သင့်ချစ်သူက ခပ်ချောချောကောင်မလေးမြင်တိုင်း လိုက်ငေးတတ်သလား

blank
ဂန္ထဝင်ပျိုမေတို့ရေ…

ကိုယ့်ချစ်သူက ကိုယ့်ကိုဘေးမှာထားပြီး တခြားကောင်မလေးတွေကို လိုက်ငမ်းနေတဲ့အဖြစ်မျိုး ကြုံဖူးကြလား။ တချို့သော စုံတွဲတွေအတွက် ဒီလိုဖြစ်ရပ်မျိုးက အဆန်းမဟုတ်ပေမဲ့ တချို့အတွဲတွေအတွက်ကတော့ တတိယကမ္ဘာစစ်ကို မီးမွှေးလိုက်တာထက် ဆိုးသွားနိုင်ပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ တခြားကောင်မလေးလှလှလေးကို ငမ်းမိတယ်ဆိုတာ ဆင့်ကဲဖြစ်ပေါ်လာတဲ့ သဘာဝလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါတယ်။

အိမ်ထောင်ရေးနဲ့ မိသားစုရေးရာလိုင်စင်ရပညာရှင် ဂျယ်ရမီယာ ဂစ်ဘ်ဆင် (Jeremiah Gibson) ကတော့ “ဘယ်လောက်ပဲ ခိုင်မြဲကြာရှည်တဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားပါစေ၊ ကောင်မလေးလှလှမြင်ရင် လိုက်ကြည့်မိတာကို မတားနိုင်ပါဘူး။ ချစ်သူကောင်မလေးက တခြားကောင်မလေးတွေကို မငမ်းရဘူးလို့ စည်းကမ်းထုတ်ထားတယ်ဆိုရင်တောင် တော်ရုံမကြည့်ဘဲမနေနိုင်ကြပါဘူး” လို့ ပြောပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါဆိုဘာလို့ ယောက်ျားတွေ ကောင်လေးချောချောတွေမြင်ရင် လိုက်ကြည့်ကြတာလဲ။

လူသားတွေဟာ သတ္တဝါမျိုးနွယ်ဝင်တွေပါပဲ။ သဘာဝလောကကြီးမှာ သတ္တဝါရယ်လို့ဖြစ်လာရင် ဦးစားပေးလုပ်ဆောင်ရမှာက မျိုးပွားဖို့ပါ။ ကမ္ဘာဦးခေတ်ကတည်းက လူသားတွေဟာ ဘဝမှာအတူတူလက်တွဲဖြတ်သန်းဖို့အတွက် သင့်တော်တဲ့လက်တွဲဖော်ကို အလိုရှိကြပါတယ်။

မကြာသေးခင်ကမှပြုလုပ်ခဲ့တဲ့ ဆင့်ကဲပြောင်းလဲလာတဲ့စိတ်ပညာလေ့လာမှုတစ်ခုမှာ အမျိုးသမီးတွေဟာ အမျိုးသားတစ်ယောက်ကိုတွေ့တာနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားဖွဲ့စည်းပုံကို အရင်ဆုံးသတိပြုမိပြီး အမျိုးသားတွေကတော့ အမျိုးသမီးတစ်ယောက်ကို မြင်တာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို အရင်ဆုံးကြည့်ကြတယ်လို့ ပြောပါတယ်။

အဲဒီလေ့လာမှုမှာ မျက်လုံးအကြည့်တွေကို ခြေရာခံတဲ့ eye-tracking software ကို အသုံးပြုပြီး ယောက်ျား၊ မိန်းမ ခန္ဓာကိုယ်ပုံစံအမျိုးမျိုးကို စမ်းသပ်ခဲ့ကြပါတယ်။ တွေ့ရှိချက်ကတော့ ခန္ဓာကိုယ်ကောက်ကြောင်းလှတဲ့ အမျိုးသမီးတွေကို တွေ့တဲ့အခါ အမျိုးသားတွေမှာ ရင်ခုန်လာပြီး တပ်မက်စိတ်လေးတွေ အနည်းနဲ့အများဖြစ်ပေါ်လာတတ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒါဟာ ကိုယ့်ချစ်သူတွေကို တွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းမေတ္တာစိတ်ကို မမှီပါဘူး။ ဒီတော့ မျက်စိအစာကျွေးတာက ချစ်သူအပေါ်အချစ်လျော့လို့ မဟုတ်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။

ဒီလို လိုက်ကြည့်မိတဲ့ကိစ္စက အချစ်ရေးကို ဘယ်လိုအကျိုးသက်ရောက်စေနိုင်လဲ။

ယေဘုယျအားဖြင့်တော့ ဒါဟာ ပြဿနာဖြစ်စရာအကြောင်းရင်းတစ်ခုမဟုတ်ပါဘူး။ ခပ်လန်းလန်းကောင်မလေးတစ်ယောက် ဖြတ်သွားတာမြင်ရင် ယောက်ျားလေးတိုင်း ခဏလောက်တော့ လိုက်ကြည့်မိတတ်ပါတယ်။ ချစ်သူရှိတဲ့၊ အိမ်ထောင်ရှိတဲ့ ယောက်ျားလေးတွေက ရည်းစားမရှိတဲ့ FA တွေ၊ single ကောင်လေးတွေထက် ပိုပြီး ငမ်းတတ်တယ်လို့လည်း သိရပါတယ်။

The Personality and Social Psychology Bulletin ရဲ့ လေ့လာချက်အရတော့ ဘယ်သူတွေဘယ်လောက်လန်းလန်း ကိုယ့်ရည်းစားကလွဲ ဖွဲနဲ့ဆန်ကွဲလို့ မှတ်ယူထားသူတွေက အချစ်ရေးမှာ ပိုပြီး စိတ်ချမ်းမြေ့ရတယ်လို့ သိရပါတယ်။

ဒီတော့ ကောင်လေးတွေက ချစ်စရာကောင်မလေးတွေကို ငမ်းမိတာကလည်း သဘာဝကြောင့်ပါ။ ကောင်မလေးတွေက ခပ်မိုက်မိုက်ကောင်လေးတွေကို ငေးမိတာကလည်း သဘာဝပါ။ စက္ကန့်ပိုင်းလောက် အမြင်လေးတွေချော်သွားတာက အချစ်ရေးမှာ ပြဿနာတစ်ခုဖြစ်လာသင့်သလို၊ ကိုယ့်ကိုမချစ်တော့တာလားဆိုပြီးတော့လည်း သဝန်တိုပြီး တလွဲတွေးစရာ မဟုတ်ပါဘူးနော်။

လှလို့ ငေးလိုက်တဲ့ တစ်ခဏက အချိန်အတိုင်းအတာတစ်ခုအထိခိုင်မြဲလာတဲ့ အချစ်ရေးရဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုမှ ယှဉ်နိုင်စရာအကြောင်းမရှိဘူးမို့လား။

ကဲ… ပျိုမေတို့ရေ

လှလို့ငမ်းမိ အပြစ်ရှိတယ်လို့ မယူဆလိုက်ပါနဲ့နော်။

ပျိုမေတို့ရဲ့ ထင်မြင်ချက်လေးတွေကို comment box မှာ ရေးသွားခဲ့ပါဦး။