မိခင်နဲ့ ဆယ်ကျော်သက်သားသမီးများကြား ရှိလာနိုင်တဲ့ အတားအဆီးများ။

blank

ဘဝမှာ အသက်အရွယ်ကြီးရင့်လာရတာက သဘာဝပါ။ သင့်ရဲ့သားဟာ ကလေးကစားစရာလေးတွေကို ထိတောင်မထိတော့ဘဲ X-box တို့၊ Play Station တို့နဲ့ပဲ နပန်းလုံးနေပြီ ဆိုရင်တော့ သင်စပြီး သူရဲ့ လျင်မြန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို လက်ခံပေးရတော့မှာပါ။ အောက်ဖက်မှာတော့ ဆယ်ကျော်သက် သားသည်အမေတွေတိုင်း တွေ့ကြုံရတတ်တဲ့ အခက်အခဲတွေကို ဂန္တဝင်မှ တင်ဆက်ပေးလိုက်ပါတယ်။

၁။ ပြောရဆိုရခက်လာပါလိမ့်မယ်။

သူဟာ ဂိမ်းကစားနေတာ၊ ဒါမှမဟုတ် သီချင်းနားထောင်နေတာဆိုရင် သင်ပြောသမျှ အားလုံးကို အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ သူက သူ့သီချင်းထဲမှာပဲ အာရုံရောက်နေပါလိမ့်မယ်။ ဒီတော့ သင့်စကားတွေကို နားဝင်မှာမဟုတ်ပါဘူး။

၂။ ပြုစုပျိုးထောင်ရတာလည်း ခက်ခဲလာပါမယ်။

သင်က သူကြီးပြင်းလာတဲ့အခါ သူ့အနာဂါတ်ကို သင့်စိတ်တိုင်းကျပုံဖော်ဖို့ စိတ်ကူးတွေ ယဉ်ထားပါလိမ့်မယ်။ သင်ပုံသွင်းသလို သူရင့်ကျက်လာပြီး သူ့ကိုယ်သူ တာဝန်ယူတတ်လာလိမ့်မယ် ဆိုပြီး သင့်တွက်ရေးကတော့ စက်သူဌေးပေါ့။ ဒါပေမယ့် အဲ့ဒါက သင်ထင်ထားသလို မလွယ်ကူပါဘူး။ သူကြီးပြင်းလာပြီး သင့်ကို ဆန့်ကျင်တာတွေ၊ ဆိုးသွမ်းတာတွေရှိလာမှာပါ။ ဒီတော့ သင်ကပဲ သူ့အမှားလေးတွေကို ခွင့်လွှတ်ပေးရတာမျိုး၊ အရယ်သဘောနဲ့ ဖြေလျှော့ပေးလိုက်ရတာမျိုး၊ သတိပေးတားမြစ်တာမျိုးတွေလုပ်ပြီး ထိန်းကျောင်းရပါမယ်။ ကောင်းကွက်ရှိရင်လည်း အားပေးမှုလေးတွေ လုပ်ပေးရပါမယ်။

၃။ သင့်ရဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်လာပါလိမ့်မယ်။

သင်ချမှတ်ထားတဲ့ အိမ်ပြန်ချိန်စည်းကမ်းကို သူစပြီး ချိုးဖောက်ပါလိမ့်မယ်။ အမှန်တကယ်ကတော့ ည ၈ နာရီလောက်ကို အိမ်ပြန်ချိန်အဖြစ်သတ်မှတ်တာက သိပ်တော့ မကိုက်ညီပါဘူး။ ပြီးတော့ ညမှာ အပြင်ပေးမထွက်တာတို့၊ အမှိုက်ပစ်ခိုင်းတာမျိုးလို အိမ်မှုကိစ္စတွေခိုင်းတာတွေက လူပျိုပေါက်အရွယ် သူ့အတွက် လိုက်နာဖို့ခက်ခဲလာပါလိမ့်မယ်။

၎။ သင်သတိထားမိတာထက်ကို အတောင်စုံ အရွယ်ရောက်တာ မြန်နေပါလိမ့်မယ်။

သူ့အသံတွေ အောလာပြီး လူကြီးသံပေါက်လာပါမယ်။ အစားလည်း အရင်ထက် အရမ်းစားနိုင်လာပြီး ခန္ဓာကိုယ်မှာလည်း ကြွက်သားတွေနဲ့ ကြီးထွား ကြံ့ခိုင်လာပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင်တို့မှာ ကြားလူဝင်လာပါလိမ့်မယ်။

သင်မျှော်လင့်တာက သင်နဲ့ နွေးနွေးထွေးထွေး လက်ပွန်းတတီး နေပြီး သူ ချစ်ခွင့်ပန်ထားတဲ့ ကောင်မလေးကို ဂရုတစ်စိုက်ရှိသလို သင့်ကိုလည်း အလေးထားဖို့ပါ။ ပြီးတော့ သင်က သားအမိချင်း ပွင့်ပွင့်လင်းလင်းနဲ့ သူ့အကြောင်းစုံ ပြောပြစေချင်ပေမယ့် သူကတော့ လျို့ဝှက်ထားပြီး ကျိတ်ပုန်းခုတ်နေပါလိမ့်မယ်။

၆။ အမှားတွေ ပိုပြီးလုပ်လာပါလိမ့်မယ်။

သင် သဘောမကျပေမယ့် သင်လည်း ဒီလို ဆယ်ကျော်သက် အရွယ်ကို ဖြတ်သန်းလာခဲ့တာကြောင့် ရည်းစားထားတာမျိုး၊ သူငယ်ချင်းပေါင်းသင်းတာမျိုးလို အရမ်းအရေးမကြီးတဲ့ ကိစ္စတွေမှာ လျှော့သင့်တာကိုတော့ လျှော့ပေးပါ။ သူ့အရွယ်မှာ အမှီအခိုကင်းတာနဲ့ လျစ်လျှူရှုမိတာကို ထိန်းညှိပြီး နေထိုင်နေရတဲ့အတွက် အမှားဆိုတာတော့ ရှိတတ်ပါတယ်။ စိတ်မပူပါနဲ့။ ဘဝက သူ့ကို သင်ခန်းစာတွေပေးပါလိမ့်မယ်။

၇။ သူက သင်နဲ့ စကားအခြေအတင်တွေ ပြောလာပါလိမ့်မယ်။

အရင်ကတော့ သူ့ကို လမ်းညွှန်ရတာက လွယ်ကူခဲ့မှာပါ။ သင့်မျက်စိရှေ့တင်ပဲ ကြီးပြင်းလာပြီ ဆိုတော့ သူ့ကို သူငယ်နှပ်စားလို သင့်စိတ်တိုင်းကျ အမိန့်ပေးလမ်းညွှန်ဖို့က မဖြစ်နိုင်တော့ပါဘူး။ သူနဲ့ စကားများရတာတွေ၊ ငြင်းခုံရတာတွေကြောင့် အခက်အခဲတွေ တွေ့နိုင်ပါတယ်။ အဲဒီတော့ သင်တို့ကြားမှာ ပြဿနာရှိလာရင်လည်း ဒေါသရှေ့မထားပဲ သေချာကိုင်တွယ်ဖြေရှင်းပါ။

၈။ သင်ကားမောင်းသင်ပေးမှာကို သူမနှစ်သက်ပါဘူး။

အမေအတော်များများကတော့ ဒီအချက်ကို လက်ခံကြပါတယ်။ သူက အရွယ်ရောက်နေပြီမို့ အမေဖြစ်သူက ကားမောင်းသင်ပေးတယ် ဆိုတာ မသင့်တော်ပါဘူး ။ သူ့သူငယ်ချင်းတွေ ဘာပြောကြမလဲ။ သေချာတာကတော့ လှောင်ပြောင်ကြမှာပါပဲ။ ဒီလို ကိစ္စမျိုးကို သူ့အဖေကပဲ တာဝန်ယူပါစေ။

၉။ သူကသင့်ခံစားမှုတွေကို မရိုးနိုင်အောင် ပြောင်းလဲစေပါလိမ့်မယ်။

ကျောင်းဘောလုံးပွဲမှာ အနိုင်ရလာတာမျိုး၊ အတန်းထဲမှာ အဆင့်ကောင်းတာမျိုးတွေ ကြားရတဲ့အခါ သင် ဝမ်းသာမျက်ရည်တွေကျသလိုပဲ သူဆိုးသွမ်းတဲ့အခါမျိုး ၊ အမှားတွေလုပ်တဲ့ အခါမျိုးတွေမှာတော့ ယူကြုံးမရဖြစ်ရမှာပါ။ ဒီအချိန်အပိုင်းအခြားမှာ သူ့ကြောင့် သင် ငိုလိုက်ရ၊ ရယ်လိုက်ရနဲ့ ခံစားချက်တွေ အမြဲပြောင်းလဲနေမှာပါ။

၁၀။ တစ်ကိုယ်ရေသန့်ရှင်းရေးကို သူကိုယ်တိုင်ပဲ လုပ်ပါလိမ့်မယ်။

လူမမယ်ကလေးဘဝ တစ်လျှောက်လုံး တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သင်လုပ်ပေးခဲ့ပြီးပါပြီ။ သူမလုပ်တတ်မကိုင်တတ် အရွယ်မှာ သင်ကပဲ အားလုံးလုပ်ပေးရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သင်က ဘေးကနေစောင့်ကြည့်ပြီး အမြင်မတော်တာလောက်ကိုပဲ ကူညီပေးရပါလိမ့်မယ်။

တစ်ခုခု ဗဟုသုတရလိုက်လျှင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။