အမုန်းတရားဆိုတာ သေဆေးထက်ဆိုးတဲ့ အဆိပ် တစ်မျိုးပါပဲ။

blank

လီလီ (Li Li)ဟာ သူမရဲ့ ချစ်သူနဲ့ လက်ထပ်ပြီးတဲ့ အချိန်မှာ ရောင်နောက် ဆံထုံးပါဆိုသလို ခင်ပွန်းသည်နဲ့ အတူနေဖို့ သူ့ချစ်သူရဲ့မိဘ အိမ်ကို လိုက်သွားခဲ့ပါတယ်။

အချိန်တို အတွင်းမှာပဲ သူမနဲ့ယောက္ခမ ဖြစ်သူဟာ အပေးအယူ မမျှပဲ အမြဲ ကတောက်ကဆ ဖြစ်နေပါတော့တယ်။ သူတို့ရဲ့ အမူအကျင့်တွေ၊ စရိုက်တွေ ဘာဆို ဘာမှ မတူကြပါဘူး။ ယောက္ခမဖြစ်သူရဲ့ အပြုအမူတွေကြောင့် အမြဲ စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် လီလီ လုပ်သမျှကို အမြဲ အပြစ်တင်ဝေဖန်နေတော့ တာပါပဲ တဲ့ ။ ဒါဟာ ယောက္ခမနဲ့ ချွေးမကြားက ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ပဋိပက္ခ တစ်ခုပါပဲ။

ဒီလိုနဲ့ နေ့တွေသာ တစ်နေ့ပြီးတစ်နေ့ ကုန်သွားတယ်။ သူတို့နှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် အမြင် မကြည်လင် ကြသေးပါဘူး။ ဒါ့အပြင် တရုတ်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ လီလီဟာ အလိုမတူဘဲ ယောက္ခမ စကား တစ်သွေမတိမ်း နားထောင်နေရတော့ စိတ်ထဲမှာပိုပြီး အစာမကျေတွေ များလာပါတော့တယ်။ ခင်ပွန်းဖြစ်သူဟာလည်း တစ်ဖက်ကအမေ တစ်ဖက်က ဇနီးသည် ဖြစ်တာမို့ ဘာပြောရမှန်းမသိဘဲ အကြီးအကျယ် စိတ်ပျက်နေပါတော့တယ်။

နောက်ဆုံးမှာတော့ လီလီဟာ သူ့ယောက္ခမ ကြီးရဲ့ ဒါဏ်ကို ဘယ်လိုမှ မခံနိုင်တော့တာကြောင့် တစ်ခုခု လုပ်မှရတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒါနဲ့ လီလီဟာ သူ့အဖေရဲ့ သူငယ်ချင်းဖြစ်သူ ဆေးဖော်ရောင်းတဲ့ မစ်စတာ ဟောင် ( Mr.Huang) ဆီ သွားခဲ့ပါတယ်။ သူမအခြေအနေကို ပြောပြပြီး ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် ဒီအဖွားကြီးကို ကိစ္စတုံးမှ ဖြစ်မယ် ဒါကြောင့် အဆိပ်တစ်မျိုးမျိုးများ ရနိုင်မလားဆို မေးခဲ့ပါတယ်။ မစ်စတာ ဟောင်လည်း ခဏမျှ ငြိမ်ပြီး စဉ်းစားလိုက်ပါတယ်။ ပြီးနောက် “အေးပါ လီလီ… ငါနင့်ကို ကူညီပါ့မယ်။ ဒါပေမယ့် နင် ငါပြောတာတွေတော့ သေချာ နားထောင်မှ ရမယ်”

ဒါနဲ့ လီလီကလည်း နားထောင်မယ်ပေါ့။ ဆေးဆရာလည်း အခန်းထဲ ဝင်သွားပြီး ဆေးထုတ်လေး ကိုင်ပြီး ပြန်ထွက်လာတယ်။

“နင်သူ့ကို အမြန် အပြတ်ရှင်းလို့ မရဘူး လီလီ၊ ချက်ချင်းကြီးဆို ပတ်ဝန်းကျင်က နင့်ကို သံသယ ဝင်သွားနိုင်တယ်။ ဒါကြောင့် အချိန်ကြာမှ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းနဲ့ အဆိပ်ဖြစ်စေအောင် ငါ စီမံထားတယ်။ နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ပြီး ဒီဆေးတွေကို နည်းနည်းစီထည့်ကျွေး။ သူမ တစ်ခုခု ဖြစ်သွားခဲ့ရင် နင့်ကို ဘယ်သူမှ သံသယ မဝင်အောင် အခုကနေစလို့ နင် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရလိမ့်မယ်။ သူ့စကားတွေ နားထောင်၊ သူနဲ့အရင်ကလို ကတောက်ကဆ ဖြစ်တာတွေကို တတ်နိုင်သလောက်ရှောင်၊ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ အပြေလည်ဆုံး ဆက်ဆံပေးပါ။” ဆို မှာလိုက်တယ်။

လီလီလည်း အရမ်းပျော်သွားပြီး မစ်စတာ ဟောင်ကို နှုတ်ဆက်ပြီး အိမ်ကို ပြန်လာခဲ့တယ်။ အိမ်ကို အမြန်ပြန်လာပြီး သူ့ယောက္ခမကြီးကို လုပ်ကြံမယ့် အစီအစဉ်တွေ စပါတော့တယ်။ ဒီလိုနဲ့ လီလီဟာ ယောက္ခမကြီးကို မစ်စတာ ဟောင် ပြောတဲ့အတိုင်းပဲ အတတ်နိုင်ဆုံး သည်းခံလိုက်လျော၊ အမေအရင်းလို ပြုစုရင်းကနေ (၆) လလောက် ကြာတဲ့အခါ အရင်က အမြဲ မကျေလည်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ဟာ ခုဆို ချစ်ခြင်းမေတ္တာတွေ၊ ပျော်ရွှင်ကြည်နူးစရာတွေ အပြည်နဲ့ အိမ်လေး ဖြစ်လို့နေပါပြီ။

လီလီပြောင်းလဲလာသလိုပဲ ယောက္ခမဖြစ်သူဟာလည်း အရင်လို သူမအပေါ် နိုင်ထက် စီးနင်းပြုတာတွေ၊ ဗျစ်တောက်ဗျစ်တောက် ဆရာလုပ်တာမျိုးတွေ မရှိတော့ဘဲ သမီးအရင်းလေး တစ်ယောက်လို ချစ်မြတ်နိုးနေပါပြီ။ ခုဆို လီလီရဲ့ယောက္ခမဖြစ်သူဟာ ပတ်ဝန်းကျင်ကိုတောင် “လီလီလို ချွေးမမျိုးတော့ ဒီတစ်သက် ရှာတွေ့မယ် မထင်တော့ပါဘူး။ သူ့အပေါ်အရမ်းကောင်းတဲ့ အကြောင်းတွေကိုလည်း အားရဝမ်းသာ ပြောတတ်နေပါပြီ။ လီလီရဲ့ ခင်ပွန်းလည်း ဒီလိုဆက်ဆံရေးလေး ကို မြင်ရတာ အရမ်းကို ကြည်နူး ဝမ်းသာနေပါတယ်။

ဒီအခြေအနေလေးကို လီလီကလည်း ကျေနပ်ပါတယ်။ သို့ပေမယ့် သူမရဲ့ အကြံအစည်ကြောင့် အခုဆိုရင် ယောက္ခမဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ ဘယ်လောက်တောင် များနေပြီလဲဆို စိတ်ပူသွားခဲ့တယ်။ အခုချိန်မှာ ယောက္ခမဖြစ်သူကို လုပ်ကြံဖို့လည်း ဆန္ဒမရှိတော့ပါဘူး။ ဒါနဲ့ ဆေးဆရာ ဆီ ပြန်သွားပြီး အကူအညီတောင်းတယ်။ “မစ်စတာ ဟောင်ရေ… ကျွန်မကို ကယ်ပါဦး။ ကျွန်မသူ့ကို မသေစေချင်တော့ဘူး။ အခုဆိုရင် သူနဲ့ကျွန်မ သားအမိအရင်းတွေလို ချစ်နေကြပြီ။ သူလည်း အများကြီး ပြောင်းလဲလာပါပြီ။ မစ်စတာ ဟောင် ကယ်ပါအုံးနော်။”

မစ်စတာ ဟောင် လည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း ” မစိုးရိမ်ပါနဲ့ လီလီ ငါနင့်ကို ပေးလိုက်တာ အဆိပ်တွေမဟုတ်ပါဘူး။ အဲဒါ ဗီတာမင်အားဖြည့်ပေးတဲ့ ဆေးတွေပါ။ တကယ်အဆိပ်ရှိနေတာက နင့်စိတ်ထဲမှာမို့ နင့်စိတ်သဘောထားတွေ ပြောင်းလဲသွားအောင်ပဲ ငါ အကြံညဏ်ပေးခဲ့တာပါ။ ခုဆို နင်တို့ ချစ်ခြင်းမေတ္တာတွေနဲ့ ကုစားလိုက်တာ နင့်စိတ်ထဲမှာလည်း အဆိပ်တွေမရှိတော့ဘူး။ တစ်သက်လုံး ချစ်ချစ်ခင်ခင ပျော်ပျော်ရွှင်ရွှင်လေးသာ နေထိုင်သွားပါတော့” ဆိုပြီး ပြောလိုက်ပါတယ်။

ဒါကြောင့် လူတစ်ဦးနဲ့ တစ်ဦးဆက်ဆံရေး ပြေလည်ဖို့အတွက်ဆို အရေးအကြီးဆုံးက တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သဘောထား အမြင်တွေပါပဲ။ တတ်နိုင်သမျှ ကိုယ်ချင်းစာစိတ်လေးတွေနဲ့ နားလည်မှုရှိရှိ ရပ်တည်ကြမယ်ဆို ကျွနုပ်တို့ နေထိုင်တဲ့ ကမ္ဘာကြီး ဒီထက်သာယာလှပလာမှာ မလွဲပါပဲ။ မနက်ဖြန်ဆိုတာ ဘယ်သူမှ ကြိုမမြင်နိုင်တာမို့ နောင်တကင်းတဲ့ ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ လက်ရှိအချိန်လေးမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို အကောင်းဆုံး ဆက်ဆံလိုက်ကြပါစို့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။