အချစ်ခရီးတစ်လျှောက်မှာ ရှောင်ရှားသင့်တဲ့ စိတ်ရဲ့ စေစားမှုများ

blank

သင့်ရဲ့ relationship နဲ့ ပတ်သတ်လို့ အနာဂါတ်မှာ အကောင်းဆုံး အခွင့်အလမ်း ရချင်တယ်ဆိုရင် စိတ်အလိုလိုက်မှုတွေကို ရှောင်ရှားနိုင်ရပါမယ်။ အရင်က စိတ်အလိုလိုက်ပြီး လုပ်ခဲ့မိတယ့် လုပ်ရပ်လေးတွေ ရှိခဲ့ရင်လည်း စိတ်မပူပါနဲ့။ နေ့ရက်တိုင်းကို နေ့သစ်အဖြစ်မြင်ပြီး ဘဝကို လတ်လတ်ဆတ်ဆတ် ပြန်လည် စတင်နိုင်ပါသေးတယ်။ ရှောင်ရှားသင့်တဲ့ စိတ်ရဲ့ စေစားမှုလေးတွေကို အောက်မှာ ရေးသားတင်ဆက်လိုက်ပါတယ်။

၁။ သေချာမစဉ်းစားဘဲ အချစ်ရေးကို အလောတကြီး ဆုံးဖြတ်ခြင်း။

သင် ဒီကောင်လေးကို တစ်ဘဝလုံးစာ ချစ်သွားဖို့ ဆုံးဖြတ်တော့မယ် ဆိုရင် အချိန်ယူပါ။ ဘာလို့လဲ ဆိုတော့ သူက သင်နဲ့ ပထမဆုံး တွေ့တုန်းက ပုံစံအတိုင်း အမြဲ ရှိမနေ နိုင်ဘူးလေ။ ဒီတော့ သင်တို့ရဲ့ relationship က သဘာဝကျကျနဲ့ ဘာမှ ဟန်ဆောင်ထားတာ မရှိတော့တဲ့ထိ အချိန်ပေး စောင့်ကြည့်ပါ။ အရာရာတိုင်းကို အရမ်းကြီး လိုက်ပြီး အားထုတ် လုပ်ဆောင် နေရတာထက် သူ့အလိုလို နေသားတကျ ဖြစ်သွားတာက အမြဲတမ်း ပိုပြီး ကောင်းပါတယ်။ စိတ်စောပြီး အချစ်မလောမိပါစေနဲ့။

၂။ သူကပဲ သင့်ကမ္ဘာလို့ မှတ်ယူမိခြင်း။

မိန်းကလေး အတော်များများ ဒီလိုမျိုး ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် လူတစ်ယောက်အပေါ် ဒီလောက်ထိ တမ်းတမ်းစွဲနေဖို့တော့ မတန်ပါဘူး။ သင့်တစ်ဘဝလုံး relationship ထဲမှာပဲ နှစ်မြုပ် ထားမယ့်အစား သူငယ်ချင်းတွေနဲ့ အပြင်သွားစရာရှိတာ သွားပါ။ ဝါသနာအတွက်လည်း အချိန်ပေးပါ။ အခြားသူကို ဘယ်လောက်ပဲ ချစ်ပါစေ၊ သင့်ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ကတော့ ရှိနေသင့်ပါတယ်။

၃။ သင့်ချစ်သူရဲ့ အားနည်းချက်ကို social media တွေပေါ်မှာ ထိုးနှက်ခြင်း။

သင့်ချစ်သူက သူဟာ တစ်ကမ္ဘာလုံးမှာ အတုံးဆုံး လူတစ်ယောက်လို့ သင် ယူဆလောက်ရတဲ့ အပြုအမူမျိုး လုပ်ခဲ့တယ် ဆိုပါစို့။ သင်ကတော့ ဒီအကြောင်းကို အခုခေတ်ရဲ့ ထုံးစံအတိုင်း လူမှုကွန်ယက် (social media) တွေ ဖြစ်တဲ့ ဖေ့ဘွတ် (facebook) တို့၊ တွီတာ (twitter) တို့ တစ်ခုခုပေါ်မှာ တင်ချင်နေမှာပါ။ ဒါပေမယ့် မလုပ်မိပါစေနဲ့။ ဒါက ခဏတာအတွက် စိတ်ပြေပျောက်သွားနိုင်ပေမယ့် သင့်စိတ်တည်ငြိမ်သွားတဲ့အခါ သင်ပဲ နောင်တရနေမှာပါ။ ဒီလိုလုပ်ခြင်းက သူ့ကို စိတ်ဒဏ်ရာပေးရုံ မကဘဲ သင်တို့ရဲ့ ရေရှည်အချစ် ခရီးလမ်းမှာလည်း အနှုတ်ဖက် ပြသွားစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ သူ့မိဘတွေ၊ သူငယ်ချင်းတွေအပေါ် ရိုင်းပျစွာ ဆက်ဆံခြင်း။

သင့်ချစ်သူမှာ သင်သဘောမတွေ့တဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေလည်း ရှိကောင်း ရှိနေနိုင်ပါတယ်။ သူတို့က စိတ်ပျက်စရာကောင်းလို့ပဲ ဖြစ်စေ၊ ရိုင်းပျလို့ပဲ ဖြစ်စေ၊ ဒါမှမဟုတ် သူတို့ဘာမှ မလုပ်ပဲ သင်ကိုက သဘောမတွေ့တာပဲ ဖြစ်စေပေါ့။ သင့်စိတ်အတိုင်း သူတို့ကို သဘောမတွေ့တာက ဘာမှ မဖြစ်ပေမယ့် သူတို့အပေါ် ရိုင်းပျတာမျိုးတော့ မဖြစ်သင့်ပါဘူး။ သူတို့က သင်ထင်သလို တစ်ကယ်ပဲ ဆိုးတဲ့ သူတွေ ဆိုရင်လည်း သင့်ချစ်သူက အချိန်တန်ရင် သူ့အလိုလို သိသွားပါလိမ့်မယ်။ ဒါကို ယုံကြည်ထားလိုက်ပါ။

၅။ သူနဲ့ ပတ်သတ်လို့ အရာရာ သင့်စိတ်တိုင်းကျ ဖြစ်ရမယ်လို့ မျှော်လင့်နေခြင်း။

သင်ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေအကြောင်း သင့်ချစ်သူကို ပြန်ပြောပြတာတွေ၊ ဝေမျှတာတွေက အရမ်းကို ကောင်းပါတယ်။ ပြီးတော့ သူ့ဘဝအတွက် အကြံဥာဏ်တွေ ပေးတာရောပေါ့။ ဒါပေမယ့် သူ့ဆန္ဒ လုံးဝမပါတဲ့ အရာမှာတော့ အရမ်း မတိုက်တွန်း မိပါစေနဲ့။ သင် သတိချပ်ရမှာက သင်တို့က တစ်ဦးစီဆိုတာရယ် လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင် ဘဝအမြင်တွေ ရှိတယ် ဆိုတာကိုပါပဲ။ သင့်အကြံဥာဏ်က သူ့အတွက် အစဉ်မပြေရင်လည်း ဒါက ဖြစ်တတ်ပါတယ်။

၆။ သူ့ကို ဆိုရင် လောကကျင့်ဝတ်တွေ လုံးဝမပါဘဲ ဆက်ဆံမိခြင်း။

ဒီကိစ္စမျိုးက လူတိုင်းလိုလို ဖြစ်တတ်ကြပါတယ်။ ကျွန်မတို့ရဲ့ အချစ်ဆုံး သူတွေဟာ ကျွန်မတို့ရဲ့ အကောင်းအဆိုး နှစ်ဖြာကနေ အဆိုးဘက်ခြမ်းကိုသာ ရတတ်ကြပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်မလည်း ကိုယ့်ကိုယ်ကို အပြစ်တင် မိဖူးပါတယ်။ ဒါပေမယ့် ဒီလို အပြစ်တင်နေရုံနဲ့တာ့ ဘာမှ ဖြစ်မလာပါဘူး။ အမှန်တစ်ကယ်က ဘာမှ မသက်ဆိုင်တဲ့ သူတွေကို လောကဝတ်တွေနဲ့ ကောင်းပြ နေတာထက် မိမိ ချစ်ရတဲ့သူတွေကသာ ပိုပြီး ချစ်ခင်ကြင်နာမှုတွေနဲ့ ထိုက်တန်ပါတယ်။ တစ်ကယ်လို့ သင်ဒီလိုမျိုး ဖြစ်နေတယ် ဆိုရင်လည်း ကျော်လွှားသွားနိုင်မှာပါ။

၇။ အဆင်သင့်မဖြစ်သေးတဲ့ အချိန်မှာ အတူနေမိခြင်း။

သင် လုံးဝရှောင်ရှားရမှာ တစ်ခုက အဆင်သင့် မဖြစ်သေးဘဲ အတူမနေမိဖို့ပါပဲ။ ဒီအဆင့်အတွက် သင် အရင် အဆင်သင့် ဖြစ်အောင်လုပ်ပါ။ သူက လူကောင်း တစ်ယောက် ဆိုရင် သင့်ကို ဇွတ်အတင်း တိုက်တွန်းမှာ မဟုတ်ပါဘူး။ ဒါက သင်တို့ အချစ်ခရီးမှာ အရေးကြီးတဲ့ အဆင့်ဖြစ်တာကြောင့် သင့်ခံစားမှုကို အရင်ပြန်ပြီး ဆန်းစစ်သင့်ပါတယ်။ ပြီးတော့ ဒီကိစ္စနဲ့ ပတ်သတ်လို့ သင်သိထားရမှာက အကယ်လို့ ဖြစ်ဖို့ အကြောင်းဖန်လာရင်လည်း လုံခြုံစိတ်ချရပြီး ကျန်းမာရေးနဲ့ အညီ ပြုမူနိုင်ဖို့ပါပဲ။

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ သင့်အချစ်ခရီး သာယာဖို့ ရှောင်ရှားသင့်တဲ့ စိတ်အလိုလိုက်မှုတွေ ပါပဲ။ ဘယ်တစ်ခုကများ ပရိတ်သတ်ကြီးအတွက် လိုက်နာဖို့ ခဲယဉ်းနေပါသလဲ။ တစ်ခုခု စိတ်ထဲမှာ ရှိနေရင်လည်း ပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ်။

သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။