နှလုံးသားဝေဒနာ ခံစားနေရတဲ့ သမီးလေးကို သိစေချင်တာလေးတွေ

blank
Beautiful asian woman.. Smiling beautiful asian woman relaxing in the morning
သမီးရေ…

သမီးလေးရဲ့ ဘဝမှာ အချို့အရာတွေက သမီးလေးဖြစ်ချင်တဲ့အတိုင်း တစ်ပုံစံတည်းဖြစ်မလာတဲ့အချိန်တွေ သမီးလေးကြုံတွေ့ရလိမ့်မယ်။ တစ်ခါတလေမှာ လောကကြီးရဲ့ ရက်စက်ပြီး နှစ်လိုဖွယ်မကောင်းတဲ့ မျက်နှာတစ်ခုကို သမီးမြင်တွေ့ရလိမ့်မယ်။ သမီးရဲ့ ခံစားချက်တွေကို ရိုက်ချိုးပစ်မယ့် အခိုက်အတန့်တစ်ခုကို သမီးကြုံတွေ့တဲ့အခါ အသည်းကွဲခြင်းကို အဆိပ်အတောက်အဖြစ် မမြင်ဘဲဘဝရဲ့ အားတစ်ခုအဖြစ်မြင်စေချင်တယ်။ အသည်းပါတဲ့လူမှာ အသည်းကွဲတာ မထူးဆန်းပါဘူး။

သမီးရင်ထဲက ဆို့နင့်နာကျင်မှုဟာ သမီးဖက်တွယ်ထားလေလေ ပိုပြီးနာကျင်လေလေဖြစ်လာလိမ့်မယ်။ သမီးမြန်မြန်ထွက်ခွာခွင့်ပေးလိုက်တာနဲ့ နာကျင်ခြင်းတွေကလည်း သမီးဆီက အပြီးသတ်ထွက်သွားလိမ့်မယ်။ နာကျင်ခြင်းတွေနဲ့ အသည်းကွဲခြင်းဆိုတာ မေမေတို့ကို ပိုပြီးသန်စွမ်းတဲ့သူတွေဖြစ်အောင် ပံ့ပိုးပေးနိုင်တဲ့ အရာတွေပဲ မဟုတ်လား သမီးရေ….

ဒါကြောင့်လေ…. နာကျင်ခြင်းဆိုတာ သမီးလေးလိုချင်ချင် မလိုချင်ချင် သမီးဆီကို ရောက်လာမယ့်အရာတွေဆိုတာ မှတ်ထားပါ။ သမီးရဲ့ ခံစားချက်တွေကို ကစားသွားခဲ့သူတစ်ယောက်ကြောင့် သမီးရဲ့ ကြင်နာခြင်းတွေကို မစွန့်လွတ်ပစ်ပါနဲ့။ သမီးရဲ့ စာနာသနားတတ်တဲ့ နှလုံးသားကို အရောင်မဆိုးပစ်ပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အသည်းမကွဲခင်ကထက် ပိုပြီးခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့ နောက်တစ်ခါပြန်ချစ်ပါသမီး။ လောကမှာ သမီးရဲ့ ချစ်ခြင်းတွေ၊ အချိန်ပေးမှုတွေနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ကို သမီးသေချာပေါက်တွေ့မှာပါကွယ်။ သမီးရဲ့ ပြန့်ကျဲနေတဲ့ အသည်းနှလုံးကို တစ်စစီကောက်ပြီး ပြန်လည်လှပအသက်ဝင်စေမယ့် လူတစ်ယောက်ကို တွေ့တဲ့အခါ တန်ဖိုးထားတတ်ဖို့ သမီးလေ့ကျင့်ထားပါ။

အသည်းကွဲခြင်းတွေကို လွန်မြောက်ပြီး ပြန်ချစ်ဖို့ မပြောနဲ့ အသက်ရှင်ဖို့တောင် ခက်ခဲတယ်ဆိုတာ မေမေသိပါတယ်။ ဒါပေမဲ့ အသည်းကွဲခြင်းကို တည့်တည့်ရင်ဆိုင်ပြီး ဘဝကိုရှေ့ဆက်ဖို့ ကြိုးစားပါ။

အရာရာတိုင်းကို ဖြစ်သင့်တဲ့အတိုင်း ဖြစ်ခွင့်ပေးလိုက်ပါ။ ခံစားချက်တွေကိုလည်း ပြန်လည်အသက်ဝင်ခွင့် ပေးလိုက်ပါ။ အချိန်ဆိုတဲ့သမားတော်ကို အသည်းဒဏ်ရာတွေကုစားဖို့ အချိန်ပေးပါ။

တစ်နေ့မှာ သမီးရဲ့ နာကျင်ခြင်းတွေအရည်ပျော်ပျောက်ကွယ်သွားမယ့် နေ့တစ်နေ့ကို သေချာပေါက်ရောက်လာပါလိမ့်မယ်။ ယုံကြည်ဖို့ဖက်ခဲပေမဲ့ နာကျင်ခြင်းတွေဟာ ဘဝအတွက် အကောင်းဆုံးသင်ခန်းစာတွေဖြစ်သွားပါလိမ့်မယ်။

အကောင်းပဲ အဖြစ် အဆိုးပဲဖြစ်ဖြစ် အတွေ့အကြုံတိုင်းဟာ ဘဝတည်ဆောက်ရေးမှာ အသုံးဝင်ပါတယ်သမီးရေ…

ဒါကြောင့် သမီးဟာ ပျော့ညံ့တဲ့သူတစ်ယောက်မဟုတ်ဘူးဆိုတာ သမီးကိုယ်သမီး သတိပေးပါ။ သမီးဟာ စိတ်ဓာတ်သန်စွမ်းခိုင်မာတဲ့သူတစ်ယောက်ဆိုတာ မှတ်ထားပါ။ အဲဒါဆိုရင်တော့ ဘဝမှာကြုံလာမယ့် တိုက်ပွဲတိုင်းမှာ သမီးအနိုင်ရမယ်ဆိုတာ မေမေယုံကြည်တယ်။

သမီးဘာတွေပဲ ကြုံတွေ့ရကြုံတွေ့ရ သမီးကိုသိပ်ချစ်တဲ့ မေမေသမီးဘေးနားမှာ ရှိတယ်ဆိုတာကိုလည်း မှတ်ထားပေးနော် သမီး။

သမီးလေးကို ချစ်တဲ့

မေမေ