မိဘရာထူးဆိုတာ အချိန်ပြည့်ထမ်းဆောင်ရမယ့်ရာထူးပါ၊ အချိန်ပိုင်းအလုပ်မဟုတ်ပါဘူး

blank
Happy family is having fun Mother, father and daughter are running in park.

ယနေ့ခေတ်ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး၊ မိဘတာဝန်ကို ကျေပွန်အောင် ကောင်းကောင်းမထမ်းဆောင်နိုင်သေးဘဲ မိဘနေရာကိုရောက်နေတဲ့ လူငယ်တွေကို တွေ့ရပါတယ်။ အဲဒီလို မိဘတွေအတွက် စိတ်ရင်းစေတနာကို အဓိကထားပြီး သိစေချင်တာလေးတွေကို ပြောပြချင်ပါတယ်။

ကလေးတွေဆိုတာ လှလှလေးဝတ်ပေး၊ ဓာတ်ပုံရိုက်ပေးပြီး facebook ပေါ်တင်ရုံ သက်သက်သာ အသုံးဝင်တဲ့ အရုပ်လေးတွေမဟုတ်ပါဘူး။ ပြီးတော့ သင်အပြင်ထွက်လည်ချင်တိုင်း မိဘမဟုတ်တဲ့ တခြားသူတွေနဲ့ လွယ်လွယ်ကူကူထားခဲ့လို့ရတဲ့ အရုပ်လေးတွေလည်း မဟုတ်ပါဘူး။ ကလေးတွေဆိုတာ ချစ်ခြင်းမေတ္တာကိုခံယူဖို့၊ ဂရုတစိုက်နဲ့ ပြုစုစောင့်ရှောက်ခံဖို့၊ ပြီးတော့ မိဘတွေဆီကနေ လောကကြီးအကြောင်းကို သင်ယူလေ့လာဖို့ မွေးဖွားလာတဲ့ သက်ရှိလူသားလေးတွေပါ။

ကလေးတွေကို လိမ္မာရေးခြားရှိပြီး အောင်မြင်တဲ့လူငယ်လေးတွေဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဖို့က မိဘတွေဖြစ်တဲ့ သင်တို့ကိုယ်တိုင်ရဲ့ တာဝန်ပါ။ ဒါဟာ သင့်မိခင်ရဲ့အလုပ်မဟုတ်ပါဘူး၊ သင့်မိတ်ဆွေရဲ့ အလုပ်မဟုတ်ပါဘူး၊ သင့်အန်တီရဲ့ အလုပ်လည်းမဟုတ်ပါဘူး။ မိဘဖြစ်တဲ့သင်ကိုယ်တိုင်က စိတ်ရင်းစေတနာအပြည့်နဲ့ ကျေပွန်အောင်အချိန်ပြည့်ထမ်းဆောင်ရမယ့် အလုပ်တာဝန်တစ်ခုပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကလေးတွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ကလည်း သင့်တာဝန်၊

ကလေးတွေကို အဝတ်အစားလေးတွေ သပ်သပ်ရပ်ရပ်ဝတ်ပေးဖို့ကလည်း သင့်တာဝန်၊

ကလေးတွေကို ဘဝအသိအမြင်လေးတွေ၊ လောကကြီးအကြောင်းတွေကို ပြောပြပေးဖို့ကလည်း သင့်တာဝန်၊

ကလေးတွေအတွက် တတ်နိုင်သလောက်အချိန်ပေးပြီး အရာရာဖြည့်ဆည်းပေးရမှာကလည်း သင့်တာဝန်၊

နောက်ဆုံး ကိုယ်မွေးထားတဲ့ရင်သွေးလေးအတွက် အစစအရာရာကို စတေးပြီး ချစ်ပေးရမှာလည်း သင့်တာဝန်ပါပဲ။

မိဘရယ်လို့ ဖြစ်လာပြီဆိုကတည်းက အပျော်အပါးတွေလျှော့ပြီး ကလေးအတွက် အချိန်ပေးဖို့၊ ပြောင်းလဲသင့်တာတွေကို ပြောင်းလဲဖို့လိုပါတယ်။ ဒီလိုမျိုး မလုပ်ချင်ဘူးဆိုရင်တော့ မိဘဘဝကို အစကတည်းက မခံယူသင့်ဘူးလို့ ထင်ပါတယ်။

ကိုယ့်ရဲ့ပျော်ရွှင်မှုထက် ကိုယ့်သားသမီးရဲ့ ပျော်ရွှင်မှုကို ဦးစားပေးရတာဟာ မိဘတိုင်းရဲ့သမိုင်းပေးတာဝန်ပါ။ ကလေးတွေရဲ့ စံပြဖြစ်အောင် နေထိုင်ရမယ်၊ ပြီးတော့ ကလေးတွေကို ချစ်တတ်ဖို့၊ စစ်မှန်စွာနေထိုင်တတ်ဖို့၊ တာဝန်ယူစိတ်ရှိဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့ သင်ကြားပေးရပါမယ်။

ကလေးတွေကြောင့် လုပ်ငန်းခွင်နဲ့ ဘဝအောင်မြင်မှုကို ထိခိုက်စေနိုင်တယ်ဆိုတာကို ကျွန်မသိပါတယ်။ အဲဒီအတွက်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ဘဝမှာ တကယ်အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်အောင်အရင်ကြိုးစား၊ ဒါမှမဟုတ် အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အခြေကျပြီဆိုမှ ကလေးယူတာပိုမကောင်းဘူးလားရှင်။

ဒါကြောင့် အသက်ငယ်ငယ်နဲ့ မိဘဖြစ်နေတဲ့မောင်လေး၊ ညီမလေးတို့ရေ…။ မိဘဖြစ်နေပြီဆိုမှတော့ ရင့်ကျင်သင့်သလောက်ရင့်ကျက်ပြီး တာဝန်ယူစိတ်ရှိဖို့လိုပါပြီ။ သင့်ရင်သွေးအရွယ်ရောက်လာတဲ့အခါ သူ့ငယ်ဘဝကို ပြန်စဉ်းစားလိုက်တိုင်း အမှတ်ရနေမှာက သင့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ စိမ်းကားမှု၊ ဥပေက္ခာပြုမှုတွေ မဖြစ်ပါစေနဲ့။

ကလေးကဘယ်အရွယ်ပဲဖြစ်ဖြစ် သူတို့ကိုပေးတဲ့ ချစ်ခြင်းမေတ္တာတွေကို မလျော့ပါစေနဲ့။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ သူတို့တွေ အရွယ်ရောက်လာဦးမှာပါ။ သင့်လည်း အိုမင်းမစွမ်းဖြစ်ပြီး သူတို့ရဲ့ ဂရုတစိုက်စောင့်ရှောက်မှုကို ပြန်လည်ရယူရမယ့်အချိန်ကို ရောက်လာဦးမှာပါ။ အဲဒီအချိန်မှာ သူတို့ရဲ့ နွေးထွေးယုယမှု၊ အချိန်ပေးမှု၊ ဂရုစိုက်ကြင်နာမှုတွေကိုရဖို့ သင်လည်းအခုအချိန်ကတည်းက နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။