တစ်ခါတလေမှာ မိန်းမတစ်ယောက်ကို ဒုက္ခပေးနေတာကလည်း မိန်းမတစ်ယောက်ပဲ ဖြစ်နိုင်ပါတယ်။

blank

ကျွန်မတို့ပတ်ဝန်းကျင်မှာ ဒုက္ခရောက်နေတဲ့ မိန်းမသားတွေကို မြင်နေကြားနေရတော့ ကျွန်မတစ်ခုတွေးမိသွားတယ်။ ကျွန်မတို့မိန်းမသားတွေအနေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေကို စိတ်ဓာတ်တက်ကြွလာအောင် အားပေးကူညီနိုင်တယ်။ ဝမ်းနည်းကြေကွဲနေတဲ့အခါ နှစ်သိမ့်အားပေးနိုင်တယ်။ လဲပြိုကျနေတဲ့အခါ ထူပေးနိုင်တယ်။ စိတ်ဓာတ်တွေကို အလှဆုံးဖြစ်လာအောင် တန်ဆာဆင်ပေးနိုင်ပြီး ဘဝကိုမြင့်မားလာအောင် ကူညီပေးနိုင်တယ်။ လက်တွေတုန်ရီနေတဲ့အခါ နွေးထွေးတဲ့လက်တစ်စုံကို ကမ်းလင့်ပေးနိုင်တယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့ကို မွေးဖွားပေးခဲ့တဲ့ မိခင်…

ကျွန်မတို့ရဲ့ အနီးဆုံးအစ်မနဲ့

ကျွန်မတို့အနီးနားမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေဟာ ကျွန်မတို့ဘဝကို ထောက်ကန်ပေးနေတဲ့ မရှိမဖြစ်အမျိုးသမီးတွေပါပဲ။ သူတို့တွေကြောင့် ကျွန်မတို့ပျော်ရွှင်ရတယ်။ ကြည်နူးရတယ်။ ဘဝရဲ့ ရသကိုအပြည့်အဝခံစားရတယ်။

ဒါပေမဲ့ တစ်ခါတလေမှာ မိန်းကလေးတစ်ယောက် ငိုကြွေးနေရတဲ့နောက်ကွယ်မှာ၊ လဲပြိုသွားရတဲ့ နောက်ကွယ်မှာ မိန်းကလေးတစ်ယောက်လည်း ပါနေတတ်ပါတယ်။

ချစ်သူသစ္စာဖောက်သွားလို့ ဝမ်းနည်းကြေကွဲနေတဲ့ မိန်းကလေးရဲ့ နောက်ကွယ်မှာ ချစ်သူရှိပြီးသားလူတစ်ယောက်ကို လက်ခံခဲ့တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာလည်း ဇနီးသည်ကို ကိုယ်ချင်းမစာနာတဲ့ မိန်းမတစ်ယောက်ရှိတယ်။ လောကဓံကြောင့် လဲပြိုကျနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘေးပတ်ဝန်းကျင်မှာ နောက်ထပ်မထနိုင်အောင် ထိုးနေတဲ့ အမျိုးသမီးတွေရဲ့ လက်ချောင်းတွေရှိတယ်။ အတိတ်ကံကြောင့် နလံမထူနိုင်ဖြစ်နေတဲ့ ကံဆိုးမလေးရဲ့ ဝန်းကျင်မှာ ကဲ့ရဲ့လှောင်ပြောင်နေတဲ့ မိန်းမသားတွေရှိတယ်။

ဒါကြောင့် စာချစ်သူရေ……

မိန်းကလေးတစ်ယောက်ဟာ အခြားမိန်းကလေးတစ်ယောက်ရဲ့ ဘဝပန်းချီကို အလှပဆုံးဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဆေးစက်လေးတွေဖြစ်လာနိုင်သလို ဖျက်ဆီးပစ်နိုင်တဲ့ ဓားသွားတစ်ချောင်းလည်းဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေအချင်းချင်းသာ ကူညီရင်း၊ လောကရဲ့ စည်းမျဉ်းတွေကို လိုက်နာသွားမယ်ဆိုရင် လူမှုရေးကျင့်ဝတ်တွေကို စောင့်ထိန်းသွားမယ်ဆိုရင် အမျိုးသမီးတွေရဲ့ဘဝဟာ ပိုပိုပြီးမြင့်မားမလာနိုင်ဘူးလား။

လောကဓံကြောင့်…..

ဘဝရိုက်ချက်တွေကြောင့်….

အလုပ်အကိုင်တွေကြောင့်…..

ပင်ပန်းမှုတွေများလာတဲ့ အမျိုးသမီးတွေရဲ့ ဘဝမှာအချင်းချင်းက တွန်းချတာတွေ၊ ထိုးနှက်တာတွေကို လျော့ပြီး အချင်းချင်းဖေးမလာမယ်ဆိုရင် …..

အမျိုးသမီးအချင်းချင်း လောင်ပြောင်သရော်တာတွေ၊ ကဲ့ရဲ့ဝေဖန်မှုတွေလျော့ပြီး အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေနဲ့ ဆွဲတင်ပေးမယ်ဆိုရင်…..

မောပန်းခက်ခဲနေတဲ့ လောကဂယက်ကြားထဲမှာ အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတစ်ယောက်အတွက် ကမ်းပါးလေးအဖြစ် ဖေးမပေးမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ပိုမိုကောင်းမွန်နေပျော်လာအောင် ကူညီပေးနိုင်တာက အမျိုးသမီးတစ်ယောက်ဖြစ်သလို အမျိုးသမီးတစ်ယောက်ကို ဒုက္ခပေးနိုင်တာကလည်း အမျိုးသမီးတစ်ယောက်ဆိုရင် စာချစ်သူ ဘယ်လိုအမျိုးသမီးတစ်ယောက်ဖြစ်ချင်လဲ။