ပူလောင်နေတဲ့ ကမ္ဘာကြီးအတွက် မေတ္တာရေစင် အလိုရှိသည်။

blank

သမီးလေးရေ…..

သမီးလေးရဲ့ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့  အကြမ်းဖက်မှုတွေ၊ မကောင်းမှုတွေကြောင့် သမီးလေး သိပ်ကြောက်နေတယ်ဟုတ်။ မေမေ့မှာသာ တန်ခိုးရှိရင်လေ ကမ္ဘာကြီးအရုပ်ဆိုးစေတဲ့ အရာလုံးကို ကမ္ဘာကြီးနဲ့ အဝေးကို လွင့်ပစ်ချင်တယ်။ အမုန်းတရားတွေ၊ နာကျင်ကြေကွဲမှုတွေ၊ ကြောက်ရွံ့မှုတွေကနေလည်း သမီးလေးကို အမြဲတမ်းကာကွယ်ထားချင်မိတယ်။ Facebook မှာ တက်တက်လာတတ်တဲ့ ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ဓားပြတိုက်တာ၊ လူသတ်တာ၊ မုဒိမ်းမှုတွေအကုန်လုံးဟာ “ အတုတွေပါ။ တစ်ကမ္ဘာလုံးငြိမ်းငြိမ်းချမ်းချမ်းရှိနေပါတယ်ကွယ်” လို့ ပြောလိုက်ပါတယ်။ အဲဒီလို မပြောနိုင်ရင်တောင် ဒီလိုမကောင်းမှုတွေက နောက်ထပ်မဖြစ်တော့ပါဘူးလို့ ယုံကြည်မှုအပြည့်နဲ့ အာမခံလိုက်ချင်တယ် သမီးရယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါပေမဲ့ မေမေလုပ်လို့မရပါဘူး။ ကမ္ဘာပေါ်မှာရှိနေတဲ့ ပူလောင်မှုတွေ၊ အမုန်းတရားတွေအားလုံးကို မေမေတစ်ယောက်တည်း ပျောက်ကွယ်သွားအောင် မေမေမစွမ်းသာပါဘူး။ အမုန်းတရားတွေ များလာတဲ့လောကကြီးမှာ မကောင်းမှုတွေတိုင်းကို သမီးနဲ့မထိတွေ့အောင် မေမေစွမ်းဆောင်နိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မေမေတို့လုပ်နိုင်တာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ သမီးလေးကို စိတ်ထားကောင်းအောင် ကောင်းမှုတွေနဲ့ မွေ့လျော်တတ်အောင် မွေးမြူပေးဖို့ပါပဲ။

သမီးရေ….

ကမ္ဘာကြီးကို ရေပုံးလေးတစ်ပုံးအဖြစ် စဉ်းစားကြည့်ရအောင်။  မကောင်းတဲ့သူတွေက အမုန်းတရားတွေဖြည့်ဖို့ကြိုးစားလိမ့်မယ်။ သူတို့ဟာ လူတွေကိုနာကျင်အောင်လုပ်မယ်၊ ကြောက်ရွံ့ဝမ်းနည်းလာအောင် အနိုင်ကျင့်မယ်။ တစ်ခါတလေမှာဆိုရင် မကောင်းမှုတွေက မှန်ကန်တယ်လို့ ထင်ရတတ်ပြီး မှန်ကန်တဲ့သူက မှားနေသယောင် ထင်ရလိမ့်မယ်။ အဲဒီအခြေအနေမျိုးမှာ သမီးလေးအတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီးလိုလာပြီ။ အဲဒီခွန်အားကတော့ အမှန်တရားကို စွဲမြဲစွာဆုပ်ကိုင်ထားပြီး ကောင်းမြတ်ခြင်းတွေကို မစွန့်လွတ်ပစ်ဖို့ပါပဲ။ မကောင်းတဲ့သူတွေက အမုန်းတရားတွေဘယ်လောက်ပဲဖြည့်ဖြည့် သမီးကတော့ မေတ္တာရေစင်လေးတွေ ဖြည့်သွားရမယ်နော်။

ပြီးတော့ မေမေတို့အတွက်သတင်းကောင်းတစ်ခုက ရေပုံးလေးကို ကောင်းမွန်ခြင်းတွေ ဖြည့်ဖို့၊ကြင်နာမှုတွေထည့်ပေးနေကြတဲ့ သူတွေ အများကြီး ရှိနေသေးတယ်ဆိုတာပါပဲ။ မငြိမ်းချမ်းမှုတွေ၊ စစ်ပွဲတွေရှိနေသလို တစ်ဖက်မှာ ပရဟိတအလုပ်တွေ၊ လူမှုကယ်ဆယ်ရေးအလုပ်တွေနဲ့ မွေ့လျော်နေတဲ့သူတွေဟာ ရေစင်လေးတွေဖြန်းပက်ပေးနေတဲ့သူတွေပေါ့။ အတ္တသမားတွေက မငြိမ်းချမ်းအောင် ဘယ်လောက်ပဲလုပ်လုပ် မေတ္တာတရားက အောင်နိုင်တဲ့တစ်နေ့မှာ  ကမ္ဘာကြီးဆိုတဲ့  ရေပုံးလေးက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်လာမယ်လို့ မေမေကတော့ ယုံကြည်နေတယ်။

သမီးရေ… မာသာထရီဇာက ပြောခဲ့တယ်။ “ငြိမ်းချမ်းရေးကို လိုချင်ရင် မိသားစုကို အရင်ချစ်ပါ” တဲ့။  ငြိမ်းချမ်းခြင်းဆိုတာ အနီးဆုံးက စရတဲ့အရာတစ်ခုလို့ ဆိုလိုချင်တာပေါ့သမီးရယ်။ သမီးအနေနဲ့ သမီးနဲ့အနီးဆုံးမှာရှိတဲ့….

အထီးကျန်နေတဲ့သူကို အဖော်ပြုပေးတာ ….

ကိုယ့်ထက် ချို့တဲ့သူကို တတ်စွမ်းသလောက်ကူညီပေးတာ

နေမကောင်းတဲ့သူကို ဆေးဝါးဓာတ်စာတွေ ကူညီထောက်ပံ့ပေးတာ

စိတ်ဓာတ်ကျနေတဲ့သူကို အားပေးစကားပြောတာတွေ အကုန်လုံးဟာ ကောင်းမြတ်မှုဆိုတဲ့ရေစက်လေးတွေပေါ့….။

အဲဒီရေစက်လေးတွေဟာ သေးငယ်ပေမဲ့ အလဟဿတော့ မဖြစ်ဘူးဆိုတာ သမီးနားလည်လာမှာပါ။ မေမေနောက်ဆုံးမှာချင်တာကတော့ ဘယ်သူတွေက အဆိုးတွေ ဘယ်လောက်ပဲလုပ်ပါစေ။ သမီးရဲ့ကတော့ မေတ္တာတရားဆိုတဲ့ ရေစက်လေးတွေ တစ်စက်ခြင်း ထည့်ထည့်သွားပါနော်။