ချစ်သူတွေကြား ပဋိပက္ခဖြစနိုင်တဲ့ ငွေကြေးဆိုင်ရာ နှုတ်ထွက်စကားများ

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ…

ဒီတစ်ပတ်မှာတော့ ချစ်သူတွေကြားမှာ မပြောသင့်တဲ့ ငွေကြေးကိစ္စတွေအကြောင်းကို တင်ဆက်ပေးပါရစေ။ ဘာလို့ ဒါလေးကို တင်ဆက်ပေးရလဲဆိုတော့ ဘယ်လောက်ပဲ ရင်းနှီးချစ်ခင်နေပါစေ၊ ငွေကြေးကိစ္စကြားဝင်လာရင် ပဋိပက္ခလေးတွေဖြစ်စေပြီး ချစ်ခြင်းမေတ္တာတွေကို လျော့စေပါတယ်။ အထူးသဖြင့် ငွေကြေးကို အတူတူသုံးစွဲနေတဲ့ချစ်သူတွေ၊ ဇနီးမောင်နှံတွေကြားမှာ ဒီငွေကြေးအကြောင်းအရာလေးတွေကို ပိုတောင် မပြောသင့်ပါဘူး။

၁။ လက်တွဲဖော်ကို “ငွေကောင်းကောင်းမရှာနိုင်ဘူး၊ အသုံးမကျဘူး”လို့ မပြောပါနဲ့။

ဒီလိုအပြစ်တင်ပြောဆိုခြင်းက တစ်ဖက်သားကို စိတ်ဓာတ်ကျစေပြီး အချစ်ရေးမှာ အဆင်မပြေဖြစ်စေပါတယ်။ အဲဒီလိုပြောမယ့်အစား သူ့ရဲ့အရည်အချင်းတွေကို ယုံကြည်ကြောင်း၊ ဒီထက်ပိုပြီး အလုပ်ကို ကြိုးစားလုပ်ရင် ငွေရေးကြေးရေးတွေ အဆင်ပြေလာနိုင်ကြောင်း ပြောပြီး စိတ်ဓာတ်ခွန်အားပေးပါ။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ “ကိုယ်ရှာတဲ့ပိုက်ဆံ ကိုယ်ကြိုက်သလောက်သုံးမယ်၊ ဝင်မစွက်ဖက်နဲ့”လို့ မပြောပါနဲ့။

ဟုတ်ပါတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တာကို အခြားတစ်ယောက်က ကိုယ်သုံးသမျှ၊ ဝယ်သမျှလိုက်ကြည့်ပြီးစိစစ်နေတယ်ဆိုရင် လူတိုင်း စိတ်တိုမိမှာပါ။ ဒါပေမဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ဆိုတာ သူစိမ်းမှ မဟုတ်ပဲ။ ဝင်ငွေကို အတူတူစီမံသုံးစွဲကြတယ်ဆိုရင် ကိုယ်ဘာတွေဝယ်ခဲ့တယ်၊ ဘာတွေသုံးခဲ့တယ်ဆိုတာကို အသိပေးပါ။ ကိုယ်လည်း သူသုံးတာတွေကို မေးနိုင်ပါတယ်။ တကယ်လို့ အသုံးစရိတ်တွေ အရမ်းများနေပြီဆိုရင် တစ်ယောက်ကိုတစ်ယောက် သတိပေးစကားလေးပြောပြီး ချွေတာနိုင်မယ့်နည်းလမ်းကို ရှာပါ။ ဒါမှမဟုတ်ရင် လအစပိုင်းလောက်ကတည်းက ငွေကြေးတွေကို ကဏ္ဍအလိုက်ခွဲပါ။ ၂ယောက်စလုံးအတွက်  ကိုယ်ပိုင်အသုံးစရိတ်ဆိုပြီး သီးသန့်ဖယ်ပြီးမှ သုံးပါ။

၃။ ငွေကြေးနဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေကို မသိလို့ လှောင်ပြောင်သရော်စကားတွေ မပြောပါနဲ့။

စီးပွားရေးပညာရပ်တွေမှာ သုံးတဲ့ ငွေကြေးအသုံးအနှုန်းတွေဆိုတာ အကျွမ်းတဝင်မရှိသေးတဲ့ သာမန်လူတွေအတွက်တော့ မှတ်သားနားလည်ရခက်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ လုပ်ငန်းသုံးဝေါဟာရတွေကို သိပ်မသိကြပါဘူး။ အဲဒီလို မသိတဲ့အခါမျိုးတွေမှာ အခေါ်အဝေါ်နဲ့ အဓိပ္ပာယ်တွေကို သေသေချာချာရှင်းမပြဘဲ “ဒါလေးတောင်မသိဘူးလားကွာ” ဆိုပြီး နှိမ့်ချလှောင်ပြောင်တဲ့စကားမပြောပါနဲ့။ ဒီလိုပြောခြင်းက တစ်ဖက်သားကို အရှက်ရစေပြီး စိတ်ခံစားမှုဖြစ်စေပါတယ်။

၎။ ပစ္စည်းတစ်ခုခုဝယ်လာတဲ့အခါ “အရေးမပါတဲ့အရာတွေအတွက် ပိုက်ဆံဖြုန်းပြန်ပြီလား” လို့ မပြောပါနဲ့။

အမျိုးသားတွေက ဗီဒီယိုဂိမ်းတွေ၊ အခွေတွေ၊ အားကစားပစ္စည်းတွေ၊ တန်ဖိုးကြီးအရက်ပုလင်းတွေကို ဝယ်ရတာကြိုက်သလို အမျိုးသမီးတွေက skincare တွေ၊ cosmetics တွေ၊ မီးဖိုချောင်ပစ္စည်းအဆန်းလေးတွေ၊ နောက်ဆုံးပေါ် ဖက်ရှင်အထည်တွေကို ဝယ်ရတာကြိုက်ပါတယ်။ အဲဒီလို ကိုယ့်ချစ်သူဝယ်လာတဲ့ပစ္စည်းအပေါ် ကိုယ်မကြိုက်တိုင်း “အသုံးကို မကျဘူး၊ ဒါတွေဝယ်ပြန်ပြီလား၊ ပိုက်ဆံသက်သက်ဖြုန်းနေတာပဲ” လို့ အပြစ်တင်စကားမပြောပါနဲ့။ သူဝယ်လာတာက ပိုက်ဆံဖြုန်းနေတယ်လို့ ခံစားမိတယ်ဆိုရင် သူနားလည်လာအောင် ဒါလေးတွေမဝယ်ရင် ဒီလအတွက် ငွေဘယ်လောက်ပိုမှာဖြစ်ကြောင်း၊ လိုအပ်မှ ဝယ်သင့်ကြောင်း ကောင်းကောင်းပြောပါ။

အထက်မှာ ဖော်ပြထားတဲ့ ငွေကြေးဆိုင်ရာအကြောင်းအရာလေးတွေက ချစ်သူတွေ၊ ဇနီးမောင်နှံတွေကြားမှာ မပြောတာအကောင်းဆုံးပါပဲ။ ဒီတော့ ဒီစကားလေးတွေကို မပြောမိအောင်ဆင်ခြင်ပြီး ဝင်ငွေထွက်ငွေကို အကောင်းဆုံးစီမံနိုင်တဲ့ စုံတွဲတွေဖြစ်ကြပါစေနော်။

ချစ်ရသူကိုလည်း ဖတ်စေနိုင်ဖို့ SHARE ပေးလိုက်ပါဦး။

SOURCEyoutube
SHARE