အသက်အရွယ်ကွာခြားတဲ့ချစ်ခြင်းတွေ ဘာလို့ ပျော်ရွှင်ခိုင်မြဲကြတာလဲ

blank

       လူတော်တော်များများဟာ လမ်းမှာ အသက်အရွယ်ကွာလွန်းတဲ့စုံတွဲတွေကို တွေ့ရင် တအံ့တသြနဲ့ လိုက်ကြည့်တတ်ကြပါတယ်။ ၂နှစ်၊ ၃နှစ်ကွာတာ မသိသာပေမဲ့ ၁ဝနှစ်ကျော်လောက်ကွာနေရင်တော့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အမှန်တရားတစ်ခုကိုပြောရရင်တော့ အချစ်ရေးတစ်ခုခိုင်မြဲဖို့ အသက်ကွာခြင်း၊ မကွာခြင်းထက်ပိုပြီး အရေးပါတဲ့အရာတွေ အများကြီးရှိနေသေးတယ်ဆိုတာပါပဲ။

ချစ်သူနှစ်ယောက်ကြားက အသက်ကွာခြားမှုဆိုတာ နားလည်မှု၊ မိသားစုဘဝတည်ဆောက်နိုင်မှု၊ သံယောဇဉ် စတဲ့အရာတွေလောက် အရေးပါတဲ့အရာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြသလဲ ဆိုတာကမှ အရေးကြီးဆုံးအရာပါ။ တစ်ခါတလေ နှစ် (၂ဝ) လောက်ကွာနေတဲ့ ချစ်သူစုံတွဲတွေ၊ လင်မယားတွေကြားမှာ ပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြတာကို တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက်ချစ်နေရင် အသက်အရွယ်ကွာခြားမှုကို ထည့်စဉ်းစားစရာမလိုဘူးလို့ ပြောနိုင်ပါတယ်။

တချို့ရှေးရိုးစွဲအိမ်ထောင်ရေးတွေမှာ ခင်ပွန်းဖြစ်သူက အိမ်စရိတ်ကိုအဓိကရှာဖွေနေတဲ့ အိမ်ဦးနတ်၊ ဇနီးဖြစ်သူကတော့ အိမ်ထောင့်တာဝန်တွေယူရတဲ့ အိမ်ရှင်မအဖြစ် အများစုက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် အသက် (၁၅) နှစ်လောက်ကွာတဲ့ အမျိုးသမီးငယ်လေးတွေကို အများဆုံးလက်ထပ်ကြပါတယ်။ ဒီလိုလက်ထပ်ခြင်းအတွက် နောက်ထပ်အကြောင်းပြချက်ကတော့ ခင်ပွန်းဖြစ်သူ အသက်ကြီးပြီး နာမကျန်းဖြစ်တဲ့အခါ ဇနီးသည်က ဆေးပေးမီးယူပြုစုနိုင်စေဖို့ လို့ဆိုပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အခုခေတ်မှာတော့ အမျိုးသမီးတွေလည်း အလုပ်တွေလုပ်ပြီး ဝင်ငွေတွေရှာလာကြချိန်မှာ ဒီအယူအဆဟောင်းတွေကို လက်ခံသူတွေ နည်းသည်ထက်နည်းလာပါတယ်။ လူငယ်တွေရဲ့ အမြင်မှာ အသက်အရွယ်သိပ်မကွာတဲ့သူတွေကသာ အိမ်ထောင်ဖက်ကောင်းလို့ လက်ခံလာကြပါတယ်။ အသက်အရွယ် မတိမ်းမယိမ်းဖြစ်မှသာ အတွေးအမြင်တွေ ထပ်တူကျပြီး ရေရှည်မှာ အဆင်ပြေမယ်လို့ မြင်လာကြပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးတစ်ခုကို တည်တံ့စေဖို့ အလိုအပ်ဆုံးကတော့ အသက်အရွယ်တွေကို ဘေးချိတ်ထားပြီး အပြန်အလှန်လေးစားမှုရှိဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုမရှိရင် အချစ်ရေးဟာ ကြာရှည်မတည်မြဲနိုင်ပါဘူး။ ဘယ်လောက်ပဲချစ်ကြပါစေ၊ လေးစားမှုမရှိရင် အချစ်တွေ လျော့သွားတတ်ကြပါတယ်။ လေးစားမှုမရှိတဲ့အိမ်ထောင်ရေးမှာ နေသားကျနေတဲ့သူတွေရှိပေမဲ့ ဒါဟာ စိတ်ရောကိုယ်ကိုပါထိခိုက်စေတဲ့ အဆိပ်သင့်အိမ်ထောင်ရေးဆိုတာ သိထားသင့်ပါတယ်။

နောက်ဆုံးချုပ်အနေနဲ့ ပြောရရင်တော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်နေသရွေ့၊ လေးစားနေသရွေ့၊ အသက်အရွယ်ကွာခြားမှုကို ထည့်ပြီးစဉ်းစားစရာမလိုပါဘူး။ ဒါကြောင့် အသက်အရွယ်ကွာတဲ့ စုံတွဲတွေကို မြင်ရင် နှာခေါင်းရှုံ့စရာ၊ ဝေဖန်စရာလို့ မမြင်သင့်သလို ကိုယ်နဲ့ ကိုယ့်ချစ်သူအသက်ကွာနေရင်လည်း ဘာမှ သိမ်ငယ်စရာ၊ ရှက်စရာမလိုပါဘူးနော်။ ဝေဖန်ရှုံ့ချတဲ့သူတွေရှိနေရင်လည်း သင့်ချစ်သူလက်ကို မြဲမြဲကိုင်၊ ခေါင်းကိုမော့ပြီး “ငါတို့ကြားမှာ နားလည်မှု၊ လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာအပြည့်ရှိနေတယ်လေ” လို့သာ ပြန်ပြောလိုက်ပါ။

တိုက်ဆိုင်မှုလေးတွေရှိရင် ဂုဏ်ယူစွာ SHARE နိုင်ပါတယ်နော်။