ချစ်သူတွေကြားမှာ မတောင်းဆိုသင့်တဲ့အရာ (၇) မျိုး

blank

အချစ်ရေးသာယာပျော်ရွှင်အောင် ချစ်သူတွေကြားမှာ မတောင်းဆိုသင့်တဲ့အရာ (၇) မျိုးကို တင်ဆက်ပေးပါရစေ။

၁။ ဖြစ်တည်မှုကို ပြောင်းလဲပစ်ဖို့ မတောင်းဆိုသင့်ပါဘူး။

ယုံကြည်ချက်တွေ၊ နေထိုင်မှုပုံစံတွေ၊ အမူအကျင့်လေးတွေကို အကြိုက်မတွေ့တာနဲ့ပဲ ကိုယ်လိုချင်တဲ့ပုံဖြစ်အောင် ပြောင်းလဲပစ်ဖို့ မတောင်းဆိုသင့်ပါဘူး။ မကောင်းတဲ့ အကျင့်စရိုက်လေးတွေကတော့ ခြွင်းချက်ပေါ့။ အချစ်စစ်နဲ့ချစ်တယ်ဆိုရင် လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို အားလုံးကို လက်ခံပြီး သူဖြစ်နေလို့ကို ချစ်နေရပါမယ်။ ဖြစ်တည်မှုတွေကို ပြောင်းလဲဖို့ မတောင်းဆိုသင့်ပါဘူးနော်။

၂။ သူငယ်ချင်းတွေအတွက် အချိန်မပေးနဲ့လို့ တောင်းဆိုလို့မရပါဘူး။

တချို့စုံတွဲတွေ ရှိတတ်ပါတယ်။ ချစ်သူကို သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကိုဦးစားပေးတာကို မကြိုက်ကြပါဘူး။ “ဟိုသူငယ်ချင်းနဲ့ မပေါင်းနဲ့၊ သူနဲ့ မပတ်သက်နဲ့၊ ဘယ်သူငယ်ချင်းနဲ့ မသွားနဲ့” ဆိုတာမျိုးချုပ်ချယ်ကြပါတယ်။ စိတ်ပူလို့ပဲဖြစ်ဖြစ်၊ ချစ်လို့ပဲဖြစ်ဖြစ် ဒီလိုမချုပ်ချယ်သင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်ယုံကြည်မှုတွေနဲ့ လွတ်လပ်ခွင့်ပေးသင့်ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဆက်ဆံရေးကို ဝင်ရောက်စွက်ဖက်ပြီး တောင်းဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။

၃။ လက်ရှိလုပ်နေတဲ့အလုပ်ကို ပြောင်းဖို့၊ အလုပ်ထွက်ဖို့ မတောင်းဆိုသင့်ပါဘူး။

သင့်မှာလည်း စိတ်ကူးအိပ်မက်တွေ ရှိနေနိုင်သလို၊ သင့်ချစ်သူမှာလည်း စိတ်ကူးအိပ်မက်တွေ ရှိနေမယ်လို့ တွေးကြည့်ပါ။ “လက်ထပ်ပြီးရင် အလုပ်မလုပ်နဲ့၊ အိမ်မှာပဲ အိမ်အလုပ်လုပ်ပါ” ဆိုတာ တောင်းဆိုသင့်တဲ့ အရာမဟုတ်သလို လက်မခံသင့်တဲ့ တောင်းဆိုချက်လည်း ဖြစ်ပါတယ်။ ပြီးတော့ ဝါသနာပါလို့ လုပ်နေတဲ့အလုပ်တစ်ခုကို စွန့်လွှတ်ပြီး ဝါသနာမပါတဲ့အလုပ်ပြောင်းလုပ်ဖို့ဆိုတာ ခက်ခဲတဲ့ လုပ်ရပ်တစ်ခုပဲမဟုတ်လား။

၎။ တစ်ခုခုကို စွန့်လွှတ်ဖို့ တောင်းဆိုတာမျိုးမလုပ်သင့်ပါဘူး။

အချစ်ရေးတစ်ခုတည်တံ့ဖို့ ထိုက်သင့်သလောက်ပေးဆပ်ရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ပေးဆပ်မှုတွေက စတေးတဲ့သဘောသက်ရောက်နေတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူးနော်။ မကောင်းတဲ့ ဝါသနာတွေကို စွန့်လွှတ်ခိုင်းတာက သဘာဝကျပါတယ်။ ဒါပေမဲ့ အချိန်တွေ၊ ဝါသနာတွေကို စွန့်လွှတ်ခိုင်းတာမျိုးမဖြစ်သင့်ပါဘူး။ ဥပမာ – အဆိုတော်ဖြစ်ချင်သူကို ဝါသနာကိုစွန့်လွှတ်ပြီး စီးပွားရေးသမားဖြစ်အောင်လုပ်ခိုင်းတာမျိုးပေါ့။ ဒီလိုလုပ်ခြင်းက သင့်ကို အဆိုတော်ကိုရော၊ စီးပွားရေးသမားကိုပါ ဆုံးရှုံးစေပါတယ်။

၅။ မနှစ်သက်တဲ့အရာ၊ စိတ်မပါတဲ့အရာတွေကို လုပ်ဖို့ မတောင်းဆိုသင့်ပါဘူး။

တစ်ခုခုကိုလုပ်ဖို့ သင့်ဘာသာ ဘယ်လောက်စိတ်အားထက်သန်နေပါစေ၊ သင့်ချစ်သူက မနှစ်သက်ဘူး၊ စိတ်မပါဘူးဆိုရင် အဲဒီအလုပ်ကိုလုပ်ဖို့ အတင်းမတောင်းဆိုသင့်ပါဘူး။ ရုပ်ရှင်ကြည့်တာကအစ အိပ်ရာပေါ်က ကိစ္စတွေထိပေါ့။ ချစ်သူတွေကြားမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်တွေကြားမှာပဲဖြစ်ဖြစ် ဘယ်ကိစ္စကိုမဆို ရွေးချယ်ခွင့်မပေးဘဲ အတင်းစေခိုင်းတာမျိုးတွေ၊ တောင်းဆိုတာမျိုးတွေ ရှိမနေသင့်ပါဘူး။

၆။ ဖုန်းကို ပြဖို့ အတင်းမတောင်းဆိုသင့်ပါဘူး။

ချစ်သူတွေပဲဖြစ်နေပါစေ ခိုင်လုံတဲ့အကြောင်းပြချက်၊ သံသယဖြစ်လောက်စရာအကြောင်းမရှိဘဲနဲ့ ဖုန်းကို ပြခိုင်းတာ၊ ဖုန်းကို စစ်ဆေးတာတွေကို မလုပ်သင့်ပါဘူး။ ချစ်သူပဲဖြစ်ဖြစ်၊ အိမ်ထောင်ဖက်ပဲဖြစ်ဖြစ် သူ့ဘက်ကိုယ့်ဘက် privacy ဆိုတာ ရှိပါတယ်။ မှန်ကန်အောင် နေတဲ့သူတစ်ယောက်ကို မယုံကြည်သလိုဆက်ဆံတာက ဆက်ဆံခံရတဲ့သူအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ခြေလှမ်းတွေပျက်နေတာမျိုး၊ သံသယဖြစ်စရာအကြောင်းရှိနေတာမျိုး မဟုတ်ရင် အချိန်တိုင်း ဖုန်းကို စစ်ဆေးတာမျိုးတွေ မလုပ်သင့်ပါဘူး။

၇။ အတင်းကြီး ဘက်ရွေးခိုင်းတာမျိုး မလုပ်သင့်ပါဘူး။

လက်တွဲဖော်ဆိုတာ အမြဲတမ်း နှစ်ကိုယ့်တစ်စိတ်ဖြစ်နေဖို့လိုပါတယ်။ “မင်းသူငယ်ချင်းတွေကို ရွေးမှာလား၊ ငါနဲ့ ပြတ်မှာလား” တို့၊ “ဒါလုပ်ရင်လုပ်၊ မလုပ်ရင် ရှင်နဲ့ကျွန်မအပြတ်ပဲ” လို့ စသည်ဖြင့် ချစ်သူနဲ့ယှဉ်ပြီး ရွေးချယ်ခိုင်းတာတွေ၊ “ရှင့်မိသားစုကို ရွေးမှာလား၊ ကျွန်မကိုရွေးမှာလား” ဆိုတာတွေက ကြာလာရင် အဆင်မပြေနိုင်ပါဘူး။ ချစ်သူနဲ့ စိတ်တူကိုယ်တူရှိတာနဲ့ သစ္စာရှိကြောင်းပြဖို့ တွန်းအားပေးခံရတာက မတူဘူးဆိုတာကို သိထားလိုက်ပါ။

သက်ဆိုင်သူသိစေဖို့ comment box မှာ mention ခေါ်လိုက်ပါဦးနော်။