အိမ်ရှင်မတွေအနေနဲ့ ကိုယ်ပိုင်ဝင်ငွေရှိခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမှာလဲ

blank
စာချစ်သူတို့ရေ…

မြန်မာအမျိုးသမီးအများစုဟာ အိမ်ထောင်သည်ဘဝကိုရောက်တာနဲ့ သားသမီးနဲ့ လင်သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကိုကြည်ဖြူစွာ လုပ်ပေးရင်း ကိုယ်ကိုယ်တိုင်ရဲ့ ဆန္ဒတွေကို နောက်ဆုတ်လိုက်ကြပါတော့တယ်။ တကယ်တော့ စာချစ်သူပျိုမေတို့ရေ… အိမ်ရှင်မတစ်ယောက်အနေနဲ့ ကိုယ်ပိုင်အလုပ်အကိုင်ရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်ရှင်မတို့အတွက် ကိုယ်ပိုင်အလုပ်အကိုင်ရှိခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ လေ့လာမှုတွေအရ အပြင်ထွက်ပြီး ကိုယ်ပိုင်ဝင်ငွေရှာတဲ့ အိမ်ရှင်မတွေဟာ အိမ်မှာတစ်နေကုန်နေတဲ့ အိမ်ရှင်မတွေထက်  ပိုပြီးပျော်ရွှင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ စိတ်ပညာရှင်တွေကလည်း ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံခြင်း၊ စကားပြောဆိုခြင်းအားဖြင့် အိမ်ရှင်မတွေရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

၂။ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံတဲ့ အိမ်ရှင်မတွေဟာ တစ်နေကုန်အိမ်မှာပဲနေတဲ့အိမ်ရှင်မတွေထက် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေ ကောင်းမွန်ရုံသာမက မိမိရဲ့ အိမ်ထောင်ဖက်ကိုလည်း အိမ်ထောင်ရေးသုခ အပြည့်အဝပေးနိုင်တယ်လို့ သိရပါတယ်။

၃။ အိမ်ရှင်မတွေနဲ့ ကိုယ်ပိုင်အလုပ်အကိုင်ရှိခြင်းအားဖြင့် မိမိရဲ့ ခင်ပွန်းနဲ့ ပြောဆိုဆွေးနွေးစရာ စကားအကြောင်းအရာတွေများလာနိုင်တာကြောင့် ပိုပြီးသာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ကြပါတယ်။ အတွေ့အကြုံဗဟုသုတကြွယ်ဝတဲ့အတွက် စကားကြွယ်ဝတဲ့အပြင် ခင်ပွန်းကိုလည်း အကြံဉာဏ်ကောင်းတွေပေးနိုင်ကြပါတယ်။

၎။ ကိုယ်ပိုင်ရပ်တည်ချက်ရှိတဲ့ အိမ်ရှင်မတွေဟာ မိမိရဲ့ ရင်သွေးတွေအတွက်လည်း စံနမူနာကောင်းတွေအဖြစ်ရပ်တည်နိုင်ကြပါတယ်။ အလုပ်နဲ့မိသားစုဘဝကို မျှတအောင် ဆောင်ရွက်နိုင်တဲ့ မိခင်ဖြစ်သူကို သားသမီးတွေက ပိုမိုလေးစားကြမယ်ဆိုတာလည်း ယုံမှာသံသယရှိလာမှာမဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အိမ်ရှင်မတွေအနေနဲ့ ကိုယ်ပိုင်ဝင်ငွေရှိတဲ့အတွက် အသေးအဖွဲအသုံးစရိတ်တွေကအစ ခင်ပွန်းဖြစ်သူဆီက လက်ဖြန့်ပြီးတောင်းနေစရာမလိုတော့ပါဘူး။ မိမိရဲ့လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည်းနိုင်တဲ့အပြင် မိသားစုရဲ့ ဝန်ကိုတစ်နိုင်တစ်ပိုင်ထမ်းဆောင်နိုင်တဲ့အတွက် ယုံကြည်မှုတွေမြှင့်မားလာပြီး ငွေရေးကြေးရေးအကြပ်အတည်းတွေကိုလည်း ကိုယ်တိုင်ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။

၆။ အလုပ်မလုပ်တဲ့အိမ်ရှင်မတွေဟာ ကလေးတွေအသက်ကြီးလာလေလေ အထီးကျန်မှုတွေ ခံစားရလေလေဖြစ်တတ်ပါတယ်။ ရင်သွေးတွေကျောင်းသွားတဲ့အခါ အိမ်မှာတစ်ယောက်တည်း ပျင်းရိငြီးငွေ့စွာကျန်ခဲ့တာမျိုးထက် လုပ်ငန်းခွင်နဲ့ထိတွေ့ရတဲ့အခါ မိမိရဲ့ မိသားစုကိုလည်း ကောင်းကျိုးတွေသက်ရောက်စေပါတယ်။

၇။ အိမ်ရှင်မတွေအနေနဲ့ ကိုယ်ပိုင်အလုပ်လုပ်တဲ့အခါ မိခင်တစ်ယောက်၊ဇနီးတစ်ယောက်ဆိုတဲ့ အမည်နာမထက် မိမိရဲ့ အလုပ်ကြောင့်မိမိကို သိကြမယ့် ရာထူးနေရာတစ်ခုရှိလာတာကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ မြင့်တက်စေပါတယ်။

၈။ လုပ်ငန်းခွင်နဲ့ ထိတွေ့ပတ်သက်နေတဲ့ အိမ်ရှင်မတွေဟာ ပေါင်းသင်းဆက်ဆံရေးတွေကောင်းမွန်ပြီး မိမိကိုယ်ကို ပိုကောင်းမွန်အောင် တည်ဆောက်နိုင်ကြပါတယ်။

၉။ အမျိုးသမီးတစ်ယောက်ဟာ ဇနီးတစ်ယောက်၊ မိခင်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တင် တင်းတိမ်မနေသင့်ပါဘူး။ မိမိကိုယ်ပိုင်အတွက် ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ထားဖို့လည်း အရေးကြီးတာကြောင့် လုပ်ငန်းတစ်ခုခုလုပ်ဖို့ သင့်ပါတယ်။

၁ဝ။ အလုပ်လုပ်တဲ့ အိမ်ရှင်မတွေဟာ အိမ်အလုပ်တစ်ခုတည်းလုပ်တဲ့ အိမ်ရှင်မတွေထက် သားသမီးတွေကို ထက်မြက်အောင် ပျိုးထောင်နိုင်ကြပါတယ်။ အမြင်ကျယ်တဲ့ မိခင်တွေရဲ့ သားသမီးတွေဟာ ကိုယ့်ကိုယ့်ကိုယုံကြည်မှုရှိပြီး ဘဝကို ရှုထောင့်ပေါင်းစုံကနေ သုံးသပ်နိုင်တာကိုလည်း တွေ့ရပါတယ်။

အိမ်ပြင်ထွက်ပြီး အလုပ်လုပ်တာဟာ အိမ်ရှင်မတွေကို ငွေကြေးလွတ်လပ်စွာ သုံးနိုင်တာတစ်ခုတည်း မဟုတ်ဘဲ  အကျိုးကျေးဇူးများစွာရှိနေတာကို တွေ့ရပါတယ်။ စာချစ်သူပျိုမေတို့အားလုံး ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပတဲ့ကြယ်လေးတွေဖြစ်ကြပါစေနော်။