လက်ထပ်ခြင်းကြောင့် အလုပ်ထွက်တော့မယ်ဆိုရင် စဉ်းစားသင့်တဲ့အချက်လေးများ

blank
၁။ အမှီအခိုကင်းမှုနဲ့ လွတ်လပ်မှုတွေကို စတေးပစ်နိုင်လား။

ကိုယ်ပိုင်ဝင်ငွေရနေတဲ့ အလုပ်ကနေထွက်တယ်ဆိုတာ ကိုယ့်ရဲ့ ငွေရေးကြေးရေးကိစ္စတွေကို ခင်ပွန်းအပေါ်မှာ  အလုံးစုံပံချလိုက်ပြီဆိုတဲ့သဘောပါပဲ။ အစပိုင်းမှာ ကိစ္စမရှိပေမဲ့ တဖြည်းဖြည်းကြာလာတဲ့အခါမှာ အပျိုတုန်းကလို၊ ကိုယ့်ဝင်ငွေကိုယ်ရှာနိုင်တုန်းကလို စိတ်တိုင်းကျသုံးစွဲခွင့်မရတော့ဘဲ တစ်ခုခုဝယ်ချင်ပြီဆိုရင် ခင်ပွန်းဆီပူဆာရတဲ့ တာဝန်တစ်ခုတိုးလာနိုင်ပါတယ်။

၂။ ရပ်တည်မှုတွေ နိမ့်ကျသွားမှာကို လက်ခံနိုင်ရဲ့လား။

အိမ်အလုပ်တွေကို သေလောက်အောင်လုပ်ပေမဲ့ ချီးမွမ်းမခံရတာ၊ အမျိုးသားနဲ့ ရင်ဘောင်မတန်းနိုင်တာ၊ ကျေးဇူးတင်မခံရတာ အိမ်ရှင်မတွေပါပဲ။ အိမ်ရှင်မဆိုတဲ့ ရပ်တည်မှုဟာ မိသားစုတစ်စုအတွက် အရေးပါလှပေမယ့် ဘယ်သူကမှ ဒီရပ်တည်မှုကို တရေးတယူအားကျချီးမွမ်းတာမျိုးမလုပ်ကြပါဘူး။ ဒါကြောင့် အလုပ်ထွက်ပြီး အိမ်အလုပ်ပဲလုပ်မယ်လို့စဉ်းစားထားရင် ကိုယ့်ရဲ့ရပ်တည်မှုအဆင့်နိမ့်သွားနိုင်တာကို သတိပြုပါ။

၃။ အချိန်အကြာကြီးစိုက်ထုတ်ခဲ့ရတဲ့ ကြိုးစားမှုတွေ ရေစုန်မျောပစ်တော့မှာလား။

အပျိုဘဝတစ်လျှောက်လုံး အချိန်ပေးပြီး စိုက်ထုတ်ခဲ့ရတဲ့ ကြိုးစားမှုတွေ၊ ရယူခဲ့တဲ့အတွေ့အကြုံတွေကို အိမ်ထောင်ပြုခြင်းကြောင့် မြောင်းထဲလွှင့်ပစ်တော့မှာလား။ လေ့လာမှုတွေ၊ ကြိုးစားခဲ့သမျှတွေကို မေ့ပြီး မီးဖိုချောင်ဝင်တော့မှာလား။ သေချာစဉ်းစားပါ။ ဖြစ်နိုင်ရင် လက်ထပ်ပြီးလည်း အလုပ်ဆက်လုပ်ဖို့ ခင်ပွန်းလောင်းနဲ့ တိုင်ပင်ညှိနှိုင်းကြည့်ပါ။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့ ဆက်ဆံရေးတွေလျှော့နိုင်ပြီလား။

လက်ထပ်ပြီး အိမ်မှာပဲ အိမ်ရှင်မလုပ်တော့မယ်ဆိုကတည်းက လုပ်ဖော်ကိုင်ဖက်တွေ၊ အချို့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဝေးကွာသွားတော့မှာကို သတိရပါ။ သူငယ်ချင်းတွေနဲ့ ညစာအတူတူသွားစားတာတွေ၊ အလုပ်ပါတီတွေဆိုတာ ဘဝမှာ နည်းပါးသွားတော့မှာပါ။ ခင်ပွန်းက သူငယ်ချင်းတွေနဲ့ သွားလည်ခွင့်ပေးရင်တောင်မှ  ထွက်ဖြစ်မှာ မဟုတ်တော့ပါဘူး။ အလုပ်လုပ်နေတယ်ဆိုရင်တော့ အလုပ်ကအပြန် သူငယ်ချင်းတွေနဲ့ တွေ့ပြီး မုန့်စားရင်းစကားပြောဖို့ လွယ်တာပေါ့။

၅။ စိတ်ကူးအိပ်မက်တွေကို မေ့ပစ်နိုင်ပြီလား။

လက်မထပ်ခင် အလုပ်လုပ်နေတုန်းမှာ အလုပ်နဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေ ရှိတယ်မဟုတ်လား။ အဲဒီစိတ်ကူးတွေကြောင့် ကြိုးစားခဲ့ရတာလည်း မနည်းဘူးမို့လား။ လက်ထပ်ပြီး အလုပ်ထွက်လိုက်တာနဲ့ အလုပ်နဲ့ပတ်သတ်တဲ့ စိတ်ကူးအိပ်မက်တွေ စတေးပစ်ရတော့မှာပါ။ ဒါကြောင့် အလုပ်ထွက်ဖို့ မဆုံးဖြတ်ခင် ဒါလေးကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။

၆။ ရာထူးဂုဏ်ရှိန်တွေကို စွန့်လွှတ်နိုင်ပြီလား။

လက်ထပ်ခြင်းကြောင့် အလုပ်ထွက်တော့မယ်ဆိုရင် အလုပ်ရာထူးတွေကိုလည်း စွန့်လွှတ်ရတော့မှာပါ။ အလုပ်ထွက်လိုက်ပြီဆိုတာနဲ့ အလုပ်လုပ်နေတုန်းက ကိုယ့်ကိုလေးစားအားကျခဲ့တဲ့ လက်အောက်ငယ်သားတွေနဲ့ တစ်တန်းတည်းဖြစ်သွားမှာပါ။ တစ်ချိန်က ဘယ်ကုမ္ပဏီမှာ ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အိမ်ထောင်ရှင်မဘဝရောက်သွားရင် တခြားအိမ်ရှင်မတွေနဲ့ အတူတူပဲ ဖြစ်သွားနိုင်ပါတယ်။

၇။ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ပြီလား။

အလုပ်ကောင်းကောင်းလုပ်ပြီး ဝင်ငွေကောင်းနေတဲ့ မိန်းမတစ်ယောက်အနေနဲ့ အိမ်ရှင်မဘဝကို ခံယူလိုက်တယ်ဆိုတာ မတူတဲ့ဘဝတစ်ခုဆီ ပြောင်းလဲလိုက်သလိုပါပဲ။ လက်ထပ်ပြီး မိဘအိမ်ကနေ ခင်ပွန်းအိမ်ပြောင်းနေတာက သာမန်ပြောင်းလဲမှုတစ်ရပ်ဖြစ်ပေမယ့် အိမ်ရှင်မဘဝကိုပြောင်းလိုက်တာကတော့ လုံးဝကွဲပြားသွားတဲ့ ပြောင်းလဲမှုပါပဲ။

ပျိုမေတို့ရေ… ချစ်ရသူနဲ့ ရွှေလက်တွဲရတာက မင်္ဂလာတစ်ပါးပါ။ ဒါပေမဲ့ လက်ထပ်ခြင်းကြောင့် အလုပ်ထွက်ရတော့မယ်ဆိုရင် ဒီအချက်လေးတွေကို ထည့်စဉ်းစားစေချင်ပါတယ်။ စဉ်းစားပြီးရင် ဖြစ်သင့်တာကိုရွေးချယ်ပြီး ခင်ပွန်းလောင်းနဲ့ တိုင်ပင်ညှိနှိုင်းပါ။ ဒီခေတ်မှာ အလုပ်တစ်ခုရဖို့ ရှားသလို ကိုယ့်သဘောနဲ့ကိုယ်ထွက်လာခဲ့တဲ့ အလုပ်တစ်ခုကိုလည်း ပြန်ဝင်ဖို့ ခက်ခဲတယ်မဟုတ်လားရှင်။

စာချစ်သူတို့ရဲ့ အတွေးအမြင်လေးတွေကို comment box မှာ ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါရစေရှင်။