သူများတွေကို အားကျပြီး သင့်ချစ်သူကို တဖက်သတ် မပြောင်းလဲစေချင်ပါနဲ့

blank

ကျွန်မကငယ်ရွယ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်တဲ့သူတစ်ယောက်ပါ။ အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်နေတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်မအိပ်မက်ထဲက မင်းသားလေးပုံစံက အရပ်ရှည်ရှည်နဲ့ ယောက်ျားပီသတဲ့ပုံစံပေါ့။

ကံကောင်းစွာပဲ ကျွန်မရဲ့အိပ်မက်ထဲက မင်းသားလေးပုံစံမျိုးရှိတဲ့ ချစ်သူတစ်ယောက်နဲ့ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ပန်းခြံထဲမှာ အပြေးလေ့ကျင့်ရင်း ဝင်တိုက်မိသွားတဲ့ အခိုက်အတန့်လေးက ကျွန်မတို့နှလုံးသားတွေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်မိခဲ့ကြဘူးလေ။

အဲ့ဒီလိုနဲ့ ကျွန်မတို့ချစ်သူတွေ ဖြစ်သွားကြတယ်။ ချစ်သူဘဝအစပိုင်းမှာတော့ ပျော်ရွှင်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပေါ့။ တစ်ခါတစ်လေ ကျွန်မအံ့သြသွားစေမယ့် အလုပ်လေးတွေလည်း သူကလုပ်တတ်သေးတယ်။ ချိန်းတွေ့တယ်၊ လျှောက်လည်တယ်၊ မုန့်တွေအတူစားကြတယ်။ အစပိုင်းမှာ ပျော်စရာကောင်းပေမယ့် အချိန်ကြာလာတော့ ကျွန်မ သူ့ကိုရိုးသွားသလိုဖြစ်လာတယ်။

ကျွန်မသူငယ်ချင်းတွေ ပြောပြောနေကျ ပန်းစည်းပေးတာ၊ လက်ဆောင်ပေးတာ၊ ဆိုင်ကြီးဆိုင်ကောင်းမှာ ညစာစားတာ၊ ဒီလိုအလုပ်တွေကို ကျွန်မအားကျလာမိတယ်။ ဂီတပွဲတစ်ခုကို ခေါ်သွားမယ့်အစား ဈေးကြီးကြီးဆိုင်တစ်ဆိုင်မှာ ညစာစားဖို့ ခေါ်သွားစေချင်မိတယ်။ ကျွန်မကို မနက်စာပြင်ဆင်ပေးမယ့်အစား ဈေးဝယ်ထွက်ဖို့ လိုက်ပို့ပေးစေချင်မိတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလို အားမလိုအားမရစိတ်တွေကြောင့် ကျွန်မစိတ်ညစ်ပြီး မပျော်ရွှင်နိုင်တာကို သူနားမလည်နိုင်ဖြစ်နေတယ်။ အရင်ကလိုပဲ ကျွန်မပျော်ရွှင်စေဖို့ ပေါ့ပေါ့ပါးပါး ပျော်စရာလေးတွေ ဖန်တီးပေးတယ်။ ကျွန်မလိုချင်တာ အပေါစားဟာသတွေ မဟုတ်ဘူး။ ကျွန်မသူငယ်ချင်းတွေလို တန်ဖိုးကြီးလက်ဆောင်တွေ၊ နာမည်ကြီးစားသောက်ဆိုင်က ညနေစာတွေ လိုချင်တယ်။ သူကျွန်မကို ဒီလိုတွေ မပေးနိုင်တာ ကျွန်မနဲ့ မထိုက်တန်လို့လားလို့တောင် တွေးမိနေတယ်။

နောက်တော့ ကျွန်မခံစားနေရတာတွေ၊ ဖြစ်ချင်နေတာတွေကို သူ့ကို ပြောပြခဲ့တယ်။ နှစ်ဦးသားအကြား ငြင်းခုန်ရန်ဖြစ်တာတွေဖြစ်အပြီးမှာ သူပြောင်းလဲလာတာ ကျွန်မတွေ့လိုက်ရတယ်။ နည်းနည်းချင်းနဲ့ အချိန်ကြာတော့ အရင်တုန်းကနဲ့ မတူတော့ဘဲ သူအများကြီး ပြောင်းလဲသွားတယ်။

ပန်းစည်းတွေ ကျွန်မလက်ခံရရှိခဲ့ပေမယ့် သူ့မျက်ဝန်းထဲက တောက်ပမှုတွေ ကျွန်မမရရှိနိုင်တော့ဘူး။ နာမည်ကြီး ဆိုင်တွေမှာ သူနဲ့အတူညစာစားခဲ့ပေမယ့် အရင်ကလောက် သူခံတွင်းမတွေ့တော့ဘူး။ အဖိုးတန်အဝတ်အစားတွေ ဝတ်ပြီး သူငယ်ချင်းစုံတွဲတွေနဲ့ တွေ့ဆုံပေမယ့် သူ့ အပြုံးတွေက အသက်မပါတော့ဘူး။ ကျွန်မ အခုမှ သိလိုက်ရတယ်။ ကျွန်မတကယ်လိုချင်တာ တန်ဖိုးကြီးလက်ဆောင်တွေ၊ နာမည်ကြီးစားသောက်ဆိုင်တွေ မဟုတ်ဘူးဆိုတာကိုပေါ့။

လှလှပပဝတ်စားဆင်ယင်ပြီး ကျွန်မသေလုမျောပါး ကြည့်ချင်နေခဲ့တဲ့ ပြဇာတ်ရုံကို သူလိုက်ပို့ပေးခဲ့တာတောင် ကျွန်မ မပျော်နိုင်ဖြစ်နေရပြီလေ။ ပြဇာတ်ရုံက ပြန်လာတော့ ကျွန်မ အိပ်ယာပေါ်လှဲလျောင်းရင်း စဉ်းစားမိတယ်။ ပန်းစည်း၊ လှပတဲ့ဝတ်စုံ၊ ညစာကောင်းကောင်းလေး အားလုံးပြည့်စုံနေပေမယ့် ကျွန်မ သူ့အချစ်တွေ ပျောက်ဆုံးနေတယ်လို့ သိလာရတယ်။ နဂိုက သူပေးတဲ့ပျော်ရွှင်မှုတွေက သေးသွယ်တယ်လို့ ထင်ရပေမယ့် သူ့ချစ်ခြင်းမေတ္တာတွေအပြည့်ပါနေခဲ့တယ်လေ။

ကျွန်မ စဉ်းစားရင်း စဉ်းစားရင်း မျက်ရည်တွေ ကျလာတယ်။ ကျွန်မတစ်ချိန်လုံး သူ့အချစ်တွေကို မသိနားမလည်ခဲ့တာ၊ သူ့ကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာ၊ သူကျွန်မအတွက် လုပ်ပေးခဲ့တာတွေကို လျစ်လျူရှုပြီး သူတစ်ပါးကို အားကျအတုယူမိတာ၊ ဒါတွေအဆုံးမှာ ကျွန်မဟာ အကျင့်မကောင်းတဲ့၊ အတ္တကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ခံစားမိလိုက်ပါတယ်။

ကျွန်မသာ သူ့ကို တကယ်ချစ်ရင် သူပြောပြောနေကျ ပေါကြောင်ကြောင် ဟာသလေးတွေကိုပါ ကျွန်မချစ်ရမှာပေါ့။ ချိန်းတွေ့တိုင်းသွားတတ်တဲ့ ပျော်စရာနေရာလေးတွေကို ချစ်ရမှာပေါ့။ သူ့အကြည့်၊ သူ့စကား၊ သူ့ရယ်သံလေးတွေကိုပါ ကျွန်မ မြတ်နိုးရမှာပေါ့။ သူပေးနိုင်သလောက်ပေးခဲ့ပေမယ့် ကျွန်မသူနဲ့ ထိုက်တန်သလောက် ပြန်မပေးနိုင်ခဲ့ဘူး။

အဲ့ဒီနေ့ကစပြီး ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဘယ်သူတွေ ဘယ်လိုပြောနေပါစေ ကျွန်မဂရုမစိုက်တော့ဘူး။ သူသာရှိနေရင် ဘာကိုမဆို ရင်ဆိုင်မယ်။ သူကျွန်မကိုချစ်သလို ကျွန်မသူ့ကို ပြန်ချစ်မယ်။

သူ့ကို အရင်လိုပုံစံပြန်ဖြစ်အောင် ကျွန်မ ဖြည်းဖြည်းချင်းဆွဲခေါ်ခဲ့တယ်။ အရင်လို ပြန်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပေမယ့် ကျွန်မ အလျှော့ပေးမှာ မဟုတ်ပါဘူး။ အခုအချိန်က ကျွန်မအချစ်တွေကို သက်သေပြရမယ့် အချိန်ရောက်နေပြီလေ။

ကျွန်မရဲ့ အဖြစ်အပျက်လေးကို သင်ခန်းစာယူပါ။ ကျွန်မလို ဘေးစကားနားယောင်၊ သူတစ်ပါးကို အားကျပြီး ကိုယ့်အချစ်တွေကို အားမလို အားမရမဖြစ်လိုက်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းတွေ ဖော်ပြပုံ၊ ဖော်ပြဟန်တွေမတူကြပါဘူး။ သင့်ချစ်သူက သင့်အတွက် အရေးပါဆုံးလူတစ်ယောက်ပါ။ သူပေးထားတဲ့ အချစ်ဟာ အနှိုင်းမဲ့ပါ။ ဒါ့ကြောင့် သူများလိုဖြစ်အောင် ဘယ်တော့မှ မပြောင်းလဲချင်ပါနဲ့။ သင်တို့နှစ်ယောက်ကြား ဆက်ဆံရေးတွေ နွေးထွေးပြီး ပျော်ရွှင်ကြည်နူးကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ခံစားမှုတစ်ခုခု ရလိုက်ပြီဆိုရင် SHARE ဖို့ မမေ့ပါနဲ့နော်။