ချစ်ရတဲ့ မေမေရေ…
အရာရာတိုင်းထက် မိသားစုကိုပိုချစ်ပြီး၊ ပိုအလေးထားတဲ့ မေမေ့လိုမျိုး မိခင်ကို ပိုင်ဆိုင်ထားရတဲ့အတွက် သမီးဘယ်လောက်တောင် ကံကောင်းလဲဆိုတာကို စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရနိုင်ပါဘူး မေမေ။ မေမေဟာ သမီးအတွက်တော့ မိခင်တစ်ယောက်ထက်ပိုတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ သမီးမေမေ့ကို သိပ်ချစ်တယ်။
မေမေ့အတွက်ဆို သမီးဘာပဲ ပေးဆပ်ရပါစေ၊ ပေးဆပ်မှာ သိလား။ ပြင်းထန်တဲ့ နာတာရှည်ရောဂါကြီးကြောင့် မကြာခဏနေမကောင်းတတ်တဲ့ မေမေ့အတွက် မိသားစုကိုအချိန်ပြည့်ဂရုစိုက်ဖို့ ခက်ခဲတယ်ဆိုတာ သမီးသိပါတယ်။ ဒါကြောင့် သမီးမေမေ့ရဲ့ ကျေးဇူးတွေကို နားလည်ပြီး ဒီစာလေးကို ရေးလိုက်တာပါ။
သမီးငယ်ငယ်ကတည်းက မေမေနေမကောင်း စဖြစ်တာကို သမီးသတိထားမိတယ်။ အဲဒီအရွယ်တုန်းကတော့ “ပန်းနာရင်ကြပ်”၊ “နှလုံးရောဂါ”၊ “အသက်ရှူမဝတဲ့ရောဂါ” ဆိုတဲ့ စကားလုံးတွေကို ကောင်းကောင်းနားမလည်ခဲ့ဘူး။ ဒါပေမဲ့ မေမေက ကိုယ့်ကိုယ်ကို လူကောင်းတစ်ယောက်လိုခံယူထားပြီး မိသားစုရဲ့အိမ်ရှင်မတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်နော်။ မောပန်းနွမ်းနယ်မှုတွေကို ဟန်ဆောင်ဖုံးကွယ်ရင်းနဲ့ပေါ့။ ညဘက်တွေဆို မေမေအိပ်ရာထက်မှာ မောပန်းခံစားနေရတာ သမီးတဖြည်းဖြည်းနဲ့ သိလာခဲ့ပါပြီ။ သမီးမှတ်မိနေသေးတယ်။ ငယ်ငယ်တုန်းက မေမေသမီးကို ကစားကွင်းလိုက်ပို့မယ်ပြောပြီး ကတိဖျက်လို့ သမီးစိတ်ဆိုးတာလေ။ အဲ့တုန်းက မေမေအမောဖောက်နေလို့ဆိုတာ သမီးသိခဲ့ရင် စိတ်ဆိုးမိမှာ မဟုတ်ပါဘူး။ မေမေ့ကို စိတ်ဆိုးမိတဲ့အတွက် တောင်းပန်ပါတယ်နော်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
ပြီးတော့ မေမေ့အတွက် ခက်ခဲနေတာတောင် သမီးအတွက်ဆိုပြီး အပြုံးမပျက်ဖြည့်ဆည်းပေးခဲ့တဲ့ အရာတွေအတွက် မေမေ့ကို သိပ်ကိုကျေးဇူးတင်ပါတယ်။ မေမေဟာ တကယ့်ကို စူပါမေမေပါ၊ ပြီးတော့ သမီးဘဝရဲ့ သူရဲကောင်းပေါ့။ အခုဆိုရင် သမီးအသက် ၁၉ နှစ်ရှိပြီ။ “ကြီးလာရင် ဘာဖြစ်ချင်လဲ” လို့ ဘယ်သူလာမေးမေး မေမေ့လို တာဝန်ကျေတဲ့ စံပြမိခင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်လို့ ဖြေနေမိဆဲပါပဲ။ ဘာလို့လဲဆိုတော့ မေမေက သမီးတွေ့ဖူးသမျှမိန်းမတွေထဲမှာ စိတ်ဓာတ်အခိုင်မာဆုံးနဲ့ အတုယူစရာအကောင်းဆုံး မိန်းမတစ်ယောက် ဖြစ်နေလို့ပေါ့။
သမီးလေ မေမေခံစားနေရတဲ့ ဝေဒနာတွေကို လုံးဝပျောက်ကင်းစေချင်လိုက်တာ။ ဒါပေမဲ့ ပန်းနာရင်ကြပ်နဲ့ နှလုံးရောဂါတွေဆိုတာ အမြစ်ပြတ်ပျောက်ဖို့ ခက်တဲ့ ရောဂါတွေမဟုတ်လား။ သမီးမေမေ့ရဲ့ ဝေဒနာတွေကို ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်ဘူးဆိုပေမဲ့ ဝေဒနာမခံစားရအောင်၊ သက်တောင့်သက်သာနေနိုင်အောင်လို့ အစွမ်းကုန်ကြိုးစားပြုစုသွားမှာပါ။ မေမေနဲ့ သမီးကြားက မေတ္တာမြစ်ရေအလျဉ်က စုန်ဆင်းရာကနေ ပြန်လည်ဆန်တက်ရမယ့် အချိန်ကို ရောက်နေပြီမဟုတ်လား။
မေမေ့ကို သိပ်ချစ်တဲ့ မေမေ့သမီးလေး
သင့်မေမေရဲ့ မေတ္တာတွေကို လေးစားတဲ့အနေနဲ့ SHARE လိုက်ပါ။