ကလေးတစ်ယောက်ရဲ့ အနာဂတ်အောင်မြင်မှုကို ဟန့်တားနေတဲ့ မိဘတွေရဲ့ ပြုစုပျိုးထောင်နည်းအလွဲများ

blank
Mother and asian baby crying
၁။  ကလေးတွေအပေါ် စိုးရိမ်စိတ်ကြီးမားစွာဖြင့် ချုပ်ချယ်တတ်ခြင်း

ကလေးတွေအပေါ်စိုးရိမ်စိတ်နဲ့ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး စသည်ဖြင့် တားဆီးတာဟာ ချစ်တဲ့စိတ်ကြောင့်ဆိုပေမဲ့ နေရာတကာမှာ တားမြစ်နေရင် ကလေးတွေမှာ အတွေ့အကြုံတွေ ရှိမလာတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးဘဝမှာ လဲကျမှာ၊ ခိုင်းမိမှာကြောက်လို့ အိမ်ပြင်တောင် ထွက်မဆော့ရတဲ့ကလေးဟာ အရွယ်ရောက်လာလေလေ၊ ကြောက်စိတ်တွေ များလာလေလေဖြစ်ပြီး လူပျော့လူညံ့လေးဖြစ်လာနိုင်ပါတယ်။ ဘဝမှာလည်း အောင်မြင်အောင်မကြိုးစားဘဲ သာမညောင်ညလူတစ်ယောက်အဖြစ် သက်တမ်းတစ်လျှောက်လုံး နေထိုင်သွားရတတ်ပါတယ်။

၂။ ပြဿနာတွေကို လျင်မြန်စွာ ကူညီဖြေရှင်းပေးတတ်ခြင်း

ကလေးတွေမှာ ပြဿနာလေးတွေ၊ အခက်အခဲလေးတွေ ကြုံတဲ့အခါ (ဆိုးဆိုးဝါးဝါး အန္တရာယ်မဖြစ်ဘူးဆိုရင်) ချက်ချင်းကူညီဖြေရှင်းမပေးသေးဘဲ သူတို့ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ အခွင့်အရေးပေးလိုက်ပါ။ ဒါမှသာ အရွယ်ရောက်လာတဲ့အခါ ပြဿနာဖြေရှင်းနိုင်စွမ်း (problem solving skill) မြင့်မားလာမှာဖြစ်ပြီး ဘဝအောင်မြင်ရေးအတွက် ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။

၃။ စကားကို ပြီးစလွယ်လိမ်ညာပြောခြင်း

တစ်ခါတလေမှာ ကလေးတွေကို စိတ်သက်သာရာရပါစေတော့ဆိုပြီး စကားကို ပြီးစလွယ်လိမ်ညာပြောတတ်ကြပါတယ်။ ဒါဟာ ကလေးတွေအတွက်တော့ စိတ်သက်သာရာရကောင်းရလိမ့်မယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကလေးတွေရဲ့စိတ်ထဲမှာ လိမ်ညာတာ၊ ဟန်ဆောင်လှည့်ဖြားတာဟာ မဆန်းတော့တဲ့ သမာရိုးကျအလုပ်တစ်ခုလို ခံစားလာရပြီး ဘဝအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ သားသမီးအချင်းချင်း ခွဲခြားဆက်ဆံသလိုဖြစ်စေတဲ့ အုပ်ချုပ်မှုစနစ်တွေကို ကျင့်သုံးခြင်း

ဒီအချက်ဟာ များသောအားဖြင့် ကလေးများတဲ့မိသားစုတွေမှာ ဖြစ်တတ်ပါတယ်။ ကလေးတစ်ယောက်က ကျောင်းမှာ ဆုရခဲ့လို့ သူ့ကိုပဲဆုပေးပြီး အခြားကလေးတွေကို နှိမ့်ချခွဲခြားပြီး ဆက်ဆံတာဟာ မိဘတစ်ယောက်အနေနဲ့ သားသမီးတွေကို မခံချင်စိတ်ဖြစ်ပြီး ကြိုးစားပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ သားသမီးတွေရဲ့စိတ်ထဲမှာတော့ သိမ်ငယ်မှုတွေ၊ မနာလိုမှုတွေဖြစ်လာပြီး ဘဝမှာ အမြဲလိုလို အားငယ်နေတတ်ပါတယ်။ ဒီတော့ သားသမီးတစ်ယောက်ဆုရလာရင် ဆုပေးတဲ့အနေနဲ့ သားသမီးတွေအားလုံးကို ကစားကွင်းကို ခေါ်သွားတာဖြစ်ဖြစ်၊ အလည်အပတ်ပို့တာဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးတော့ နှိမ်ချဆက်ဆံတာမျိုးမဟုတ်ဘဲ အားကျအတုယူအောင် စကားနဲ့ဆုံးမပါ။

၅။ အတိတ်က အမှားတွေကို ပြန်ဝေမျှဖို့ ဝန်လေးနေခြင်း

ဆယ်ကျော်သက်အရွယ်ဆိုတာ လောကကြီးကို စူးစမ်းလေ့လာချင်တဲ့အရွယ်၊ အမှားတွေအများကြီး ကျူးလွန်နိုင်တဲ့အရွယ်ဖြစ်ပါတယ်။ ဒီတော့ မိဘဖြစ်တဲ့သင်က အမှားတွေမကျူးလွန်မိအောင် လောကကြီးအကြောင်း၊ ဘဝအကြောင်းကို ပြောပြပြီး သင်ကြားပြသပေးရမှာပါ။ ဒီလိုသင်ကြားဆုံးမရာမှာ သင့်ရဲ့ဆယ်ကျော်သက်အရွယ်မှာ မှားခဲ့တာတွေ၊ လုပ်ရပ်တွေ၊ အကျိုးဆက်တွေကို သေသေချာချာ ဖွင့်ပြောပြပြီးဆုံးမတာက ပိုပြီးထိရောက်နိုင်ပါတယ်။

၆။ ကလေးတွေရဲ့ ပါရမီနဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့်မပြုခြင်း

ကလေးတိုင်းမှာ မွေးရာပါ ပါရမီနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေပါတယ်။ ဒါကို မိဘတွေက တလွဲတွေးပြီး ကလေးတွေဝါသနာမပါတာကို အတင်းစေခိုင်းလို့မရပါဘူး။ ကလေးတစ်ယောက်ဟာ ကျောင်းစာမှာ တော်ချင်မှတော်လိမ့်မယ်၊ ဒါပေမဲ့သူ့မှာ ပန်းချီကားကောင်းတွေကို ဖန်တီးနိုင်တဲ့စွမ်းရည်တွေရှိနေတတ်တယ်။ ဒီလိုမျိုးသာဓကတွေဟာ ကမ္ဘာ့သမိုင်းမှာရော၊ မြန်မာ့သမိုင်းမှာပါအများကြီးမို့လား။ ဒီတော့ ကလေးတွေရဲ့ဘဝအောင်မြင်မှုအတွက် သူတို့ဝါသနာပါတာလေးတွေကို ဇောက်ချလုပ်နိုင်ဖို့ အခွင့်အရေးပေးလိုက်ပါ။

၇။ ကလေးတွေကို ပြောထားတဲ့အတိုင်း စကားမတည်ခြင်း

မိဘတွေဆိုတာ ကလေးတွေရဲ့ လက်ဦးဆရာပါ။ ပန်းခြံလိုက်ပို့မယ်ဆိုပြီးမပို့တာ၊ တစ်ခုခုဝယ်ပေးမယ်ပြောပြီး မဝယ်ပေးတာတွေ စတဲ့  ကလေးတွေအပေါ် ကတိမတည်တဲ့အပြုအမူတွေက မိဘတွေအတွက် အပေါ်ယံဆိုပေမဲ့ ကလေးတွေအတွက်ကတော့ အတုယူစရာဖြစ်လာနိုင်ပါတယ်။ ဒီဖြစ်ရပ်အတွက် အကျိုးဆက်ကတော့ အရွယ်ရောက်လာတဲ့အခါ စကားကိုလွယ်လွယ်ပြောပြီးလွယ်လွယ်မေ့တာ၊ ကတိတွေကို လွယ်လွယ်ဖျက်တတ်တာတွေ ဖြစ်လာပြီး ဘဝအောင်မြင်ရေးမှာ ထိခိုက်စေနိုင်ပါတယ်။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… သားသမီးတွေကို ဘဝမှာအောင်မြင်ပြီး ဆင်စီးမြင်းရံတာကိုမြင်စေချင်တာ မိဘတိုင်းရဲ့ မေတ္တာစေတနာပါ။ ဒါပေမဲ့ အချို့သော အုပ်ချုပ်ပုံအလွဲလေးတွေကြောင့် ကလေးတွေရဲ့ ဘဝမှာ အောင်မြင်သင့်သလောက် မအောင်မြင်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီတော့ အထက်မှာ ဖော်ပြထားတဲ့ အုပ်ချုပ်နည်းအလွဲလေးတွေအကြောင်းသိနားလည်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ရင်း သားသမီးတွေကို အကောင်းဆုံးပြုစုပျိုးထောင်ပေးနိုင်တဲ့ မိဘတွေအဖြစ် ဂုဏ်ယူလိုက်ရအောင်လားရှင်။

မိဘတစ်ယောက်ဆိုရင် မိဘအချင်းချင်းမျှဝေပေးတဲ့အနေနဲ့ SHARE လိုက်ပါ။