သားသမီးဆိုတာ နောင်တစ်ချိန်မှာ မိဘဖြစ်လာမယ့်သူတွေပါ။

blank

တစ်ခါတုန်းက အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ အဘိုးအိုနဲ့ အဘွားအိုဇနီး မောင်နှံရှိပါတယ်။ သူတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူကတော့ အိမ်ထောင်ကျပြီး မိဘနဲ့အဝေးမှာ တစ်အိုးတစ်အိမ်ထူထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အဘိုးအိုဟာ ကွယ်လွန်သွားပါတော့တယ်။

သားဖြစ်သူဟာ ဖခင်ကွယ်လွန်သွားပြီးတဲ့နောက်မှာ မိခင်အိုကြီးကို ဘိုးဘွားရိပ်သာမှာ ပို့ထားခဲ့ပါတယ်။ မိခင်ကြီးကို အနားမှာ ပြုစုစောင့်ရှောက်ပေးဖို့နေနေသာသာ ဘိုးဘွားရိပ်သာကိုတောင် တစ်ခါတလေမှသာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သနားစရာ အမေအိုကြီးခမျာတော့ အထီးကျန်ညတွေကို တစ်ကိုယ်တည်း ဆင်းရဲပင်ပန်းစွာ ဖြတ်ကျော်နေခဲ့ရတာပေါ့။

တစ်နေ့မှာ အမေအိုကြီး အသည်းအသန်ဖြစ်နေလို့ လာရောက်တွေ့ဆုံစေချင်တဲ့ အကြောင်းကို သားဖြစ်သူထံ ဘိုးဘွားရိပ်သာမှ ဖုန်းဆက်ခဲ့ပါတယ်။ ဒီအကြောင်းကို ကြားပြီးတဲ့နောက် သားဖြစ်သူဟာ အမေအိုရှိရာ ဘိုးဘွားရိပ်သာကို ရောက်လာခဲ့ပါတယ်။

ဘိုးဘွားရိပ်သာရဲ့ တစ်ယောက်အိပ်ကုတင်ဟောင်းလေးပေါ်မှာ နောက်ဆုံး ထွက်သက်ကို ခက်ခဲစွာ ရှုရှိုက်နေရတဲ့ မိခင်အိုကြီးကို မြင်လိုက်ရတဲ့အခါ သားဖြစ်သူက စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ သားဖြစ်သူက မိခင်ကြီးရဲ့ လက်ကိုကိုင်ရင်း –

” အမေ့အတွက် ကျွန်တော်ဘာလုပ်ပေးရမလဲ” လို့မေးခဲ့ပါတယ်။

အမေအိုကြီးက အသက်ကို ဖြည်းညင်းစွာရှူရင်း-

“ဒီဘိုးဘွားရိပ်သာမှာ ပန်ကာမရှိလို့ ပန်ကာလေးတွေ တပ်ပေးပါသားရယ်။ ပြီးတော့ ရေခဲသေတ္တာလေးတွေထားပြီး အစားအစာလေးတွေ ထည့်ထားပေးပါလား။ အမေဘာမှ မစားရဘဲ ဗိုက်ဆာဆာနဲ့ အိပ်ရာဝင်ခဲ့ရတဲ့ညတွေများခဲ့ပါပြီ သားရယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီ့အခါမှာ သားဖြစ်သူက အရမ်းကို အံ့သြသွားပြီး “အမေရယ်။ ဒီလိုအပ်ချက်တွေကို ဘာလို့ အစကတည်းက မပြောခဲ့တာလဲ။ အခု အမေ့ရဲ့နောက်ဆုံးအချိန်ရောက်မှ ပြောတော့ အမေ့အတွက် ဘာအသုံးဝင်တော့မှာမို့လို့လဲ” လို့ ပြန်မေးခဲ့ပါတယ်။

အမေအိုက အပြုံးယဲ့ယဲ့လေးနဲ့ “အမေ့အတွက်က မလိုပါဘူးသားရယ်။ အမေက အပူဒဏ်တွေ၊ ဆာလောင်မှုဒဏ်တွေ၊ နာကျင်မှုဒဏ်တွေနဲ့ အသားကျနေပါပြီ။ ဒါပေမယ့် သားရယ်။ သားရဲ့ကလေးတွေက သားကိုဒီနေရာကိုပို့တဲ့အခါ သားမနေတတ်မှာ အမေစိုးရိမ်မိလို့ပါကွယ်” လို့ပြောရင်း ကွယ်လွန်သွားခဲ့ပါတယ်။

သားဖြစ်သူခမျာတော့ နောင်တ မျက်ရည်တွေနဲ့ ငြိမ်သက်လို့ပေါ့။

ကျွန်မတို့ ဒီပုံပြင်လေးကနေ ဘာသင်ခန်းစာတွေရလိုက်သလဲ။ သားသမီးတွေ အပေါ်မှာ မိဘရဲ့ကျေးဇူးတရားတွေက ကြီးမားလှပါတယ်။ ကျွန်မတို့တွေ ငယ်ငယ်က နေမကောင်းဖြစ်တိုင်း မိဘတွေက အိပ်ရေးပျက်ခံပြီး စောင့်ကြည့်ပေးတယ်။ အစာဝင်အောင်ကျွေးတယ်။ ဆေးပုံမှန်တိုက်တယ်။

ကျွန်မတို့ အရွယ်ရောက်လာကြတဲ့အခါမှာရော မိဘတွေအပေါ်ကို သားသမီးတစ်ယောက်အနေနဲ့ တာဝန်ကျေခဲ့ကြပြီလား။

ကျွန်မတို့လည်း တစ်ချိန်ချိန်မှာ မိဘတွေဖြစ်လာဦးမှာပါ။ အသက်တွေကြီးလာပြီး အိုမင်းမစွမ်းဖြစ်လာဦးမှာပါ။ အဲဒီ့အချိန်မှာ ကျွန်မတို့ရဲ့ သားသမီးတွေက ကျွန်မတို့ အပေါ် သိတတ်စွာနဲ့ ပြုစုစောင့်ရှောက်ပေးစေချင်ရင် ကျွန်မတို့ကလည်း သားသမီးကောင်း ပီသဖို့လိုပါတယ်။ ကျွန်မတို့ မိဘတွေကို ဆက်ဆံတဲ့ပုံစံကို အတုယူပြီး ကျွန်မတို့သားသမီးတွေကလည်း ကျွန်မတို့အပေါ်ဆက်ဆံပြုမူလာမှာပါ။ ဒါ့ကြောင့် ကျွန်မတို့ရဲ့ ကျေးဇူးရှင် မိဘတွေအပေါ် မသေခင်အချိန်မှာ အကောင်းဆုံးပြုစုစောင့်ရှောက်ပြီး ကျေးဇူးဆပ်လိုက်ကြရအောင်လားရှင်။