“အသုံး” နဲ့ “အဖြုန်း” ကို ခွဲခြားတတ်စေဖို့ သားလေးအတွက် မေမေ့မှာတမ်း

0
1083

ချစ်ရတဲ့သားလေးရေ…

ဒီတစ်ခါ သားလေးကို မေမေပြောပြချင်တာကတော့ “အသုံး” နဲ့ “အဖြုန်း” အကြောင်းပေါ့ကွယ်။ သားကငယ်သေးတယ်ဆိုပေမဲ့ လူတစ်ယောက် ငွေကြေးကို ကောင်းစွာစီမံတတ်ဖို့ဆိုတာ ငယ်ငယ်လေးကတည်းက အကျင့်လုပ်ထားမှ ရမှာလေ။

သားရဲ့ မိဘတွေအနေနဲ့ မေမေတို့က သားလိုချင်တာ၊ သားဖြစ်ချင်တာတွေအားလုံးကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားမှာပဲ။ သားကြီးလာတဲ့အခါမှာလည်း သားလက်ဖြန့်လိုက်တဲ့အချိန်တိုင်း ပေးနိုင်အောင် မေမေတို့ ကြိုးစားမှာပဲ။

ဒါပေမဲ့ သားရယ်။ မိဘဆီက လက်ဖြန့်တောင်းလို့ရတိုင်း သုံးတာထက်ပိုပြီး ဖြုန်းနေဖို့ မသင့်ဘူးလေ။ ငွေဆိုတာ မသုံးတတ်ရင် အမှောင်ဘက်ရောက်အောင် တွန်းပို့ပေးမယ့် အန္တရာယ်ရှိတဲ့အရာပါ။ မေမေတို့ပတ်ဝန်းကျင်မှာဆိုရင် မိဘက ချစ်လွန်းလို့အလိုလိုက်ထားပြီး ဆိုးသွမ်းနေတဲ့ လူငယ်လေးတွေ တွေ့နေရတယ်။ မူးယစ်ဆေးသုံးတာ၊ ငွေရှိတယ်ဆိုပြီးရမ်းကားတာ အဲလိုနဲ့ နောက်ဆုံး သူတို့လေးတွေရဲ့ အရည်အချင်းလေးတွေပျောက်ကွယ်ကုန်တော့တာပါပဲ။ လူငယ်ဆိုတာ တချိန်မှာ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်လာမယ့် လူ့စွမ်းအား အရင်းအမြစ်တွေလည်း ဖြစ်တာကြောင့် တိုင်းပြည်အတွက်ပါ အများကြီးနစ်နာရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီတော့ မေမေ သားကို မှာချင်တာက သုံးစရာရှိတာသုံးပါ၊ ဒါပေမဲ့ အပျော်အပါးမမက်ပါနဲ့။ အသုံးနဲ့ အဖြုန်းကို ခွဲခြားသိပါ။ အဲဒီလိုသိအောင်လည်း သားကို မေမေအခုကတည်းက အကျင့်လုပ်ပေးထားတယ်လေ။ သားဗိုက်ဆာလို့ မုန့်ပူဆာတိုင်း ဗိုက်ဝတဲ့မုန့်ကို မေမေဝယ်ကျွေးတယ်။ ဒါဟာ သုံးစရာရှိတာသုံးတာပဲလေ။ ဒါပေမဲ့ အရုပ်တွေတွေ့တဲ့အခါ သားပူဆာရင်တော့ မေမေခေါင်းခါခဲ့တာ သားမှတ်မိမှာပါ။ ဒါဟာ ဖြုန်းတာသက်သက်ပဲမို့ မေမေဝယ်မပေးတာပါ။

အရုပ်တစ်ရုပ်ကို သားကိုဝယ်ပေးလိုက်လို့ သားအဲဒီအရုပ်ကိုဆော့ရင် တစ်လလောက်ပဲ လိုလိုချင်ချင်ဆော့လိမ့်မယ်၊ နောက်ကျရင် သားနောက်အရုပ်တစ်ရုပ် ထပ်ပူဆာမှာပဲ။ အဲဒီအစားမေမေဘာလုပ်လဲ သားသိလား။ သားအရုပ်တစ်ရုပ်ပူဆာတိုင်း သားကိုမေမေဝယ်မပေးဘဲ အဲဒီအရုပ်တန်ဖိုးကို စုဘူးထဲထည့်ထားပေးတယ်။ သားကို အလည်အပတ်ခရီးတွေ လိုက်ပို့ဖို့ပေါ့။ ခရီးသွားလို့ရတဲ့ ပျော်စရာတွေ၊ အမှတ်တရတွေ၊ အတွေ့အကြုံတွေက တစ်သက်လုံးဘယ်တော့မှ ရိုးမသွားဘူး သားရဲ့။

အဲဒီလိုပဲ သားအရွယ်ရောက်လာတဲ့အခါကျရင်လည်း အပျော်အပါးအတွက် ကုန်ကျမယ့် ငွေတွေကို သားဘဝအတွက် အကျိုးရှိအောင် သင်တန်းတစ်ခုခု တက်လိုက်တာမျိုး၊ သားအရမ်းလိုချင်နေတဲ့ သားဝါသနာကို အထောက်အကူပြုမယ့် ပစ္စည်းတစ်ခုခု ဝယ်လိုက်တာမျိုးလုပ်ပါ။ ငွေစုတတ်အောင် အကျင့်လုပ်ပါ။ မိဘက တောင်းတိုင်းပေးတယ်ဆိုပြီး ငွေကို မဖြုန်းပါနဲ့။ လက်ဖြန့်တောင်းတိုင်း ပေးနိုင်အောင် မေမေတို့ဘယ်လို ပင်ပင်ပန်းပန်း ရှာဖွေခဲ့ရတယ်ဆိုတာကို သားမြင်ယောင်ကြည့်လိုက်ပါ။

သားဘဝမှာ လိုတာမရ၊ ရတာမလိုဖြစ်လာရင်လည်း သားထက်မြင့်တဲ့သူတွေကိုပဲကြည့်ပြီး ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်မနေပါနဲ့။ သားထက်နိမ့်ကျတဲ့သူတွေ၊ သားလောက်တောင် ကံမကောင်းတဲ့သူတွေ ရှိနေတာကို သတိရပါ။ ပြီးတော့ သားဘဝရဲ့ ကြိုးစားမှုတိုင်းကို “ငါ့မိဘ စိတ်ချမ်းသာဖို့အတွက်” ဆိုတဲ့ စိတ်လေးသွင်းပြီး ကြိုးစားပါ။ ဒါဆိုအောင်မြင်နိုင်မှာပါ။

မေမေမှာချင်တာတော့ ဒါပါပဲသား။ “အသုံး” နဲ့ “အဖြုန်း” ကိုနားလည်ပြီး အပျော်အပါးထက် ဘဝမြင့်မားရေးကိုပဲ ဦးစားပေးကြိုးစားတဲ့ သားလေးအဖြစ် မေမေမြင်ချင်တယ်ကွယ်။

သားရဲ့ မေမေ

သားရှင်မေမေတွေ ဒီစာစောင်လေးကို SHARE ဖို့ မမေ့နဲ့နော်။