ကိုကို့ကိုပေးချင်တဲ့ ကတိလေးတွေ

blank

ကိုကိုရေ…

ကိုကို့ကိုအမြဲနွဲ့ဆိုးဆိုးတတ်တဲ့ ကျွန်မကိုစိတ်ညစ်နေပြီလား။ အမြဲတမ်းတကျီကျီပူဆာနေတတ်ပြီး တော်ကြာငို တော်ကြာရယ်နဲ့ ဂျီကျတတ်တာကိုကော စိတ်ကုန်နေပြီလား။ ကျွန်မဟာ ချစ်တဲ့ကိုကို့အပေါ်မှာသာ ဆိုးတတ်တယ်ဆိုတာ ကိုကိုသိများသိပါလေစ။ ကလေးဆန်တဲ့ ကျွန်မလေ ကိုကို့အပေါ်မှာ အမြဲတမ်းသစ္စာရှိရှိ ချစ်နေမယ်ဆိုတာကို ဒီကတိလေးတွေနဲ့သက်သေပြချင်တယ်။  ကျွန်မလေ…

၁။ ကိုကို့သိက္ခာတရားကို အမြဲတမ်းတန်ဖိုးထားမယ်။ ကျွန်မတို့လက်ထပ်ပြီးတဲ့အခါ အိမ်မှာဆိုးနွဲ့ချင်ဆိုးမယ် လူတွေရှေ့မှာတော့ ကိုကို့ကို ရိုရိုသေသေဆက်ဆံပါ့မယ်။

၂။ ကိုကို့သူငယ်ချင်းတွေရှေ့မှာပဲ ဖြစ်ဖြစ် ကျွန်မသူငယ်ချင်းတွေရှေ့မှာပဲဖြစ်ဖြစ် ကိုကိုအရှက်ရအောင် ပြောဆိုဆက်ဆံတာတွေကို ရှောင်ကြဉ်မယ်။ ကျွန်မဒေါသတကြီးပေါက်ကွဲချင်တာတွေရှိရင်တောင် ကျွန်မတို့နှစ်ယောက်တည်း ရှိတဲ့အချိန်ကို စောင့်မယ်လေ။

၃။ ကိုကို့ကို အမြဲတမ်းယုံကြည်မယ်။ ကိုကိုခံစားရတာတွေကို မေးမယ်။ ကျွန်မခံစားရတာတွေကို ပြောပြမယ်။ ချစ်ရမယ့်အချိန်တွေကို သံသယတွေကို ဖြေရှင်းရင်းမကုန်ကြရအောင်နော်။

၎။ ကိုကိုကျွန်မကို ဂရုမစိုက်တဲ့အခါ အခြားကောင်လေးတွေနဲ့ ဘယ်တော့မှမရောပြဘူးနော်။ ကိုကိုကလွဲရင် အခြားလူကို စိတ်နဲ့တောင်ပြစ်မှားမှာ မဟုတ်ပါဘူး။ ကိုကိုသာ အလှလေးတွေကို ငေးရင် နှစ်မိနှစ်ထက်မပိုပါစေနဲ့။

၅။ ကိုကို့ကို ဘယ်တော့မှ အပိုင်တွက်မှာ မဟုတ်ပါဘူး။ ကျွန်မကြောင့်ကိုကို ဝန်ပိုတာမျိုး၊ စိတ်မွန်းကြပ်တာမျိုးမဖြစ်ရအောင်လည်း ဂရုစိုက်ပေးမယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကျွန်မရဲ့ ငွေရေးကြေးရေးတွေအတွက်လည်း ကိုကို့ကိုမှီခိုမှာ မဟုတ်ဘူးနော်။ ကျွန်မဝယ်သမျှတွေကို လိုက်ရှင်းပေးတဲ့ချစ်သူမျိုးရဖို့ထက် ကျွန်မဝယ်ချင်တာမှန်သမျှကို ကျွန်မကိုယ်တိုင်ဝယ်နိုင်တာကို ကျွန်မသဘောကျပါတယ်။ ကိုကိုဆန္ဒရှိလို့ တစ်ခါတလေဝယ်ပေးရင်တော့ ဝမ်းသာမိမှာပေါ့။

၇။ ကိုကို့ဆီမှာ ကျွန်မသဘောမကျတဲ့အချက်တွေရှိချင်ရှိမယ်။ ဒါပေမဲ့ ကျွန်မကတော့ ကိုကို့ကို ပြောင်းလဲဖို့ ဘယ်တော့မှကြိုးစားမှာ မဟုတ်ပါဘူး။

၈။ ကျွန်မသဘောကျဖြစ်ဖို့ ကိုကို့ကိုယ် ကိုကို လိမ်ညာရတဲ့အဖြစ်တွေ မလုပ်ရအောင် ကျွန်မအမြဲတမ်းသတိထားပါ့မယ်။

၉။ ကျွန်မတို့နှစ်ယောက် ရန်ဖြစ်ငြင်းခုံတဲ့အခါ အညှိုးအတေးတွေကို ကျွန်မဘယ်တော့မှ ဆုပ်ကိုင်ထားမှာမဟုတ်ပါဘူး။ ဖြစ်ပြီးသမျှတွေကို မေ့ပစ်ပြီး အနာဂတ်ဆီကိုပဲ လျှောက်လှမ်းကြမယ်လေ။

၁ဝ။ မပြီးပြည့်စုံမှုတွေနဲ့ တည်ဆောက်ထားတဲ့ လူသားတစ်ဦးဖြစ်တာကြောင့် ကျွန်မလည်းပဲ မှားဦးမှာပါ။ ဒါပေမဲ့အမှားတစ်ခုတည်းကိုပဲ နောက်တစ်ခါမမှားအောင်တော့ သတိထားပါမယ်နော်။

သင့်ကိုကိုကို ပေးချင်တဲ့ ကတိလေးတွေနဲ့ တူနေရင် SHARE ထားလိုက်ပါနော်။