ကိုယ့်ကိုယ်ကို အလေးထားတဲ့ မိန်းမတစ်ယောက် လက်မခံသင့်တဲ့ အချက် ၇ ချက်

blank

သင့်အသက်အရွယ် ဘယ်လောက်ရှိပြီလဲ ဆိုတာတွေ၊ သင်က ယောင်္ကျားလား မိန်းမလား ဆိုတာတွေ၊ သင့်မှာ ဘာတွေ ပိုင်ဆိုင်လဲ ဆိုတာတွေက အရေးမကြီးပါဘူး။ သင်ဘာပဲဖြစ်ဖြစ် သင်လည်း လူထဲက လူမို့ သင့်တန်ဖိုးနဲ့သင် ရှိထားပြီးသားပါ။ ဒီတော့ သင့်ကို အမှိုက်လို၊ အပေါစားလို ဆက်ဆံနေတဲ့ သူတွေကို အောင့်အီးပြီး အဆက်အဆံ လုပ်နေတာတွေ ရပ်တန်းက ရပ်သင့်ပါပြီ။ သင်တွေ့ကြုံ ဆက်ဆံနေရတဲ့ သူတွေထဲမှာ ဘယ်သူတွေကို ဆက်ပြီး ပေါင်းသင်းသွားမလဲ၊ ဘယ်သူတွေ ကိုတော့ သင့်ဘဝထဲက အပြီးအပိုင် ထုတ်ပစ်မလဲ ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ် နိုင်ရမှာပါ။ အောက်ဖက် မှာတော့ ကိုယ့်ကိုယ်ကို အလေးထားတဲ့ မိန်းမတစ်ယောက် လက်မခံသင့်တဲ့ လက္ခဏာ ၇ ချက်ကို ဂန္ထဝင်ပရိတ်သတ်ကြီး သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ sex အတွက် အသုံးချခံရခြင်း။

ယောင်္ကျား တစ်ယောက်က ကိုယ့်ကို sex အတွက် အသုံးချတာကိုလည်း လုံးဝ ခွင့်မပြုပါနဲ့။ လိင်ကိစ္စ ဖြစ်မြောက်ဖို့ ဖိအားပေးခံရတာ မျိုးလည်း မဖြစ်ပါစေနဲ့။ တစ်စုံတစ်ယောက်က သင့်ကို ဒီ sex ကိစ္စ အတွက်ပဲ အသုံးဝင်သလို ဒီကိစ္စ ခွင့်မပြုတာနဲ့ သူ့အတွက် ဘာမှ အသုံးမဝင်တော့သလို အချိုးပြောင်းပြီး ဆက်ဆံလာပြီ ဆိုရင်တော့ သူ့လမ်းသူ သွားပါစေတော့။ သင်ဟာ တစ်ခြားသူအတွက် လိင်ကိစ္စ အသုံးတော်ခံ တစ်ယောက် မဟုတ်ပါဘူး။ သင့်မှာ သင့်ရဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ လှပတဲ့ မျက်နှာလေးထက် ပိုပြီး တန်ဖိုးရှိတာတွေ အများကြီး ပိုင်ဆိုင်ထားတာ သူမှ မသိပဲလေ။

၂။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း။

သင့်ချစ်သူ၊ သင့်မိသားစုဝင်၊ သူငယ်ချင်း တစ်ယောက်ယောက်က သင့်ကို ရိုက်နှက်တယ် ဆိုရင် ရဲစခန်းကို ဖုန်းဆက်သင့်ရင် ဆက်ရမှာပါ။ တစ်ကယ်လို့ သင်က ဒီကိစ္စအတွက် ဘာမှ မလုပ်ချင်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ အဲ့ဒီလို လူမျိုးကို တစ်ဘဝလုံးစာ သင့်ဘဝထဲက ထုတ်ပစ်သင့်ပါတယ်။ တစ်ကြိမ်နာကျင်အောင် လုပ်ဖူးတဲ့ သူက သူတို့အတွက် တောင်းပန်တယ် ဆိုတဲ့ စကားက မူပိုင်လို ဖြစ်နေတော့ နောက်တစ်ကြိမ်လည်း ထပ်လုပ်ပြီး တောင်းပန်ဦးမှာပါပဲ။ ဒီတော့ သင့်ကိုသင် အလေးထားပြီး ကာကွယ်နိုင်ဖို့ သင်ကိုယ်တိုင် ရွေးချယ်ရမှာပါ။

၃။ ဘဝနေထိုင်မှု ပုံစံ ချုပ်ချယ်ခံရခြင်း။

သင်ဟာ အသက် ၁၈ နှစ်ကျော်ပြီ ဆိုရင်တော့ သင့်ဘဝကို မိဘတွေ ထားရာနေ စေရာသွား လုပ်မနေသင့်တော့ပါဘူး။ ပြီးတော့ ယောင်္ကျားတစ်ယောက်ရဲ့ ကြိုးကိုင်ခြင်းကိုလည်း ခွင့်မပြုမိပါစေနဲ့။ မိဘတွေက သင် နေရာတစ်ခုမှာ အလုပ်လေး အတည်တကျရပြီး ယောင်္ကျားကောင်းရတာကို မြင်ချင်တယ် ဆိုပေမယ့် သင်ကလည်း ဒီအကြံဥာဏ်ကို သဘောကျတယ် ဆိုမှသာ လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ် သင်က ဒါကို ငြင်းဆန်ချင်တယ် ဆိုရင်တော့ သင့်စိတ်ကို သင်သိအောင် လုပ်ရတော့မှာပါ။ သင်မလုပ်ချင်တာကို ဘယ်သူမှ တွန်းအားပေး လုပ်ခိုင်းတာမျိုး မဖြစ်ပါစေနဲ့။

၎။ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားတွေအတိုင်း လိုက်ပြီး နေထိုင်ခြင်း။

သင်ဟာ ကျောင်းသူ ဒါမှမဟုတ် တူညီဝတ်စုံ ဝတ်ရတဲ့ အလုပ်မျိုးက ဝန်ထမ်း မဟုတ်ဘူး ဆိုရင် သင်ဝတ်ချင်တဲ့ အဝတ်အစားကို ဝတ်ခွင့်ရှိပါတယ်။ ခန္ဓာကိုအလှကို ပေါ်လွင်စေတဲ့ ဝတ်စုံဝတ်ချင်တယ် ဆိုရင်လည်း ဝတ်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေလို့ ရပါတယ်။ ဒါမှမဟုတ် တစ်ကိုယ်လုံးကို ဆံစကနေ ခြေဖျားထိ လုံခြုံနေမှ ကြိုက်တယ်၊ မိတ်ကပ်မလိမ်းပဲ အပြင်ထွက်ရတာ ကြိုက်တယ် ဆိုရင်လည်း ဒါဟာ သင့်ကိုယ်ပိုင် လွတ်လပ်ခွင့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သင်ဖက်ဖူးတဲ့ ဖက်ရှင် မဂ္ဂဇင်းထဲကအတိုင်း တသွေမတိမ်း လိုက်နာစရာလည်း မလိုပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ နိမ့်ကျသူ ကဲ့သို့ အဆက်ဆံ ခံရခြင်း။

ယောင်္ကျားဖြစ်စေ၊ မိန်းမ ဖြစ်စေ တန်းတူညီတူ ဆက်ဆံ သင့်ပါတယ်။ သင့်အလုပ်ရှင်က မိန်းကလေးမို့ အလေးအပင် မ မဖို့ ပြောလာသည် ဖြစ်စေ၊ သင့်ချစ်သူက အခက်အခဲတွေကို သင် ကိုင်တွယ် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောလာသည် ဖြစ်စေ သင်ဟာ ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်တတ်တဲ့သူ ဆိုတာ သူတို့သိအောင် ပြလိုက်ပါ။ ပြီးတော့ တစ်ယောက်ယောက်က သင်ရဲ့ မိန်းမဖြစ်နေခြင်းအပေါ် နှိမ့်ချတယ် ဆိုရင်လည်း သူကသာ ဥာဏ်ရည်ဥာဏ်သွေး သိပ်ပြီး မပြည့်ဝသေးတဲ့သူ ဆိုတာ သက်သေပြနိုင်ဖို့က သင့်အပေါ်မှာပဲ မူတည်ပါတယ်။

၆။ လိမ်လည်လှည့်ဖျားခံရခြင်း။

သင့်အတွက် လေးနက်တဲ့ အကြောင်းအရင်း မရှိဘဲနဲ့တော့ သင့်ကို လိမ်လည် လှည့်ဖျားခဲ့တဲ့ ယောင်္ကျားတစ်ယောက်ကို အခွင့်အရေး ထပ်မပေး သင့်တော့ပါဘူး။ သူက သင့်အပေါ် သစ္စာဖောက်ပြီး အခြားမိန်းမနဲ့ ခြေရှုပ်ခဲ့တာ သိလိုက်ရရင် သင် သူ့ကို ပြောရမယ့် စကားက “နင် ငါ့ဘဝထဲက ထွက်သွားလိုက်တော့” ဆိုပြီးပဲ ဖြစ်သင့်ပါတယ်။ လောကကြီးမှာ သင့်လို မိန်းမမျိုးနဲ့ လက်တွဲရမှ ကံဇာတာတက် လာနိုင်တဲ့ ယောင်္ကျားမျိုးတွေ အများကြီး ရှိနေပါတယ်။

၇။ အရာရာ ကိုယ်ကပဲ လုပ်ဆောင်ရခြင်း။

သင်က သင့်ချစ်သူနဲ့ အတူနေသည် ဖြစ်စေ၊ အခန်းဖော် သူငယ်ချင်းနဲ့ အတူနေသည် ဖြစ်စေ အလုပ်တာဝန်တွေ အားလုံးက ကိုယ်တစ်ယောက်ထဲပေါ်မှာပဲ ပိနေတာမျိုး မဖြစ်သင့်ပါဘူး။ သင်နဲ့ အတူနေသူက စားပြီးသား ပန်းကန်တွေ၊ သူရှုပ်ထားတာတွေကို လက်နဲ့တောင် မထိဘူး ဆိုရင်တော့ ပြောစရာ ရှိတာ ပြောသင့်နေပါပြီ။

သင်ကလည်း တန်ဖိုးရှိတဲ့ လူတစ်ယောက်ပါပဲ။ ဒီတော့ ဘယ်တော့မှ တန်ဖိုးမဲ့တဲ့ သူတစ်ယောက်လို ဆက်ဆံခံရတာတွေကို ခွင့်မပြုမိပါစေနဲ့။ သင့်ကို အဲ့ဒီလို ဆက်ဆံတတ်တဲ့ သူတွေက သင့်ဘဝအတွက် ဘာမှ အရေးမပါတဲ့ သူတွေ ဆိုတာ အမြဲ သတိရှိနေပါ။

အခု ဖော်ပြခဲ့တာတွေကတော့ ကိုယ့်ကိုယ်ကို အလေးထားတဲ့ မိန်းမတစ်ယောက် လက်မခံသင့်တဲ့ အချက် ၇ ချက်ပါ။ ပရိတ်သတ်ကြီးရော အခြားဘယ် အချက်တွေ ထပ်တိုးချင်ပါသလဲ။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။