ပြီးပြည့်စုံတဲ့ Relationship တစ်ခုဆိုတာ…

blank

ပြီးပြည့်စုံတဲ့ Relationship ဆိုတာနဲ့ ရုပ်ရှင်တွေ ဗွီဒီယိုတွေထဲကလို ခက်ခဲကြမ်းတမ်းမှုမရှိ၊ အရာရာ အဆင်ပြေချောမွေ့နေတာမျိုး၊ ဒဏ္ဍာရီ ပုံပြင်ထဲကလို မင်းသားလေးနဲ့ မင်းသမီးလေး နန်းတော်ထဲမှာ အပူအပင်မရှိဘဲ အတူတကွ စံမြန်းနေတာမျိုးပဲ ပြေးမမြင်လိုက်ပါနဲ့။ ဒါဟာ သိပ်ကိုစိတ်ကူးယဉ်ဆန်လွန်းလှပါတယ်။

တစ်ကယ့်လက်တွေ့ဘဝမှာတော့ ဒီလောက် အဆင်ပြေချောမွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မတူညီတဲ့ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က လာတဲ့ လူနှစ်ယောက် ပတ်သက်မှုမှာ အဆင်မပြေမှုလေးတွေဆိုတာ ရှိမှာပါပဲ။ နေ့စဉ်ဘဝမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် စိတ်အနှောင့်အယှက် ဖြစ်စရာလေးတွေ ကြုံတွေ့လိုက် စတာလေးတွေကတော့ ကြုံနေရမှာပါပဲ။ အရေးကြီးတာက ဒီလိုအခြေအနေတွေ ကြုံလာတဲ့ အခါ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိနဲ့ ဖြေရှင်းနိုင်သလား ဆိုတာပါပဲ။ ဒီအချိန်မှာ နားလည်ပေးနိုင်မှုအပြင် သည်းခံခွင့်လွှတ်တတ်ဖို့လည်း အရေးပါနေပြန်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

relationship တစ်ခု အဆင်ပြေချောမွေ့ဖို့ အမြင်မတူလို့ဆို ကိုယ့်ဖက်ပါလာအောင် စည်းရုံးတာမျိုး၊ သူ့ကိုကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲယူတာမျိုးတွေ လုပ်ဖို့မလိုပါဘူး။ မတူညီတာတွေကို တလေးတစား ဆက်ဆံပေးဖို့နဲ့ တစ်ယောက်အားနည်းချက်တစ်ယောက် စာနာနားလည်ပေးဖို့ပါပဲ။ ဒီလိုတစ်ယောက်အားနည်းချက်တစ်ယောက် ဖေးမကူညီရင်း ဘဝရဲ့ အဆိုးရွားဆုံး အခြေအနေတွေကို အတူရင်ဆိုင်နိုင်ဖို့ကပဲ အရေးကြီးတာပါ။ တစ်ခါတစ်လေ အမြင်မတူတာလေးတွေ ရှိလာခဲ့ရင်လည်း တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးညှိနှိုင်းကြဖို့ပဲ လိုအပ်တာပါ။ ဒီလိုသာ ညှိနှိုင်းနေထိုင်နိုင်မယ်ဆို ဆိုးရွားတဲ့ relationship တစ်ခု ဖြစ်လာစရာ အကြောင်းကို မရှိတော့ပါဘူး။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ပြီးပြည့်စုံတဲ့ relationship တစ်ခုဖြစ်လာဖို့ လူနှစ်ယောက်ဟာ သင့်တင့်မျှတတဲ့ အတွေးအခေါ်တွေ နဲ့ ဘဝတစ်လျှောက်လုံး အပေးအယူမျှမျှ ရပ်တည်သွားဖို့ပဲ လိုအပ်တာပါ။ အကယ်လို့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်နဲ့သာ မေတ္တာရှေ့ထားပြီး ရှေ့ဆက်သွားနိုင်မယ် ဆိုရင်တော့ ပြီးပြည့်စုံတဲ့ relationship တစ်ခုကိုမကြာခင်မှာ လက်ဝယ်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။