အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်းများ

blank

အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဖောက်ပြန်ရခြင်း အကြောင်းတရားနောက်မှာ ဘယ်လိုအချက်လေးတွေရှိလဲဆိုတာကို သုံးသပ်ကြည့်လိုက်တဲ့အခါ …..။

၁။ ဇနီးသည်နဲ့ အဆင်မပြေလို့…။

အိမ်မှာနေတဲ့ အချိန်တိုင်းအဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်။ အလုပ်ပင်ပန်းနေတဲ့အချိန်မှာ ဇနီးသည်က ဗျစ်တောက်ဗျစ်တောက် နားပူအောင်လုပ်တာကို ကြုံနေရတယ်။ မဖြေရှင်းဘဲ ထားတဲ့ ပြဿနာတွေက ရင်ထဲမှာ အစိုင်အခဲတွေဖြစ်လာကြတဲ့အခါ  တစ်ယောက်ကိုတစ်ယောက် ကြင်နာနွေးထွေးမှုတွေပျောက်ဆုံးကုန်ပါတယ်။ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမှု မရတဲ့အခါ အပျော်ရှာရင်း ဖောက်ပြန်တတ်တာမျိုးလည်းဖြစ်ပါတယ်။

၂။ အိမ်ထောင်သည် ဘဝကို တဖြည်းဖြည်း ငြီးငွေ့စိတ်ပျက်လာလို့..။

အိမ်ထောင့်တာဝန်တွေကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ ဆိုတော့ ကြာလာတဲ့အခါ ဒီဘဝကြီးကို ငြီးငွေ့လာတာမျိုး၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲ မစဉ်းစားဘဲ သာယာမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။

၃။ ဇနီးသည်အပေါ် ငြီးငွေ့သွားလို့…။

သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားတဲ့ ယောက်ျားတစ်ယောက်အနေနဲ့  ၂၄ နာရီပတ်လုံးမြင်နေရတဲ့ မိန်းမတစ်ယောက်ကို ငြီးငွေ့သွားတာက ဖြစ်တတ်တဲ့ သဘောတစ်ခုပါ။ အိမ်ထောင်ရေးတစ်ခုမှာ ဘဝကိုရင်းနှီးမြှုပ်နှံထားတာကြောင့် အလှတွေလျော့လာတဲ့ မိန်းမတစ်ယောက်ဟာ သူတို့ဖောက်ပြန်ဖို့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာပါတယ်။

၎။ ဇနီးသည်ဆီက ဂရုစိုက်မှုတွေ လိုအပ်နေလို့…။  

မိန်းမအများစုဟာ အိမ်ထောင်ကျပြီးတဲ့နောက် ကလေးတွေကို ဦးစားပေး ဂရုစိုက်တတ်ကြတာက များပါတယ်။ လုပ်ငန်းခွင်မှာ အောင်မြင်လာတဲ့အခါမျိုး၊ စိတ်ဓာတ်ကျနေတာမျိုးတွေမှာ မိန်းမဆီက အားပေးကူညီမှု၊ ဂုဏ်ပြုမှုတွေကို လိုချင်ကြတယ်။ အဲ့ဒီအခါမျိုးမှာ မိန်းမနဲ့ ပြောဆိုဆက်သွယ်ပြီး နားလည်မှုတွေ တည်ဆောက်သင့်တဲ့ အစား သူတို့ကို ဂရုစိုက်မှုတွေ ပေးနိုင်တဲ့ တတိယလူနောက်ကို ပါသွားတော့တာပေါ့။

၅။ ဖောက်ပြန်တတ်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရလို့…။

အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ခဲ့ရတဲ့ သူတွေအတွက် ဖောက်ပြန်ခြင်းဟာ ကိုယ်ကျင့်တရားပျက်ပြားတာ မဟုတ်တော့ပါဘူး။ မြင်နေကြားနေရတဲ့ အရာတစ်ခုကို ကျူးလွန်တာက အပြစ်လို့ မထင်တော့တာမျိုးပေါ့။

သင်ကော… ယောက်ျားတစ်ယောက်ဖောက်ပြန်ကြခြင်းအကြောင်းတရားနောက်မှာ ဘာတွေရှိနေလဲ။ မျှဝေပေးခဲ့ပါဦး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။