စိတ်ဆင်းရဲစရာ အချစ်ရေးကနေ မရုန်းထွက်နိုင်ဖြစ်နေတဲ့ ညီမလေးရေ…….

blank

မိန်းကလေးအများစုဟာ ယောက်ျားလေးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ပြီးပြီဆိုရင် အကောင်းအဆိုးတွေ အားလုံးကို လက်ခံနေတတ်ကြပြီး အဆင်မပြေမှုတွေ ကြုံတွေ့လာရင်လည်း ကြိတ်မှိတ်သည်းခံနေတတ်တယ်တဲ့။ ညီမလေးကိုပဲကြည့်လေ ညီမလေးကို စိတ်ဒဏ်ရာတွေပေးနေတဲ့  ချစ်သူကို သူငယ်ချင်းတွေ၊ မိသားစုတွေက ညီမလေးကို ဒေါသတွေတချောင်းချောင်းထွက်၊ အဆက်ဖြတ်ဖို့ ဘယ်လိုပဲဖျောင်းဖျကြပေမဲ့ ညီမလေးကတော့ အချစ်ပိုက်ကွန်ကနေ ရုန်းမထွက်နိုင်ဖြစ်နေတယ်မဟုတ်လား။

အချစ်ရေးမှာ စိတ်ဆင်းရဲစရာတွေကြုံရတာဟာ သဘာဝပဲလို့ လက်ခံထားတာရယ် ချစ်သူဘာလုပ်လုပ်သည်းခံပေးရမယ်ဆိုတဲ့ အတွေးတွေကို ဖက်တွယ်ထားတာရယ်ကြောင့် စိတ်ဆင်းရဲစရာအချစ်ရေးကို စွန့်မလွတ်နိုင်ဘူးဖြစ်နေတယ်မဟုတ်လား ညီမလေး။ အချစ်ရေးတစ်ခုကြောင့် အမြဲစိတ်သောကရောက်နေရတယ်ဆိုတာ မဖြစ်သင့်တဲ့အခြေအနေတစ်ခုပါ။ လူတစ်ယောက်ကို ပိုမိုပျော်ရွှင်စေတာမျိုးမဟုတ်ဘဲ အမြဲစိတ်ထောင်းကိုယ်ကြေဖြစ်နေတယ်ဆိုရင် အဲဒီလိုအချစ်ရေးကို ဇွတ်အတင်းဖက်တွယ်ထားတာက ညီမလေးကို ပင်ပန်းစေလိမ့်မယ်။

နောက်တစ်ခုက  “ချစ်သူနဲ့လမ်းခွဲလိုက်ရင် လူတွေက ဘယ်လိုဝေဖန်ကြမလဲ” ဆိုတဲ့ ကြောက်ရွံ့ကြောင့် မစစ်မှန်တဲ့ချစ်ခြင်းကို ညီမလေးဖက်တွယ်ထားတယ်ဟုတ်။ ညီမလေး ချစ်သူက လမ်းခွဲမပေးတာ၊ ခြိမ်းခြောက်ထားတာတွေကြောင့် စိတ်ဆင်းရဲစရာအချစ်ရေးကို ဆက်စောင့်ထိန်းနေတတ်ပါတယ်။ တကယ်တော့ညီမလေးရေ ဆုပ်လည်းဆူးစားလည်းရူးဆိုတဲ့ မနှစ်မြို့စရာအချစ်ပိုက်ကွန်ထဲမှာ ဆက်မြောနေတာမျိုးထက် ခဏတာနာကျင်ခြင်းတွေကို မကြောက်ရွံ့ဖို့ပဲ မမအကြံပေးချင်တယ်။ အကယ်၍ညီမလေးက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေကို ညှဉ်းပန်းနှိပ်စက်ခံနေရတယ်ဆိုတာကို မိသားစုတွေ၊ သူငယ်ချင်းတွေက သိသွားရင် ညီမလေးကို အပြစ်တင်ဝေဖန်ကြမယ်ဆိုတဲ့အတွေးတွေနဲ့ အပူရုပ်ကိုဟန်လုပ်ပြီး ဆက်တွဲနေတယ်ဆိုရင် ညီမလေးကို ချစ်တဲ့မိသားစုနဲ့ သူငယ်ချင်းတွေ အပေါ်ဘယ်တရားပါ့မလဲနော်။

ညီမလေးချစ်သူက ညီမလေးကို အမြဲအပြစ်တင်နေတတ်တာ၊ ဆူပူကြိမ်းမောင်းနေတတ်တာ၊ အသုံးမဝင်တဲ့လူတစ်ယောက်လို ခံစားနေစေတာတွေအားလုံးဟာ ညီမလေးအပြစ်တွေပဲ မဟုတ်ဘူးနော်။ “ငါကိုက မဟုတ်တာပါ” လို့ဖြေတွေးရင်း မတရားစွပ်စွဲမှုတွေကို ရင်စီးခံနေမနေပါနဲ့။

ပြီးတော့ ချစ်သူမရှိရင် အသက်မရှင်နိုင်လောက်ဘူးလို့ ယုံမှားနေပြီး ချစ်သူရဲ့ ဆိုးသွမ်းမှုတွေဟာ နောက်ကျရင်ပြောင်းလဲသွားလိမ့်မယ်။ ညီမလေးရဲ့ ချစ်ခြင်းတွေကို နားလည်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့  မထိုက်တန်တဲ့ ချစ်ခြင်းအနားမှာ ဖက်တွယ်မထားပါနဲ့။ လူတွေရဲ့ အကျင့်ဟာအလွယ်တကူပြောင်းလဲမသွားဘူးဆိုတာကိုလည်း ညီမလေးမှတ်ထားပါ။

ညီမလေးရေ….

ညီမလေးကို စိတ်ဒုက္ခပေးတတ်ပြီး ပြတ်မယ်လုပ်တဲ့အခါ ပြန်ချော့လိုက်၊ ခြိမ်းခြောက်လိုက်နဲ့ လွတ်မြောက်ခွင့်မပေးတဲ့ အချစ်ပိုက်ကွန်ထဲကနေ မရုန်းထွက်နိုင်ဘူးဆိုရင် ညီမလေးတစ်ယောက် စိတ်ထောင်းကိုယ်ကြေဖြစ်နေဦးမှာပဲ။ ညီမလေးသိထားရမှာက ညီမလေးဟာလည်း ပျော်ရွှင်မှုတွေနဲ့ ထိုက်တန်တယ်၊ လွတ်လပ်မှုတွေကို ပိုင်ဆိုင်သင့်တယ်၊ တန်ဖိုးထားမြတ်နိုးမှုတွေကို ရသင့်တယ်၊ စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ ထိုက်တန်တယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။ ဒါကြောင့် ညီမလေးကို ဆွဲချနေတဲ့အချစ်ရေးပိုင်ကွန်တွေဆိုရင် လွတ်ချပြီး အမြင့်ဆုံးပျံသန်းတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ညီမလေး။