ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတာ တကယ်ပဲမကောင်းဘူးလား

blank

           မင်္ဂလာပွဲဆင်နွှဲကြတော့မယ့် ဇနီးမောင်နှံတွေ၊ pre-wedding ပုံတွေ၊ လက်ထပ်ခွင့်တောင်းတဲ့အကြောင်းတွေ facebook ပေါ်မှာ ပလူပျံနေအောင် တွေ့နေရပြီလား။

လူတွေတစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်ကျသွားပေမဲ့ အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး ငြင်းခုံနေကြတာတွေ၊ စကားရည်လုနေကြတာတွေက အခုထိရှိနေတုန်းပါ။ ကျွန်မတို့ အဘိုးအဘွားတွေ ခေတ်တုန်းက ၁၈နှစ်၊ ၁၉နှစ်လောက်နဲ့ အိမ်ထောင်ပြုကြပါတယ်။ ကျွန်မတို့မိဘတွေခေတ်ရောက်တော့ ၂၅နှစ်၊ ၂၆နှစ်လောက်ကျမှ အိမ်ထောင်ပြုကြတယ်။ ဒီနေ့ခေတ်မှာကျတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုတာတွေ ခေတ်စားလာပြန်ရော။ ဒါကြောင့် ဘယ်အသက်အရွယ်မှာပဲ အိမ်ထောင်ကျကျ၊ အဲ့ဒါဟာ အဓိကျတဲ့ပြဿနာမဟုတ်ဘူးလို့ ကျွန်မထင်မိတယ်။ ဒါပေမဲ့ “ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခြင်း” နဲ့ “စောစော အိမ်ထောင်ပြုခြင်း” မှာ ကွာခြားချက်တွေ ရှိနေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မအထင်ကတော့ ဒီနှစ်ခုမှာ “စောစောအိမ်ထောင်ပြုခြင်း” ဟာ ကောင်းတဲ့ရွေးချယ်မဟုတ်ပါဘူး။ စောစောအိမ်ထောင်ပြုတယ်ဆိုတာ ချစ်သူနှစ်ဦးရဲ့ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ ချစ်သူနှစ်ဦးကြားမှာ လိုအပ်တဲ့ နားလည်မှုတွေ၊ ရင်းနှီးမှုတွေမရှိသေးဘဲလက်ထပ်တာ၊ အနာဂတ်အတွက် မသေချာသေးဘဲ လက်ထပ်ကြတာ၊ အလျင်စလို အိမ်ထောင်ပြုကြတာကို စောစောအိမ်ထောင်ပြုခြင်းလို့ ခေါ်ပါတယ်။ အိမ်ထောင်စောစောပြုတယ်ဆိုတာ ကိုယ်မနိုင်တဲ့တာဝန်ကြီးကို ပုခုံးပြောင်းယုလိုက်သလိုပါပဲ။ အသက်အရွယ် ဘယ်လောက်ဖြစ်ဖြစ်၊ လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးခင် လက်ထပ်တာဟာ ရေရှည်အကျိုးရလဒ်ကောင်းတွေ မထွက်နိုင်ပါဘူး။

နောက်ထပ်ပြောချင်တာတစ်ခုက လူတွေက အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုတာကို မကောင်းဘူးလို့ ထင်နေတတ်ကြတယ်။ ကျွန်မအမြင်အရပြောရရင်တော့ လူတစ်ယောက်ဟာ အိမ်ထောင်တစ်ခုကို တာဝန်ယူနိုင်ပြီ၊ ကိုယ့်အပေါ်နားလည်ကြင်နာပေးနိုင်တဲ့ လက်တွဲဖော်ကောင်းကို ရှာတွေ့ထားပြီ၊ အသိဉာဏ်တွေလည်း ရင့်ကျက်နေပြီ၊ နှစ်ဖက်မိဘတွေကလည်း ကြည်ဖြူပြီဆိုရင်တော့ အသက်ငယ်တာကြီးတာကို ထည့်စဉ်းစားစရာမလိုတော့ဘူး ထင်တာပဲ။ ဒါကြောင့် အိမ်ထောင်ပြုခြင်မပြုခြင်းကို အသက်အရွယ်နဲ့ မတိုင်းတာသင့်ပါဘူး။ ချစ်သူနှစ်ဦးရဲ့ အိမ်ထောင်တစ်ခုအတွက် အဆင်သင့်ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ တိုင်းတာသင့်ပါတယ်။

လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး ယူဆမှုတွေ၊ ခံယူချက်တွေ အများကြီးရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ်… သင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျစောလွန်းခဲ့တာပဲဖြစ်ဖြစ် အခုအချိန်မှာ သင့်အိမ်ထောင်ရေးကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်နိုင်သေးတယ်ဆိုတာတော့ ယုံကြည်ထားလိုက်ပါ။

သင့်အမြင်လေးတွေကိုလည်း comment box မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်နော်။