သစ္စာဖောက်သွားတဲ့ ရည်းစားဟောင်းအတွက် ကျေးဇူးတင်လွှာ

blank
Photo Credit: http://www.mrwallpaper.com

ကျွန်မကိုသစ္စာဖောက်သွားတဲ့ ချစ်လှစွာသော ရည်းစားဟောင်းကြီးရေ…

မတွေ့ရတာကြာပြီနော်။ ဒီရက်တွေမှာ ကျွန်မရှင့်အကြောင်းကို လုံးဝမတွေးမိဘူးလို့ပြောရင် ကျွန်မလိမ်သလိုဖြစ်နေမှာပေါ့။ ရှင်ကလွဲပြီး ဘာကိုမှမမြင်နိုင်တဲ့အချိန်တွေ၊ ရှင်နဲ့ဝေးဝေးမနေနိုင်ဘူးဆိုပြီးတွေးမိတဲ့ ခပ်ကြောင်ကြောင်အချိန်တွေရှိခဲ့ပါတယ်။ ဒါပေမယ့်အခု ကွာခြားသွားပြီလေ။ ရှင့်ကြောင့် ကျွန်မရဲ့ကိုယ်ပိုင်တန်ဖိုးတွေကို သိလာခဲ့ရတယ်။ ပြီးတော့ ရှင့်ကို ကျွန်မရဲ့ဘဝလက်တွဲဖော်အဖြစ် ယုံကြည်မိတာတွေက မှားယွင်းတယ်ဆိုတာကိုလည်း သိလာခဲ့တယ်။

ကျွန်မတို့ရဲ့ပထမဆုံးအနမ်းကိုမှတ်မိနေသေးတယ်။ ကျွန်မခန္ဓာကိုယ်ပေါ်က ကြက်သီးမွေးညင်းလေးတွေက ကျွန်မရဲ့အချစ်စစ်ကို ပြသပေးနေသလိုပဲလေ။ အဲ့အချိန်တုန်းက ရှင်နဲ့လမ်းခွဲပြတ်စဲရမှာကို ကြောက်ရွံ့နေခဲ့တယ်။ လမ်းခွဲဖို့တွေးလိုက်တိုင်း မျက်ရည်တွေအလိုလိုကျလာတယ်။ ရှင်သာထားရစ်ခဲ့ရင် ကျွန်မသေသွားနိုင်တယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် အခုကျွန်မကိုကြည့်လိုက်စမ်း။ အရင်ကထက်ပိုပျော်ရွှင်ပြီး ပိုလှလာတဲ့မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲခဲ့ပြီလေ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရှင်နဲ့လမ်းခွဲပြီးနောက်ပိုင်းမှ ရှင့်ကိုကျွန်မချစ်ခဲ့တာမှားခဲ့ပါလားလို့ သိလာခဲ့တယ်။ ကျွန်မရဲ့အဖိုးထိုက်တန်မှုကိုသိလာပြီး ရှင်လိုလူက ကျွန်မနဲ့မထိုက်တန်ဘူးဆိုတာကိုလည်း သိလာခဲ့တယ်။ ကျွန်မအခု စိတ်ဓာတ်တွေခိုင်မာနေပြီ။ ဒါရှင့်ကြောင့်ပဲလေ။

ရှင်ကလွဲပြီး ဘာမှမမြင်နိုင်လောက်အောင် ရှင့်ကိုရူးသွပ်ခဲ့တယ်။ အဲဒီ့အချိန်တွေမှာ ရှင်ကျွန်မကို ဘယ်လိုပဲမလေးမစားဆက်ဆံပါစေ၊ ဘယ်လိုပဲဥပေက္ခာပြုပါစေ၊ ရှင်ကျွန်မနားမှာ ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့တင် အရိုးရှင်းဆုံးပျော်နေခဲ့တာပါ။

ကျွန်မတို့ အတူရှိစဉ်က ကျွန်မကို ရှင့်သူငယ်ချင်းတစ်ယောက်အဖြစ် လူတွေနဲ့မိတ်ဆက်ပေးခဲ့တယ်နော်။ အဲဒီ့အချိန်တွေမှာ ရှင်ကျွန်မကို ချစ်သူတစ်ယောက်အဖြစ် ဘာလို့မဝံ့ကြွားနိုင်ရတာလဲဆိုပြီး အံ့သြမိခဲ့တယ်။ ရှင်ဂုဏ်ယူဝင်ကြွားနိုင်မယ့်သူ မဖြစ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်ရုံကတစ်ပါး ရှင့်အပေါ်နည်းနည်းလေးမှတောင် စိတ်မကွက်မိခဲ့ဘူး။

ရှင်နဲ့အတူရှိစဉ်က ငိုပြီးကုန်ဆုံးခဲ့ရတဲ့ရက်တွေများနေခဲ့တော့ တစ်ခါတလေစိတ်ကူးပေါက်မှ ရှင်ပို့တတ်တဲ့ ရှားရှားပါးပါး ပျော်ရွှင်ကြည်နူးစရာ မက်ဆေ့ခ်ျလေးတွေကို ကျွန်မ screenshot ရိုက်ပြီးသိမ်းထားခဲ့တယ်။ ရှင်ကျွန်မနားကနေ မပြောမဆိုထွက်သွားတဲ့အခါမျိုးတွေမှာ ကျွန်မကို အားပေးနှစ်သိမ့်နိုင်အောင်လို့ပေါ့။ အခုတော့ ဖျက်လိုက်ပါပြီ။

တစ်ခါတလေ ရက်အတော်ကြာရှင့်ဆီက အဆက်အသွယ်မရဘူးဆိုရင် ရှင်ဘာများဖြစ်နေပြီလဲဆိုတဲ့ စိုးစိတ်တွေ၊ မျက်ရည်တွေနဲ့ ရှင့်ဖုန်းကို မျှော်နေမိတယ်။ ရှင်အန္တရာယ်ကင်းပါစေလို့လည်း ဆုတောင်းမိတယ်။ ဟော… ရှင့်ဆီကဖုန်းပြန်လာတော့ ကျွန်မဘယ်လောက်ပျော်ရတယ်မှတ်လဲ။ ဒီခံစားချက်တွေကို ရှင်နားလည်နိုင်မှာ မဟုတ်ပါဘူး။

တစ်ခါတလေရှင်နဲ့ဖုန်းပြောနေတဲ့အချိန် ဖုန်းထဲကနေ အခြားမိန်းကလေးအသံကြားတယ်ဆိုရင်တောင် သိသိကြီးနဲ့ ရှင့်ကိုမျက်စိစုံမှိတ်ယုံကြည်နေခဲ့တာပါ။

ကျွန်မဘဝရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ပျောက်ဆုံးသွားရလောက်အောင်အထိ ရှင့်အမိန့်အာဏာတွေကို တသဝေမတိမ်းလိုက်နာပြီး ချစ်သူကောင်းတစ်ယောက်အဖြစ် ရှင့်ကိုပေးဆပ်ခဲ့တယ်။

ရှင်ကျွန်မကို လျစ်လျူရှုခဲ့တဲ့အချိန်တွေ၊ ကျွန်မကို အမှိုက်တစ်ခုလို ဆက်ဆံခဲ့တဲ့အချိန်တွေ၊ ကျွန်မရဲ့အနာဂတ်စိတ်ကူးတွေကို ရှင်ရိုက်ချိုးဖျက်ဆီးလိုက်တဲ့အချိန်တွေ၊ အဲ့အချိန်တွေက ကျွန်မတို့ကို ဝေးကွာစေခဲ့တာလေ။

ရှင်ဂရုမစိုက်ခဲ့တဲ့ ကျွန်မရဲ့ဖုန်းတွေ၊ အသိမပေးဘဲ ပျောက်ကွယ်သွားတာတွေ၊ ကျွန်မကိုလှည့်စားပြီး ဖောက်ပြန်ခဲ့တဲ့အချိန်တွေ၊ ရှင်ပေးပြီးမတည်နိုင်ခဲ့တဲ့ ကတိတွေအတွက် ရှင့်ကိုကျွန်မ ကျေးဇူးတင်ပါတယ်။

ဘယ်အရာတွေက ကျွန်မအတွက်အရေးမပါဘူး၊ ဘယ်အရာအတွက် မငိုသင့်ဘူး၊ ဘယ်အရာကို စွဲစွဲလမ်းလမ်းမချစ်သင့်ဘူးဆိုတာ ပြသပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူတွေက အမှားတွေကနေ သင်ခန်းစာယူကြတယ်တဲ့။ ရှင်က ကျွန်မဘဝရဲ့ အဖိုးတန်သင်ခန်းစာတစ်ခုဖြစ်နေတဲ့အတွက် ရှင့်ကိုကျွန်မ ကျေးဇူးအရမ်းတင်ပါတယ်။

ရှင့်ကြောင့်ပိုမိုထက်မြက်လာတဲ့ ရှင့်ရဲ့တစ်ချိန်ကချစ်သူ