ကလေးတွေအတွက် အိမ်စာလုပ်ချိန်နဲ့ TV ကြည့်ချိန်ကို စနစ်တကျသတ်မှတ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်း

blank

“အိမ်စာမပြီးမချင်း TV မကြည့်ရဘူး” ဆိုတဲ့ စကားဟာ ကျောင်းဖွင့်ရက်တွေမှာ ကလေးတွေအတွက် TV ကြည့်ချိန်သတ်မှတ်ဖို့ မိဘတွေအသုံးအများဆုံးနဲ့ အလွယ်ကူဆုံး စကားဖြစ်ပါတယ်။ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရော… ကလေးတွေကျောင်းဖွင့်ရက်မှာ TV ကို ဘယ်လိုအချိန်သတ်မှတ်ပြီး ကြည့်ခိုင်းလဲ။ ကလေးတွေ စာကြည့်ချိန်၊ TV ကြည့်ချိန်နဲ့ ပတ်သက်လို့ ကျောင်းဆရာတွေနဲ့ ပညာရှင်တွေက အကြံပြုချက်လေးတွေ ပေးခဲ့ပါတယ်။

ကလေးတွေအတွက် TV ကြည့်ဖို့အချိန်ကို ဘယ်လိုသတ်မှတ်ပေးသင့်သလဲ။

အရင်ဆုံးကလေးတွေကို TV ကြည့်ချိန်သတ်မှတ်မပေးခင် ကလေးတွေရဲ့ တစ်နေ့တာ ၂၄နာရီမှာ လုပ်စရာရှိတဲ့အလုပ်တွေကို အရင်ဆုံးစာရင်းပြုစုပါ။ ပြီးရင် အလုပ်တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ပါ။ ဥပမာ – အမေ့ကိုအိမ်အလုပ်တွေကူလုပ်ပေးဖို့ မိနစ် ၃ဝ၊ ကိုယ်လက်လှုပ်ရှားဆော့ကစားဖို့အတွက် တစ်နာရီ၊ စာဖတ်ဖို့ ၄၅မိနစ်၊ ညစာစားပြီး နားဖို့ တစ်နာရီ စသည်ဖြင့်ပေါ့။ ညအိပ်ဖို့အတွက် အိပ်ချိန် ၉နာရီကနေ ၁၂နာရီကိုလည်း ဖယ်ထားဖို့လိုပါတယ်။ ကလေးရဲ့ တစ်နေ့တာ လုပ်စရာအလုပ်တွေကုန်ပြီဆိုမှ ကျန်တဲ့အချိန်ကနေ TV ကြည့်ဖို့ အချိန်ပေးသင့်ပါတယ်။ အခြေအနေကိုလိုက်ပြီး တစ်ရက်နဲ့တစ်ရက် အချိန်ဇယားက မတူညီနိုင်တာကြောင့် TV ကြည့်ချိန်တွေလည်း တူမှာမဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကလေးတွေ အိမ်စာလုပ်တဲ့အခါမှာ စာကိုပဲအာရုံစိုက်ပြီးလုပ်ဖို့ ဘယ်လိုထိန်းချုပ်ပေးရမလဲ။

အကောင်းဆုံးနည်းလမ်းကတော့ စာလုပ်နေတဲ့အချိန်မှာ စာကလွဲပြီး ဘာမှမလုပ်ခိုင်းတာ အကောင်းဆုံးပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် တစ်ချိန်တည်းမှာ အလုပ်တွေအများကြီးမလုပ်ခိုင်းတာ၊ multitasking မလုပ်ခိုင်းတာမျိုးပေါ့။ ကလေးတွေကို စာလုပ်ဖို့ နေရာတစ်ခု သီးသန့်လုပ်ထားပေးပါ။ ကလေးတွေစာလုပ်တာကို မျက်ခြေမပြတ်ကြည့်နေနိုင်တဲ့နေရာဆိုရင် ပိုပြီးအဆင်ပြေပါတယ်။ ပြီးတော့ ကလေးတွေစာလုပ်တဲ့နေရာမှာ ဖုန်းတွေ၊ laptop တွေ၊ TV တွေ လုံးဝမထားပါနဲ့။ အိမ်စာတွေအားလုံးပြီးပြီ၊ စာလုပ်ချိန်ပြည့်သွားပြီဆိုမှ TV ကြည့်ခိုင်းတာ၊ ဖုန်းသုံးခိုင်းတာမျိုးလုပ်ပါ။

တခြားမေမေတွေအတွက် SHARE ပေးလိုက်ပါဦးနော်။