အိမ်ထောင်ရေးတစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့ အပြန်အလှန်လေးစားမှု

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

ချစ်သူနှစ်ယောက် အိမ်ထောင်ရှင်ဘဝကို အတူတူတည်ထောင်ပြီးတဲ့နောက်မှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကိုတည်ထောင်ဖို့ဆိုတာ အိမ်ထောင်ရှင်တိုင်းရဲ့ ဆန္ဒပါ။ ဒါပေမဲ့ စာချစ်သူတို့ရေ… အိမ်ထောင်ရှင် ဘဝကိုကူးပြောင်းပြီးတဲ့နောက်မှာ တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးသိလာတဲ့အခါမှာ ချစ်ခြင်းတစ်ခုတည်းဟာ အိမ်ထောင်ရေးကိုမြဲမြံအောင် မချည်နှောင်နိုင်တော့ပါဘူး။

“အိမ်ထောင်ကျသွားပြီးတဲ့နောက်မှာ အိမ်ထောင်ဦးစီးအမျိုးသားကို လေးစားရမယ်” တဲ့။ မြန်မာလူမျိုးလူကြီးမိဘအများစုက အိမ်ထောင်ရှင်အမျိုးသမီးတွေကို လက်ဆင့်ကမ်းပေးလာတဲ့ ဆုံးမစကားလေးတစ်ခုပါ။ တကယ်တော့ အိမ်ထောင်ရေးတစ်ခုတည်တံ့ဖို့ဆိုတာ ဇနီးသည်က ခင်ပွန်းသည်ကို လေးစားသလို ခင်ပွန်းသည်ကလည်း ဇနီးသည်ကို လေးစားတန်ဖိုးထားဖို့လိုပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • မိမိကို ဆက်ဆံစေချင်သလို အိမ်ထောင်ဖက်ကို ဆက်ဆံမယ်။
  • မိမိကို ပြောဆိုစေချင်သလို အိမ်ထောင်ဖက်ကို ပြောဆိုမယ်။
  • မိမိကို ဂရုစိုက်စေချင်သလို အိမ်ထောင်ဖက်ကို ဂရုစိုက်မယ် ဆိုရင် အချစ်တွေနဲ့အတူ တာဝန်ဝတ္တရားတွေ ထမ်းဆောင်မှုတွေပါလာတဲ့ အိမ်ထောင်ရေးတစ်ခုသာယာပျော်ရွှင်လာမှာ အသေအချာပါပဲ။

ဇနီးမောင်နှံတွေဟာ တစ်ယောက်ရဲ့တစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပါပဲ တစ်ခါတလေမှာ မိမိရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကိုတောင် မနှစ်သက်တဲ့အခိုက်အတန့် တွေရှိတတ်တာကြောင့် ဇနီးမောင်နှံတွေအနေနဲ့လည်း တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း ချစ်ခင်စုံမက်နေမှာမဟုတ်ပါဘူး။ အဲဒီအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ချို့ချို့ဖဲ့ဖဲ့မပြောခြင်းဟာ မြတ်နိုးတန်ဖိုးထားခြင်းရဲ့ ပြယုဂ်တစ်ခုပါပဲ။ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့သူ လေးစားတတ်တဲ့သူဟာ တစ်ပါးသူရဲ့ အခွင့်အရေးနဲ့ တန်ဖိုးတွေကိုလည်း လေးစားတန်ဖိုးထားတတ်တယ်မဟုတ်လား။`

စာချစ်သူတို့ရေ….

လူတိုင်းလူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတာကြောင့် အိမ်ထောင်ရေးတစ်ခုကို အတူတကွတည်ထောင်ပြီးတဲ့အခါမှာ မိမိရဲ့အိမ်ထောင်ဖက်ကို တန်ဖိုးထားမြတ်နိုးခြင်းဟာ သိပ်ကိုအရေးကြီးပါတယ်နော်။ ဝင်ငွေရှာဖွေပေးတဲ့ ခင်ပွန်းဖြစ်သူကို ဇနီးသည်က လေးစားတန်ဖိုးထားဖို့လိုသလို အိမ်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ အိမ်ရှင်မကို လေးစားတန်ဖိုးထားမယ်ဆိုရင် အမြဲသာယာအဆင်ပြေနေမှာဖြစ်ပါတယ်။