေ့လာသူတွေကတော့ အိမ်ရှင်မတစ်ယောက်ရဲ့ စိတ်ဖိစီးမှုနှုန်းဟာ ၁ဝ မှာ ၈.၅ လောက်ရှိပြီး လေ့လာမှုမှာပါဝင်ခဲ့တဲ့အမျိုးသမီးတွေရဲ့ ၄၆% ဟာ ကလေးတွေထက် ခင်ပွန်းသည်တွေကြောင့် စိတ်ပူပန်ဖိစီးရတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင်.. ပဒိုဗာ တက္ကသိုလ်  (University of Padova) ရဲ့ လေ့လာမှုတစ်ခုမှာ ဇနီးသည်သေဆုံးသွားပြီးတဲ့နောက် အမျိုးသားတွေရဲ့ ကျန်းမာရေးဟာ တစ်စတစ်စယိုယွင်းလာပြီး အမျိုးသမီးတွေကတော့ အမျိုးသားတွေသေဆုံးပြီးတဲ့နောက် စိတ်ဓာတ်ကျတာတွေ စိတ်ဖိစီးမှုတွေ လျော့ပါးလာတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသားတွေဟာ သူတို့ရဲ့ဇနီးသည်တွေအပေါ် ပိုပြီးမှီခိုကြတယ်ဆိုတာကို သိနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်တာဝန်ကြောင့်ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ဖို့အတွက်…..

အိမ်ထောင့်တာဝန်တွေကို ခင်ပွန်းသည်နဲ့အတူတူ ခွဲဝေထားပါ။

အမျိုးသားတွေမှာလည်းပဲ ခင်ပွန်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒတွေရှိတတ်ကြပါတယ်။ ဒါကြောင့်ဇနီးသည်တွေအနေနဲ့ ခင်ပွန်းသည်အပေါ်ကို ယုံကြည်မှုအပြည့်နဲ့ တာဝန်တွေခွဲဝေပေးပါ။

အရာရာတိုင်းကို အကောင်းဆုံးဖြစ်ချင်တဲ့ဆန္ဒကြောင့်ခင်ပွန်းသည်ကို မခိုင်းရက်ဘဲ ကိုယ်တိုင်လုပ်နေတာမျိုးထက် ခင်ပွန်းသည်နဲ့အတူတူလုပ်ဆောင်ခြင်းက သင့်ရဲ့တာဝန်တွေကို ပေါ့စေပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီး အများစုဟာ နှစ်ကိုယ်တူဘဝကို အတူတူတည်ထောင်ပြီးတဲ့အခါ မိမိကိုယ်ကိုမေ့ပြစ်ပြီး အိမ်ထောင်ရေးတစ်ခုတည်းကိုပဲ အာရုံထားကြပါတော့တယ်။ တကယ်တော့ ကိုယ်ပိုင်အချိန်တွေထားပြီး ကိုယ်ပိုင်ဝါသနာတွေအတွက်လည်း အချိန်ပေးပါ။ ကိုယ်ကိုယ်တိုင်က စိတ်ဖိစီးမှုတွေများနေပြီး ပျော်ရွှင်မှုတွေပျောက်ဆုံးနေတယ်ဆိုရင် အိမ်ထောင်ရေးဟာလည်း သာယာလှပမှာမဟုတ်ပါဘူး။