သင့်ကြောင့် သင့်သားသမီးရဲ့ပညာရေးမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့

blank

၁။ ကလေးတွေကို တစ်နေ့ကို အနည်းဆုံး ၂နာရီလောက်အချိန်ပေးပြီး သူတို့စိတ်တိုင်းကျ ဖြတ်သန်းခွင့်ပေးလိုက်ပါ။ ကျူရှင်တွေ၊ သင်တန်းတွေကြားမှာ ရုန်းကန်နေရတဲ့ ကလေးတွေမှာလည်း လူကြီးတွေလိုပဲ ကိုယ်ပိုင်အချိန်လိုအပ်ပါတယ်။

၂။ ကလေးရဲ့စိတ်မှာ လုံခြုံမှုရှိအောင် ကလေးရဲ့ကျောင်းကဆရာမနဲ့ ပြဿနာတစ်ခုခု ဖြေရှင်းရတော့မယ်ဆိုရင် ကလေးဘက်ကပဲနေပေးပါ။ အိမ်ရောက်မှ ဆုံးမချင်သလို ဆုံးမပါ။ ပြီးတော့ အမှတ်နည်းတာကို ဆူလားပူလားမလုပ်ပါနဲ့။ မိဘတွေက အမှတ်နည်းလို့ဆူသမျှက ကလေးရဲ့စိတ်ထဲမှာ ကျောင်းကိုကြောက်ရွံ့မုန်းတီးစိတ်တွေ ဖြစ်လာစေနိုင်ပါတယ်။

၃။ မိဘအများစုဟာ ကျောင်းကဆရာမတွေနဲ့တွေ့ရင် “ကျွန်မသားလေး အမှတ်တွေကောင်းလေား” လို့ပဲ မေးကြပါတယ်။ “ကျွန်မသားလေး စာသင်ခန်းထဲမှာ ပျော်ရဲ့လား၊ သူ့ပုံစံက စိုးရိမ်ပြီး စိတ်ဖိစီးတဲ့ပုံပေါက်နေလား” လို့ ဘယ်သူမှ မမေးကြပါဘူး။ မိဘတွေဂရုစိုက်သင့်တာက ကလေးတွေရဲ့ အမှတ်စာရင်းမဟုတ်ပါဘူး။ သူတို့လေးတွေရဲ့ စိတ်အခြေအနေ၊ ခံစားချက်လေးတွေ ဖြစ်ပါတယ်။

၎။ ကလေးတွေက အိမ်စာမလုပ်ချင်ဘူးဆိုတိုင်း အကြောင်းအရင်းတစ်ခုတော့ ရှိစမြဲပါ။ ပျင်းရိတာလုံးဝမဟုတ်ပါဘူး။ သူတို့မှာ စိတ်ခွန်အားနဲ့ စိတ်စွမ်းအားလိုအပ်နေလို့ပါ။ ဒီတော့ ကလေးတွေအိမ်စာမလုပ်တိုင်း ပျင်းတယ်လို့ စွပ်စွဲဆူပူမယ့်အစား သူတို့အတွက် စိတ်ခွန်အားဖြစ်စေနိုင်တဲ့ စကားလေးတွေပြောပြီး ဆုံးမပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ကလေးတွေ အိမ်စာလုပ်ရင်း မလုပ်နိုင်တာတွေ (ဥပမာ- သင်္ချာပုစ္ဆာမဖြေရှင်းနိုင်တာ၊ ပုံမဆွဲတတ်တာ) ဖြစ်နေပြီဆိုရင် သင်က ကိုယ်စားလုပ်ပေးတာထက် သူတို့နဲ့အတူတူ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို စဉ်းစားပါ။ ပြီးရင် အတူတူအဖြေရှာပါ။ ဒီနည်းလမ်းက ကလေးတွေရဲ့ပညာရေးအတွက် ပိုပြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။

၆။ မိသားစုကြားက နွေးထွေးတဲ့သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေထက် ဘယ်အမှတ်စာရင်းကမှ အရေးမကြီးဘူးဆိုတာကို သိထားပါ။

၇။ ဆယ်ကျော်သက်ကလေးတွေနဲ့ ပတ်သက်ပြီး မိဘတွေပိုသတိထားသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေရဲ့ စိတ်ဟာ သိပ်ကိုထိရှလွယ်ပါတယ်။ ကလေးတွေရဲ့ပညာရေးအပေါ် အတင်းဖိအားပေးခြင်းဟာ သားသမီးနဲ့မိဘကြားမှာ ပဋိပက္ခတွေနဲ့ အဖြားမလိုလားအပ်တဲ့ပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် သားသမီးရဲ့ စိတ်ခံစားမှုနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပါ။

အမှတ်စာရင်းထွက်ပြီးနောက်ပိုင်းမှာ စာမေးပွဲအတွက် ကြိုးစားအားထုတ်ခဲ့တာတွေ၊ ဆူပူခဲ့တာတွေ၊ မျက်ရည်တွေ အားလုံးဟာ သူ့အလိုလို ပျောက်ကွယ်သွားမှာပါ။ ဒါပေမဲ့ မိဘနဲ့သားသမီးကြားက ယုံကြည်မှု၊ အားကိုးမှု၊ နားလည်မှု၊ စိတ်လုံခြုံမှု၊ ရင်းနှီးမှုတွေမှာတော့ ဒဏ်ရာပြင်းရင်ပြင်းသလောက် အမာရွက်တွေ ကျန်နေနိုင်ပါတယ်။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးအပေါ်မှာ ရည်မှန်းချက်ကြီးကြီးမားမားထားပြီး ဖြစ်ထွန်းစေချင်တာ သဘာဝပါ။ သားသမီးဘဝအတွက် စဉ်းစားပြီး ကြိုးစားခိုင်းတာက ကြိုးစားခိုင်းလို့ရပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့လောဘစိတ်လေးကြောင့် ကိုယ့်သားသမီးလေးက စိတ်ဖိစီးမှုတွေများစွာ၊ စိုးရိမ်စိတ်များစွာနဲ့ ကွယ်ရာမှာ ကျိတ်ငိုနေရတယ်၊ ဆူတလှည့်ရိုက်တလှည့်ဆူတတ်တဲ့ ကိုယ့်ကိုလည်း စိတ်ထဲမှာ ကြောက်ရွံ့မုန်းတီးနေတယ်ဆိုရင် အဆင့် A ရလာတဲ့ ရီပို့ကတ်က မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာတွေကို စတေးရလောက်တဲ့အထိ တန်ဖိုးရှိလားဆိုတာ တစ်ချက်ပြန်လည်စဉ်းစားကြည့်လိုက်ပါ။

မိဘအချင်းချင်း လက်ဆင့်ကမ်းမျှဝေတဲ့အနေနဲ့ SHARE ပေးလိုက်ပါ။