သစ္စာမရှိသူတစ်ယောက်ကို လက်တုံ့ပြန်လိုက်ရုံနဲ့ သစ္စာရှိမှုတွေအစားပြန်ရမှာလား

blank

ညီမလေးရေ…

သစ္စာတရားကို အခြေပြု၊ နှလုံးသားနဲ့ စီးချင်းထိုးတဲ့ပွဲမှာ သစ္စာတရားတွေပဲ အလျော်အစားပြန်ရခဲ့ လိမ့်မယ်လို့ ညီမလေးထင်နေခဲ့သလား။ ပေးဆပ်မှုတွေရင်းပြီး ခံစားချက်တွေပုံအောထားတဲ့ အချစ်မှာ ပေးသလောက်ပြန်ရလိမ့်မယ်လို့ ညီမလေးထင်ခဲ့သလား။ ဘဝဆိုတဲ့ ခရီးမှာ ချစ်ခြင်းတစ်ခုတည်းပဲအရင်းပြုပြီး လျှောက်တဲ့အခါ ပန်းတိုင်ကိုရောက်လိမ့်မယ်လို့ ညီမလေးထင်ခဲ့သလားကွယ်။

ညီမလေးချစ်သူကို အလွန်အမင်းချစ်တာတွေ၊ လိုအပ်တာထက်ပေးဆပ်တတ်တာတွေကို မြင်တော့ ညီမလေးအတွက် စိတ်ပူခဲ့မိတယ်။ ဒါပေမဲ့ ပေးဆပ်မှုတွေမှာ ညီမလေးပျော်နေတာကိုတွေ့ပြီး မမစိုးရိမ်စိတ်တွေ လွန်ကဲနေတာပါလို့ ကိုယ့်ကိုယ်ကိုဖြေသိမ့်ရင်းနေခဲ့တယ်လေ။ ညီမလေးရဲ့ ကိုယ်ပိုင်ဘဝကို ထုဆစ်ဖို့ မေ့နေခဲ့တဲ့အထိ ချစ်ခြင်းမှာညီမလေးနစ်မျောနေခဲ့တယ်။  ညီမလေး ချစ်သူ့အကြောင်းတွေးရင်း ညီမလေးရဲ့စိတ်တွေ အမြဲတမ်း မအားမလပ်ဖြစ်နေခဲ့တယ်။ တစ်နေ့နေ့သူညီမလေးကို ထားသွားခဲ့ရင်ဆိုတဲ့ မေးခွန်းကိုပြင်ဆင်ထားဖို့ ညီမလေးယောင်လို့တောင်တွေးမထားခဲ့ဘူးနော်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ညီမလေးရယ်… လောကကြီးမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ မတည်မြဲတဲ့အရာတွေထဲမှာ ညီမလေးချစ်သူရဲ့ချစ်ခြင်းလည်းပါတာ အဆန်းမှမဟုတ်တာ။ ချစ်သူကို အရာအားလုံးထက်ဦးစားပေး၊ နှလုံးသားတစ်ခုလုံးပုံအောပြီးချစ်ခဲ့တဲ့ ညီမလေးက မမြဲခြင်းတရားတွေထဲမှာ အချစ်မပါဘူးထင်နေခဲ့တာကိုး။ မိဘတွေထက်သူ့ကိုနေရာပေး၊ သူငယ်ချင်းတွေအားလုံးထက်ဦးစားပေးပြီး ချစ်ခဲ့တာ ညီမလေးမမှားပေမဲ့ ညီမလေးပေးသလောက်အချစ်တွေပြန်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာတော့ ညီမလေးမှားတာပေါ့။

ညီမလေးအပေါ်ကို အနိုင်ယူ၊ စိတ်တွေကိုချွတ်ခြုံကျစေတာတောင်မှ စိတ်မပျက်အားဘဲ  သူ့အပေါ်ကို စေတနာတွေပိုနေတတ်တာ မမမြင်သားပဲ။ ဒါပေမယ့် ညီမလေးရဲ့ပေးဆပ်မှုပြပွဲကြီးမှာ မမက ပရိသတ်တစ်ယောက်လိုနေခဲ့တယ်။ နေနိုင်ရက်လို့တော့မဟုတ်ပေမဲ့ ညီမလေးတစ်ယောက် ပေးဆပ်သူသူရဲကောင်းကြီးအဖြစ်ကို ကျေနပ်နေတာကို မမ မတားသာခဲ့ဘူးလေ။

နောက်ဆုံးမှာတော့ အမြဲတမ်းအနိုင်ယူနေတဲ့ ညီမလေးချစ်သူရဲ့ ဘီလူးခေါင်းဆောင်း ကွာကျသွားတဲ့ အခါမှာ ဘဝတစ်ခုလုံးပုံအပ်ထားတဲ့ ညီမလေးအတွက် ရပ်တည်နိုင်စွမ်းတွေ ပျောက်ဆုံးသွားခဲ့တယ်။ “ အချစ်ကြီးရင် အမျက်ကြီးတယ်” ဆိုတဲ့စကားကို လက်ကိုင်ထားပြီး သစ္စာမရှိတဲ့သူ့ကို လက်တုံ့ပြန်ဖို့ နည်းလမ်းတွေကို စဉ်းစားနေတာတွေ့ရတော့ မမစိတ်မကောင်းလိုက်တာ။

ညီမလေးစဉ်းစားကြည့်ပါ။ သစ္စာမရှိတဲ့လူတစ်ယောက်ကို လက်စားချေ၊အရွဲ့တိုက်လိုက်ပြီဆိုပါတော့ ညီမလေးရဲ့ သစ္စာတရားတွေ၊ပေးဆပ်ခြင်းတွေ အစားပြန်ရမှာတဲ့လား။ သူ့ကိုသတ်လိုက်တော့ ညီမလေး သံတိုင်တွေနောက်ကို အရင်ဆုံးရောက်သွားမှာနော်။ ညီမလေးမှတ်ထားပါ။ သတ်မှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်မိတဲ့သူတွေအတွက် သံတိုင်တွေအုတ်ရိုးတွေနဲ့ ကာရံဘောင်ခတ်ထားတဲ့နေရာတွေမှာ အကျဉ်းချထားပြီး အပြစ်ပေးကြတယ်။ လူ့ကျင့်ဝတ်တွေ၊သိက္ခာတွေ၊ ကိုယ်ကျင့်တရားတွေကို ချိုးဖောက်တဲ့သူတွေကိုတော့ မျက်လုံးပေါင်းတစ်ထောင်၊ လက်ညှိုးပေါင်းတစ်သန်းနဲ့ ကာရံထားတဲ့ အခန်းတွေမှာ အပြစ်ပေးတတ်ပါတယ်။ သစ္စာမရှိသူတစ်ယောက်သွားရာလမ်းက သူ့ဘာသာသူရှိပြီးသားပါ။ ညီမလေး အထူးတလည် အပြစ်ပေးစရာမလိုပါဘူး။

ညီမလေးသူ့ကို အကောင်းဆုံးအပြစ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို မမပြောပြမယ်။ သူသစ္စာဖောက်နေပြီဆိုတာကို သိပြီးတဲ့နောက်မှာ ညီမလေး သူ့အနားက ထွက်ခွာခဲ့လိုက်ပါ။ ပြောတာက လွယ်ပေမဲ့ အချစ်တွေအားလုံးပုံအောပေးထားတဲ့လူတစ်ယောက်ကို ကျောခိုင်းဖို့ဆိုတာလွယ်မှမလွယ်တာလို့ ညီမလေးအတွန့်တက်ချင်နေမယ်ဆိုတာ မမသိပါတယ်။ အစပိုင်းမှာ ညီမလေးခံစားရကောင်းခံစားရမှာပေါ့ ညီမလေး။ မျက်ရည်တွေခမ်းတဲ့အထိ ညီမလေးငိုချင်ငိုလိုက်ပါ။ ပြီးသွားရင်တော့ ညီမလေးဘဝအတွက် အကောင်းဆုံးအားတွေနဲ့ တစ်ဖန်ပြန်လည်ထပါ။ ညီမလေးဝါသနာပါတဲ့ အလုပ်တွေမှာ ကိုယ့်ကိုယ်ကိုနစ်မြှပ်ထားပါ။ ကိုယ့်ကိုယ်ကိုအလှဆုံးပြင်ပြီး နေရာအသစ်တွေမှာ လျှောက်လည်ပစ်လိုက်ပါ။ တစ်နေ့နေ့မှာ သစ္စာဖောက်ခဲ့တဲ့ ညီမလေးချစ်သူနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ့ကို သူစိမ်းတစ်ယောက်လိုကြည့်နိုင်အောင် ညီမလေးနှုတ်ခမ်းကို အတောက်ပဆုံးဖြစ်အောင်ပြင်ဆင်ထားပါ။ ညီမလေးကိုကြည့်ပြီး နှမျောတသဖြစ်တဲ့စိတ်၊ သူ့ကိုယ်သူနောင်တရတဲ့စိတ်တွေဖြစ်သွားအောင်လုပ်ပြီး သူ့ကိုအပြစ်ပေးနိုင်အောင် ကြိုးစားပါညီမလေး။

ညီမလေးရေ…

အချစ်ဆိုတာက ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် ဘဝကြီးမဟုတ်ပါဘူး။ ချစ်သူတစ်ယောက်ရဲ့ ပြင်းပြတဲ့အချစ်တွေလိုပဲ မိဘဆွေမျိုး၊ သူငယ်ချင်းတွေရဲ့ အေးမြတဲ့မေတ္တာတွေညီမလေးဘေးနားမှာ ရှိနေတာကို မြင်အောင်ကြည့်ပါ။ သစ္စာမရှိသူတစ်ယောက်ကို လက်တုံ့ပြန်ရင်း ညီမလေးဒုက္ခရောက်တဲ့အခါ ပူဆွေးဝမ်းနည်းရမယ့် ညီမလေးမိဘရဲ့ မျက်နှာတွေ၊ ညီမလေးသူငယ်ချင်းတွေရဲ့ ကရုဏာတွေကို ညီမလေးမမေ့ပါနဲ့။ အထူးသဖြင့် ညီမလေးမမွေးခင်ကတည်းက ညီမလေးကို ရင်တခုန်ခုန်နဲ့ စောင့်ခဲ့ပြီး၊ ညီမလေးအတွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်အဖြစ်ရှိနေခဲ့တဲ့ မမဘယ်လောက် နာကျင်ခံစားရမလဲဆိုတာကို သတိရပေးပါနော်။ ညီမလေးရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ ညီမလေးတစ်ယောက်သာမက ညီမလေးကိုချစ်တဲ့သူတိုင်းအပေါ်သက်ရောက်မှုရှိနေတယ်ဆိုတာကို ညီမလေးအမြဲတမ်းနှလုံးသွင်းထားပါနော်။

ညီမလေးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ တုံ့ပြန်မှုတွေတိုင်းကို မှန်ကန်စေချင်တဲ့

ညီမလေးကို သိပ်ချစ်တဲ့ မမ