အစားမက်တဲ့ကျွန်မကို ချစ်သူအဖြစ်ပိုင်ဆိုင်ချင်တယ်ဆိုရင်

blank
ကျွန်မရဲ့အနာဂတ်ချစ်သူလောင်းလေးရေ…

ကျွန်မဟာ စိန်လက်စွပ်လေးတစ်ခုထက် ဟမ်ဘာကာ တစ်ခုကိုစိတ်ဝင်စားတတ်တယ်၊ နောက်ဆုံးပေါ်အဝတ်အစားဒီဇိုင်းတွေထက် အသစ်ဖွင့်တဲ့ စားသောက်ဆိုင်ကို ပိုစိတ်ဝင်စားတယ်လို့ပြောရင် ယုံလိုက်ပါ။ ဝိတ်လျှော့ဖို့ပြောတဲ့သူကို မုန်းတတ်ပြီး မုန့်ဝယ်ကျွေးတဲ့သူဆို အသေအလဲခင်တွယ်တတ်တဲ့ ကျွန်မကိုချစ်သူတော်ချင်တယ်ဆိုရင် ဒါလေးတွေမှတ်ထားပါနော်။

ကျွန်မရဲ့ချစ်သူဖြစ်သွားပြီးနောက်မှာ ….

ရှင့်ရဲ့ကမ္ဘာဟာ အစားအသောက်တွေနဲ့ဝိုင်းဝိုင်းလည်နေလိမ့်မယ်။

ရှင်မနက်စာစားလို့မပြီးခင်မှာ ကျွန်မက နောက်နှစ်မနက်စားမယ့် မီနူးအဆင်သင့်ဖြစ်နေလိမ့်မယ်။

နေရာတစ်နေရာလည်ဖို့ စဉ်းစားတဲ့အခါ အဲဒီနေရာမှာ ရနိုင်တဲ့အစားအသောက်တွေအကြောင်း ကျွန်မကြိုတင်လေ့လာပြီးဖြစ်နေလိမ့်မယ်။

ကျွန်မဟာအမြင်ကျယ်သူဖြစ်တာကြောင့် အစာအိမ်အကျယ်ထက်များတဲ့ အစားအသောက်တွေကို မှာချင်မှာမိလိမ့်မယ်။ ကျွန်မမှာတာတွေကို ကုန်အောင်မစားနိုင်တဲ့အခါ ရှင်ကူပြီးစားပေးရမယ်နော်။

အခြားအချိန်မှာ ဝိတ်လျှော့ချင်တယ်လို့အော်နေတတ်ပြီး အစားကိုတွေ့တိုင်း ဝတဲ့ကိစ္စမေ့သွားတတ်တာကို ရှင်သည်းခံရလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မဝနေလို့ သူများတွေဟာသလုပ်တဲ့အခါ ရှင်စိတ်ချမ်းသာအောင် ထားလို့ ကျွန်မဝနေတာလို့ ရှင်ကြံဖန်ပြီး ဂုဏ်ယူပေးပါနော်။

ကျွန်မ facebook ပေါ်မှာ ဟင်းချက်နည်းတွေတင်တဲ့အခါ မညည်းမငြူ like လုပ်ပေးပါ။ မောင်ချက်ကျွေးပါမယ် လို့ comment ဝင်ပေးတဲ့ရှင့်ကို ကျွန်မအချစ်တွေ ပိုနေပါလိမ့်မယ်။

အစားအသောက်နဲ့ပတ်သက်ပြီး ဘယ်နေရာမှာဘာစားကောင်းလဲ ကျွန်မကိုအချိန်မရွေးမေးပါ။ နေရာအတိအကျပြောနိုင်တဲ့အပြင် ကူစားပေးဖို့လည်း ကျွန်မအဖော်ပြုမယ်လေနော်။

ကျွန်မဗိုက်ဆာတဲ့အခါ သွေးဆူပြီး ရန်ရှာတတ်တာ၊ ကြံဖန်ရစ်တတ်တာကြောင့် ရှင့်အိတ်ထဲမုန့်အမြဲဆောင်ထားဖို့ လိုပါလိမ့်မယ်။

တစ်နာရီခြားတစ်ခါ ဗိုက်ဆာတတ်တဲ့ကျွန်မကို စိတ်ရှည်ရှည်ထားဖို့လည်း အခုကတည်းကလေ့ကျင့်ထားပါ။

ကျွန်မစိတ်ကောက်တဲ့အခါ မုန့်နဲ့ချော့ပါ။ ကျွန်မအားငယ်တဲ့အခါ စားသောက်ဆိုင်ခေါ်သွားပေးပါ။ ကျွန်မစိတ်အလိုမကျတဲ့အခါ အစားအသောက်နဲ့မြှင့်တင်ပေးပါ။ ကျွန်မငိုချင်နေရင် ဝါးတီးနဲ့ပြုံးပျော်ပါစေ။ ကျွန်မရှင့်ကို သူမတူတဲ့အချစ်တွေနဲ့ ချစ်သွားပါလိမ့်မယ်။

ကျွန်မမှာ ရှင်ကလွဲရင်အခြားမက်မောစရာ အစားအသောက်ပဲရှိမှာဖြစ်တာကြောင့် ကျွန်မရဲ့သစ္စာရှိမှုကို ရှင်ဘယ်တော့မှ သံသယဖြစ်စရာမလိုဘူးဆိုတာကိုလည်း ရှင်ယုံပေးပါနော်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဟာ အစားမက်သူတစ်ယောက်ပါမောင်။