ချစ်စရာကလေးငယ်လေးတွေရဲ့ အသက် ၄နှစ်မှ ၆နှစ်အတွင်း တိုးတက်ပြောင်းလဲမှုလေးများ

blank

ကလေးလေးတွေရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို စောင့်ကြည့်ပြီး ပီတိဖြာရတာက မိဘတွေအတွက် ဆုလာဘ်တစ်ခုမဟုတ်ပါလားရှင်။ ရင်သွေးငယ်တွေ တဖြည်းဖြည်းနဲ့ ကြီးပြင်းလာကြပြီး အသက် ၄နှစ်ဝန်းကျင် အရွယ်ရောက်တဲ့အခါမှာ အရင်ကနဲ့မတူဘဲ ပိုပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာသလို တချို့ကိစ္စရပ်လေးတွေကိုလည်း အမှီအခိုကင်းကင်းနဲ့ လုပ်ဆောင်လာနိုင်ပါတယ်။

ဒီအရွယ်ကလေးတော်တော်များများဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုပိုကောင်းလာသလို တီထွင်ဖန်တီးနိုင်စွမ်းတွေလည်း ပိုမိုတိုးတက်လာတတ်ကြပါတယ်။ အရင်က ဆော့ဖူးတဲ့ ကစားနည်းတွေ၊ အရုပ်တွေနဲ့ မရောင့်ရဲတော့ဘူး၊ ကစားနည်းအသစ်တွေနဲ့ ဆော့ချင်လာတတ်ကြတယ်။ အလိုမကျတာ တစ်ခုခုရှိနေပြီဆိုရင်လည်း သူတို့ရဲ့ ခံစားချက်တွေကို ဖော်ပြလာတတ်ကြတယ်။ အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ အသက် ၄နှစ်ကနေ ၆နှစ်အတွင်း ကလေးတွေပြောင်းလဲလာတတ်တဲ့ ပြောင်းလဲမှုမှတ်တိုင်လေးတွေပဲ ဖြစ်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁။ ဘာသာစကားဆိုင်ရာ ပြောင်းလဲမှု

  • စပ်စုတတ်တဲ့ မေးခွန်းလေးတွေကို မေးတတ်လာပြီ။
  • စကားလုံးအသစ်လေးတွေကို ပြောတတ်လာပြီ။
  • သီချင်းလေးတွေကို မပီကလာ ပီကလာလေး ဆိုတတ်လာပြီ။
  • ဝါကျရှည်တွေသုံးပြီး စကားပြောတတ်လာပြီ။
  • ၁ဝခုထက်ပိုတဲ့ အရေအတွက်တွေကို ရေတွက်တတ်လာပြီ။
  • အရောင် ၄ရောင်ထက်မနည်း မှတ်မိလာပြီ။
  • စာလုံးတွေကို မှတ်သားနိုင်လာပြီး ကိုယ့်နာမည်ကိုတောင် ရေးတတ်လာပြီ။
  • သင်ပေးထားရင် ဖုန်းနံပါတ်ကိုတောင် မှတ်မိလာပြီ။

၂။ ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ပြောင်းလဲမှု

  • ခြေထောက်တစ်ချောင်းတည်းနဲ့ ၉စက္ကန့်ကြာ ရပ်တတ်လာပြီ။
  • ဂျွမ်းထိုးတာနဲ့ ခြေတစ်ပေါင်ကျိုးပြေးတာတွေ လုပ်တတ်လာပြီ။
  • လှေကားအတက်အဆင်းကို လွယ်လွယ်ကူကူ လုပ်တတ်လာပြီ။
  • နောက်ပြန်လမ်းလျှောက်တတ်လာပြီ။
  • သုံးဘီးစက်ဘီးလေးတွေကို စီးတတ်လာပြီ။
  • တြိဂံ၊ စက်ဝိုင်း၊ စတုဂံနဲ့ တခြား ပုံစံလေးတွေကို ရေးဆွဲနိုင်လာပြီ။
  • လူပုံလေးတွေ ဆွဲတတ်လာပြီ။
  • သစ်သားတုံးလေးတွေနဲ့ အိမ်ဆောက်တတ်လာပြီ။
  • ဇွန်းနဲ့ခက်ရင်းကို ကိုင်တွယ်တတ်လာပြီ။
  • အဝတ်အစားလဲတာ၊ သွားတိုက်တာနဲ့ အခြားဝေယျာဝစ္စလေးတွေကို အကူအညီမပါဘဲ လုပ်တတ်နေပြီ။

၃။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု

  • တစ်ပါးသူတွေရဲ့ စိတ်ခံစားချက်တွေကို အတန်အသင့်နားလည်လာပြီ။
  • ကိုယ့်ရဲ့စိတ်ခံစားမှုလေးတွေကိုလည်း ထိန်းချုပ်တတ်လာပြီ။
  • ငြင်းခုန်မှုတွေဖြစ်လာရင် ကိုယ့်စိတ်ကိုယ် အနည်းငယ် ထိန်းချုပ်တတ်လာပြီ။
  • တခြားကလေးငယ်တွေနဲ့ အတူတူ ဆော့ကစားတတ်လာပြီ။
  • သူငယ်ချင်းတွေကို ခင်ခင်မင်မင်ပေါင်းသင်းတတ်လာပြီ။
  • မျှဝေခြင်းနဲ့ အတုံ့အလှည့်သဘောကို နားလည်လာပြီ။
  • ဆုံးမစကားလေးတွေကို နာခံတတ်လာပြီ။
  • မကျေနပ်မှုလေးတွေ၊ ဒေါသတွေကို နှုတ်နဲ့ ဖော်ပြတတ်လာပြီ။

ကလးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုပုံမမှန်ခြင်းကို ပြသနေသော လက္ခဏာရပ်များ

၁။ ရှက်ကြောက်လွန်းခြင်း။

၂။ မိဘတွေနဲ့ ခွဲခွာရမှာကို အလွန်အမင်းထိတ်လန့်နေခြင်း။

၃။ အလုပ်တစ်ခုကို ၅မိနစ်ထက်ပိုပြီး အာရုံမစိုက်ခြင်း။

၎။ တခြားကလေးတွေနဲ့ အတူတူမဆော့ဘဲ သီးခြားနေတတ်ခြင်း။

၅။ စိတ်ဝင်စားတဲ့အရာ နည်းပါးခြင်း။

၆။ လူတွေနဲ့ မျက်လုံးခြင်းဆုံအောင်မကြည့်ခြင်း၊ လူတွေကို ကောင်းစွာ မတုံ့ပြန်တတ်ခြင်း။

၇။ ကိုယ့်ရဲ့နာမည်အပြည့်အစုံကိုတောင် မပြောတတ်ခြင်း။

၈။ ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် မနေခြင်း။

၉။ သစ်သားတုံးလေးတွေနဲ့ မဆော့တတ်ခြင်း။

၁ဝ။ ကိုယ်တိုင် အိမ်သာသွားဖို့ အခက်အခဲဖြစ်နေခြင်း။

၁၁။ သွားတိုက်တာ၊ လက်ဆေးတာတွေကို ကိုယ်တိုင်လုပ်ဖို့ ခက်ခဲခြင်း။

ဒီလက္ခဏာရပ်တွေကတော့ ကြီးထွားဖွံဖြိုးမှုမှာ ပုံမှန်မဟုတ်ဘူးဆိုတာကို ပြသနေတဲ့ လက္ခဏာလေးတွေပဲဖြစ်ပါတယ်။ ဒီလို လက္ခဏာလေးတွေ ဖြစ်နေလို့ စိတ်မပူပါနဲ့။ ပုံမှန်ဖြစ်အောင် ပြန်လည်ပြုပြင်ပေးလို့ရမယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပျော်ရွှင်ပြီး ထူးချွန်ထက်မြက်တဲ့ရင်သွေးလေးတွေဖြစ်အောင် ပျိုးထောင်ပေးနိုင်ပါစေရှင်။

မိခင်များနဲ့ မိခင်လောင်းများဖတ်ဖို့ SHARE လိုက်ပါနော်။