အသက်ငယ်ငယ်နဲ့ လက်ထပ်သော ချစ်သူတို့ကြုံတွေ့လာနိုင်တဲ့ အခက်အခဲလေးများ

blank

တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူတွေဟာ တစ်ယောက်မရှိဘဲ တစ်ယောက်က မနေနိုင်တော့တာကြောင့် လက်ထပ်ဖို့ အားယူကြတာ သဘာဝကျပါတယ်။ သို့ပေမဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံတွေကတစ်ဆင့် ရလာတဲ့ ရင့်ကျတ်မှုတွေဟာ သာယာတဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့အတွက် သိပ်ကို အရေးပါ လှပါတယ်။ ဒီလိုရင့်ကျတ်မှုတွေ မရှာဖွေရသေးဘဲ ဆန္ဒစောပြီး လက်ထပ်လိုက်မယ် ဆိုရင်တော့ အောက်ဖော်ပြပါ အခက်အခဲ လေးတွေ ကြုံတွေ့ လာနိုင်တယ်ဆိုတာ သတိထား စေချင်ပါတယ်။

၁။ ငွေရေးကြေးရေးကြောင့် ပဋိပက္ခများ ဖြစ်လာနိုင်ခြင်း။

ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထက်ကြသူတို့ အတွက် ငွေရေးကြေးရေး ခိုင်မာမှုကလည်း သိပ်ကို အရေးပါတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု စထူထောင်ကာစမှာ ကုန်ကျမယ့် စားရိတ်တွေအတွက် လုံလောက်တဲ့ ဝင်ငွေပမာဏ မရှိဘူးဆို အရမ်းကို ဒုက္ခများပါတယ်။ ဒါ့အပြင် လူငယ်တွေဖြစ်တဲ့အတွက် ငယ်ရွယ်စဉ်အချိန်မှာ သုံးချင်စွဲချင်ကြတာကြောင့် ငွေကြေးစုဆောင်းမှုနဲ့ စီမံခန့်ခွဲမှုတွေမှာ လစ်ဟင်းမှုတွေ ရှိလာနိုင်ပါတယ်။

ဒီလို ငွေကြေးအကြပ်အတည်းတွေ တွေ့လာတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချတာမျိုးတွေကြောင့်လည်း ပဋိပက္ခတွေက ပိုမို ဆိုးရွားလာနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကြိုးစားရုန်းကန် နေရတာကြောင့် နွေးထွေးမှုတွေ လျော့ပါးလာခြင်း။

ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထက်လိုက်ကြပြီဆို အိမ်ထောင်တစ်ခုသာယာဖို့ ရုန်းကန်ကြိုးစားရတာတွေ သိပ်များလွန်းတော့ တစ်ယောက်ကိုတစ်ယောက် အရင်ကလို ကြင်နာနွေးထွေးဖို့ အချိန်ဆိုတာ သိပ်ကိုနည်းသွားပါပြီ။ အလုပ်တွေ အရမ်းပင်ပန်းတဲ့အခါ သည်းခံနိုင်စွမ်းတွေ လျော့ပါးလာပြီး တစ်ယောက်နဲ့တစ်ယောက် အော်ဟစ်ဆူဆဲကြနဲ့ ကျေနပ်ပျော်ရွှင်စရာ ချစ်သူဘဝက ဆက်ဆံရေးတွေလည်း ပျက်စီး သွားနိုင်ပါတယ်။

၃။ တစ်ဦးကိုတစ်ဦး ချုပ်ချယ်ကန့်သတ်နေသည်ဟု ခံစားလာရခြင်း။

ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ လက်ထပ်လိုက်ကြပြီး အိမ်ထောင်သည်ဖြစ်သွားမှ စရိုက်မတူကြတာကို သတိထားမိတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ အိမ်ထောင်မှု ကိစ္စတွေများပြားတာကြောင့် သူငယ်ချင်းတွေကို အချိန်ပေးတာ၊ အပြင်ထွက်လည်တာ စတဲ့ အမူအကျင့်တွေကို တစ်ဖက်လူက ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေကို ချုပ်ချယ်ကန့်သတ်မှုတွေလို့ ယူဆလာတဲ့အခါ ပဋိပက္ခတွေဆီ ဦးတည်သွားပါလိမ့်မယ်။

၎။ နှစ်ဖက်မိဘရဲ့ ဖိအားပေးမှုတွေကို ခံနိုင်ရည်မရှိခြင်း။

လူငယ်တွေဟာ ကိုယ့်နေထိုင်မှုပုံစံနဲ့ ကိုယ် လွတ်လွတ်လပ်လပ် ရပ်တည်လိုကြတာ သဘာဝပါ။ သူတို့ကိစ္စတွေကို အခြားသူတစ်ယောက် ဝင်စွက်ဖက်တာကို မနှစ်သက်ကြပါဘူး။ သို့ပေမဲ့ လက်ထပ်ပြီးသွားတဲ့ အခါမှာတော့ နှစ်ဖက်မိဘရဲ့ ပါဝင် အကြံပေးမှု၊ စွက်ဖက်မှုတွေကို ဘယ်လိုမှ ငြင်းဆန်လို့ မရပါဘူး။ ဒါတွေကို အဆင်အပြေဆုံး ဆက်ဆံနိုင်ဖို့ ရင်ကျတ်မှုမျိုးမရှိရင်တော့ ပဋိပက္ခတွေဆီ ဦးတည်နေမှာ မလွဲပါပဲ။

၅။ သားသမီးယူတဲ့ ကိစ္စမှာ သဘောထားကွဲလွဲမှုများ ဖြစ်လာနိုင်ခြင်း။

ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ကြတဲ့ စုံတွဲတွေမှာ နောက်ထပ်ဖြစ်နိုင်တဲ့ ပြသနာတစ်ခုကတော့ သားသမီးယူတဲ့ ကိစ္စပါပဲ။ တစ်ယောက်က ကလေးယူဖို့ ဆန္ဒပြင်းပြနေပေမယ့် တစ်ဖက်လူက အဆင်သင့် မဖြစ်သေးတာမျိုးပေါ့။ ကလေးစယူဖို့ တိုင်ပင်ကတည်းက မပြေမလည်ဖြစ်ရာက ရလာတဲ့အချိန်မှာလည်း ကလေးကိုပဲ အာရုံစိုက်နေရတဲ့ အတွက် တစ်ယောက်နဲ့တစ်ယောက် ပိုဝေးကွာသလို ခံစား လာရပါလိမ့်မယ်။

ဘာမှ မပြင်ဆင်ရသေးဘဲ အချိန်မတိုင်ခင် လက်ထပ်လိုက်ကြမယ် ဆိုရင်တော့ အထက်ဖော်ပြပါ အဆင်မပြေမှုလေးတွေ ကြုံတွေ့လာနိုင်တယ်ဆိုတာ သတိထားမိဖို့ လိုအပ်ပါတယ်။ လက်ထပ်ဖို့ အသင့်တော်ဆုံး အရွယ်တစ်ခုထိသော စောင့်သင့်ပါတယ်။ ဒါတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားနိုင်မယ် ဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခု ထူထောင်နိုင်မှာ မလွဲပါဘူး။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ဖို့ မမေ့နဲ့နော်။