ချစ်သူရနေပြီဖြစ်တဲ့ သမီးလေးတွေကို မိခင်ကောင်းတစ်ယောက်အနေနဲ့ အကောင်းဆုံးထိန်းချုပ်နိုင်စေဖို့။

blank
Happy Asian senior mother with her daughter at outdoor park

ကိုယ့်သမီးမှာ ချစ်သူရည်းစားရနေပြီဆိုကတည်းက မိဘတွေမှာ စိုးရိမ်စိတ်လေးတွေရှိတတ်ကြတာ သဘာဝပါ။ ဒါပေမဲ့ အမေရိကန် သမ္မတအိုဘားမားဟာ မာလီယာ (Malia) နဲ့ ဆာရှာ (Sasha) ဆိုတဲ့ သမီးနှစ်ယောက်ရဲ့ ရည်းစားသနာ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘူးလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။ ဒါဟာ သမီးတွေကို လက်လွတ်စပယ်လွှတ်ထားတဲ့သဘော မဟုတ်ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အိုဘားမား (Obama) က “ကျွန်တော့်ဇနီး မီရှယ်လ်(Michelle) ကို သမီးတွေရဲ့ နှလုံးသားရေးကို ဆုံးဖြတ်ပေးဖို့ အာဏာပေးထားတယ်ဗျ။ ကျွန်တော့်ဇနီးက သမီးတွေအတွက် အကောင်းဆုံး ဥပမာပေါ့ဗျာ။ သူ့ဘဝကို ဘယ်လိုကောင်းမွန်အောင် ကြိုးစားနိုင်တယ်၊ ဘယ်သူ့ရဲ့ တန်ဖိုးဖြတ်တာကိုမှ မခံဘဲ ပင်ကိုယ်စရိုက်နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို ထက်မြက်အောင် ဘယ်လိုကြိုးစားတယ်ဆိုတာ ကျွန်တော်မြင်နေသိနေရတာပဲ။ ဒီတော့ သမီးတွေကိုလည်း သူ့လိုဖြစ်အောင် သူကောင်းကောင်းလမ်းညွှန်နိုင်မှာပဲလေ။ ကျွန်တော် ဘေးထွက်ရပ်နေရုံပေါ့။” လို့ ဖြေကြားခဲ့ပါတယ်။ ဇနီးဖြစ်သူကို နေရာပေးသလို သမီးတွေကို ဘယ်လို အုပ်ချုပ်ရမလဲဆိုတာကို ကောင်းကောင်းနားလည်တဲ့ ဖခင်ကောင်းတစ်ယောက်ဆိုတာ သိသာပါတယ်။

ဥယျာဉ်မှူးကောင်းမှ ပန်းကောင်းပွင့်နိုင်သလိုပဲ မိခင်ကောင်းတစ်ယောက်ပီသစွာ အုပ်ချုပ်တတ်ဖို့လိုပါတယ်။ ရည်းစားထားတယ်ဆိုတာ သမီးမိန်းကလေးတွေ အရွယ်ရောက်လာပြီဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ရပ်ဆိုလည်း မမှားပါဘူး။ “ရည်းစားတောင် ထားတတ်နေပြီပဲ၊ အမေဖြစ်တဲ့ ငါ့ကို မလိုအပ်တော့ပါဘူး” လို့ ယောင်လို့တောင်မှ မတွေးသင့်ပါဘူး။ အချိန်တန်အရွယ်ရောက်လို့ ရည်းစားထားတယ်ဆိုပေမဲ့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မိခင်ကို လိုအပ်နေတုန်းပါ။

ဒီလိုအခြေအနေမှာ သမီးဖြစ်သူ ရည်းစားထားတာကို အတင်းအကြပ်ပိတ်ပင်လို့မရပါဘူး။ “ဖိအားများလေ၊ ပိုရုန်းကန်လေ” ဆိုတဲ့ သဘောတရားကြောင့် အတင်းအကြပ်ပိတ်ပင်လိုက်တဲ့အခါ ရူးမိုက်တဲ့ ဆယ်ကျော်သက်စိတ်ကြောင့် ထင်ရာစိုင်းသွားတာမျိုးတွေ ရှိတတ်ပါတယ်။ မိခင်တွေအနေနဲ့ ကိုယ့်သမီးကို ပြောဆိုဆုံးမထားရမယ့်အရာတွေ ရှိပါတယ်။

  • အများအားကျရတဲ့ စံပြအချစ်ရေးတစ်ခုဖြစ်လာဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ပြောပြပါ။
  • မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြောပြပါ။
  • ယုံမှတ်ပြီး ပုံအပ်တာမျိုးက နောင်တတွေအများကြီးရနိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ဆုံးမထားပါ။
  • ဘဝလက်တွဲဖော်အဖြစ်ရွေးသင့်တဲ့ ယောက်ျားနဲ့ ဘဝလက်တွဲဖော်အဖြစ် မရွေးသင့်တဲ့ ယောက်ျားကို ခွဲခြားတတ်အောင် သင်ပေးထားပါ။
  • အချစ်ရေးမှာ ပြဿနာဖြစ်တဲ့အခါ၊ အခက်အခဲ တစ်ခုခုရှိတဲ့အခါ၊ ရင်ဖွင့်စရာရှိလာတဲ့အခါ မိခင်ဖြစ်သူကို တိုင်ပင်နိုင်တဲ့အကြောင်းကိုလည်း သမီးဖြစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြထားပါ။
  • ပြီးတော့ မိခင်တစ်ယောက်အနေနဲ့ သမက်အဖြစ် လက်မခံနိုင်တဲ့ ယောက်ျားမျိုးကိုလည်း တစ်ခါတည်းပြောပြထားပါ။

မိခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရှုအကဲခတ်တတ်ဖို့လည်း လိုပါတယ်။ ချစ်သူနဲ့ အဆင်ပြေနေလား၊ သူ့ကောင်လေးက အနိုင်ကျင့်လား၊ ခံစားနေရလား၊ မပျော်မရွှင်ဖြစ်နေလားဆိုတာကိုလည်း အကဲခေတ်သင့်ပါတယ်။ သမီးဖြစ်သူမျက်နှာမကောင်းဘူး၊ တစ်ခုခုဖြစ်နေပြီလို့ ခံစားရရင် ပွင့်ပွင့်လင်းလင်းမေးမြန်းပြီး အကူအညီပေးပါ။

သားသမီးတွေ ဘယ်အရွယ်ရောက်ရောက် မိဘတွေရဲ့ စိတ်ထဲမှာတော့ ကလေးတွေလို့ ထင်မိနေတုန်းပါပဲ။ သမီးလေးအရွယ်ရောက်လာပြီး ခင်တွယ်ရမယ့်သူစိမ်းတစ်ယောက်ပေါ်လာတာကို လက်ခံနိုင်ဖို့ မိခင်တွေအနေနဲ့ လက်ခံရခက်တာ သဘာဝပါ။ ဒါပေမဲ့ အတင်းအကြပ်ချုပ်ချယ်မှုတွေကြားထဲကနေ ထွက်ပေါက်ရှာသွားရင် ပိုမခက်ပေဘူးလား။ မတင်းလွန်း မလျော့လွန်းတဲ့ ချုပ်ကိုင်မှုမျိုးနဲ့ နားလည်မှုရှိရှိထိန်းချုပ်ရင်း သမီးလေးတွေရဲ့ ဘဝကို မြှင့်တင်ပေးဖို့ ကြိုးစားသင့်ပါတယ်။

သင့်အမြင်တွေကို comment box မှာ ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။